သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီအားလုံး တန်းတူ အခွင့်အရေးပေးဖို့ NDF တောင်းဆို


၂၀၁၀ ရွေးကောက်ပွဲ ပိုအသက်ဝင် လှုပ်ရှားပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အားလုံးကို တန်းတူ အခွင့်အရေး ပေးဖို့နဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ တဆင့် လူထု မဲဆွယ်စည်းရုံးခွင့်ပြုဖို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် တတိယ အကြီးဆုံး ပါတီဖြစ်တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လခွဲသာ လိုတော့ပေမဲ့ NDF ပါတီက တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က အတည်မပြုရသေးတဲ့ အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အားလုံးကို လူထု မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်လို့ တန်းတူအခွင့်အရေး ပေးသင့်တယ်လို့ တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လခွဲသာ ကျန်တော့တဲ့ အချိန်မှာ တချို့ပါတီတွေ အနေနဲ့ လူထု မဲဆွယ်စည်းရုံးမှုတွေကို မစတင်နိုင်ကြသေးတာ ရှိသလို ဝေးလံတဲ့ နယ်စွန်နယ်ဖျားက ပြည်သူတွေဆီ သွားရောက် မဲဆွယ်စည်းရုံးဖို့ရာကလည်း အခက်အခဲတွေ ရှိတဲ့အတွက် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို ပါတီအားလုံးကို နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ တဆင့် မဲဆွယ်စည်းရုံးခွင့် ပေးသင့်တယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲ မဲဆွယ်မှုက တလအတွင်းဆိုတဲ့ အခါကြတော့ ဝေးလံတဲ့နေရာတွေ သွားဖို့၊ နောက်ပြီး အသက် ၂၀ ဝန်းကျင် လူငယ်တွေအဖို့က သိပ်ပြီးတော့ ရွေးကောက်ပွဲအကြောင်း မသိသလို ရွေးကောက်ပွဲမှာ ပါမယ့်လူတွေ အကြောင်းလည်း သိပ်ပြီး မသိကြဘူးဗျ။ မသိကြတော့ ဒီကိစ္စက သိပ်ကို အရေးကြီးတယ်ဗျ။ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက တပါတီချင်းအလိုက် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ၁၀ မိနစ်လောက် သွားပြီးတော့ မိမိတို့ သက်ဆိုင်ရာ ပါတီတွေရဲ့ မူဝါဒတွေကို ပြောခွင့်ပေးပါတယ်။

“အခုဟာ ပါတီတွေက နည်းသွားပြီဆိုတော့ နည်းတဲ့အလျောက် နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ အဲဒီလို ပြောခွင့်ရမယ်ဆိုရင် ပြည်သူတွေ အားလုံး တပြေးညီ သိခွင့်ရသွားပြီး ရွေးကောက်ပွဲဟာ ပိုပြီး အသက်ဝင် လှုပ်ရှားပြီး စိတ်မဝင်စားတဲ့ လူတွေသော်လည်းကောင်း၊ စိတ်ဝင်စားပြီး မသိခဲ့သော်လည်းကောင်း၊ မဲဆွယ်မှုကို နယ်စွန်နယ်ဖျားအထိ ကျနော်တို့က မသွားနိုင်တဲ့ ကိစ္စတွေမှာပါ နိုင်ငံပိုင် မီဒီယာက ပြောခွင့်ရခြင်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ နောက် ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ခွင့်ပြုပေးထားတာ ဖြစ်တဲ့အတွက်ကြောင့် အခုလည်းပဲ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရရှိခဲ့တဲ့ အခွင့်အရေးကို နိုင်ငံတော်က ပါတီတွေကို ပေးဖို့ အထူးပဲ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။”

NDF ပါတီဟာ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၁၆၄ ဦးရဲ့ အမည်စာရင်းကို တင်သွင်းထားပြီး ဖြစ်ပေမဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် အပတ်ထဲကျမှ ဒီစာရင်းကို စိစစ် အတည်ပြုပေးမှာ ဖြစ်တဲ့အတွက် အဲဒီအခါကျမှ ပါတီ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းတွေကိုလည်း လျှော့ပေါ့ပေးဖို့နဲ့ နယ်တွေမှာ မဲဆွယ်စည်းရုံးရေး ဆင်းတဲ့အခါ အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တခြားပါတီကြီးတွေ နည်းတူ အခွင့်အရေးရဖို့ လိုအပ်တယ်လို့လည်း ဦးခင်မောင်ဆွေက ပြောဆိုခဲ့ပါတယ်။

“ဥပမာ ချောက်မြို့နယ်က ကျေးရွာတခုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်ဝင်းမာထွန်းနဲ့ အငြိမ်းစားဗိုလ်မှူး အောင်ငြိမ်းတို့က ဦးသုဝဏ္ဏ ဘုန်းကြီးကျောင်းမှာ လာပြီး ကော်မရှင် ဥပဒေပါ အချက်တွေနဲ့ မကိုက်ညီစွာဘဲ မဲဆွယ်စည်းရုံးရေး ဆင်းသွားတယ်ဆိုပြီး ကျနော်တို့ဆီကို သတင်းပို့ထားတာ ရရှိပါတယ်။ အဲဒါမျိုးတွေကို လုပ်တဲ့လူတွေက လုပ်နေပြီး ကျနော်တို့လို ပုဂ္ဂိုလ်တွေက အဲဒီလို မလုပ်ရတဲ့အခါမှာ တန်းတူညီမျှတဲ့ အခွင့်အရေး မရဘူးဆိုရင်တော့ မဲဆွယ်တဲ့ ကိစ္စကလည်း အခက်အခဲတော့ ရှိကောင်း ရှိနိုင်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် ကျနော်တို့လည်း ကျေးရွာရောက်တဲ့အခါမှာ ခုနပြောတဲ့ ပါတီကြီးတွေများ နည်းတူ ခွင့်ပြုချက် ရမယ်ဆိုရင် ကော်မရှင် စည်းကမ်းကို လျှော့ပေါ့စဉ်းစားပြီး လုပ်ပေးဖို့ လိုပြီလို့ ထင်ပါတယ်။”

နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ခဲ့သလို အခုနောက်ဆုံး ရွေးကောက်ပွဲကိုပါ သပိတ်မှောက်ဖို့အထိ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေ အနေနဲ့လည်း မိမိတို့ ဆန္ဒအတိုင်း မဲမပေးလိုရင် မပေးဘဲ နေနိုင်တဲ့ အခွင့်အရေး ရှိတဲ့အကြောင်းနဲ့ NLD ကိုမှ မဲထည့်ချင်တဲ့ ပြည်သူတွေ အနေနဲ့လည်း မဲမပေးဘဲ နေကြဖို့ကို တိုက်တွန်းခဲ့ပါတယ်။

NDF ပါတီကတော့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် NLD ကနေ ခွဲထွက်ခဲ့တဲ့ ပါတီတခုပါ။ သူ့ပါတီ မဲဆွယ်စည်းရုံးရေး အတွက် ပါတီ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်လို့လည်း ဦးခင်မောင်ဆွေက အခုလို ဆက်ပြောပြခဲ့ပါတယ်။

“ကျနော်တို့လည်း ဂျာနယ်ထုတ်ဖို့ တာစူနေတာ တလလောက် ရှိပြီဗျ။ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ရေးရာဇဝင်တွေပေါ့၊ အဲဒါတွေကို ကျနော်တို့က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ သို့မဟုတ် ခမောက်ပါတီပေါ့၊ ပါတီရဲ့ သင်္ကေတက ခမောက်ဖြစ်မယ်၊ ပါတီရဲ့ အမှတ်တံဆိပ်ကလည်း ခမောက်ဖြစ်မယ်ဆိုတော့ ခမောက်တံဆိပ်နဲ့ ကိုယ်စားလှယ်လောင်းများရဲ့ ကိုယ်ရေးရာဇဝင်တွေကို ပြည်သူကြားထဲကို Pamphlet တွေ ရောက်နိုင်သမျှ ရောက်အောင် ဝေငှပြီးတော့ စည်းရုံးရေးလုပ်ရမှာ ပထမဦးဆုံး အရေးကြီးတဲ့အချက် ဖြစ်နေပါတယ်။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောသွားတာ ဖြစ်ပါတယ်။

NDF ပါတီဟာ လက်ရှိမှာ ကိုယ်စားလှယ်လောင်း ၁၆၄ ဦး အမည်တင်သွင်းထားတဲ့ တတိယ အကြီးဆုံး ပါတီတခု ဖြစ်ပါတယ်။ အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်နဲ့ အကြီးဆုံးပါတီဖြစ်ပြီး ဒုတိယက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဖြစ်တဲ့ တစည ဖြစ်ပါတယ်။ အဲဒီပါတီကတော့ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် ရှိပါတယ်။

XS
SM
MD
LG