သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ ဒီမိုကရေစီ အပြောင်းအလဲ လမ်းစအဖြစ် NDF ရှုမြင်


NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း။ စက်တင်ဘာ ၂၇၊ ၂၀၁၀။
NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း။ စက်တင်ဘာ ၂၇၊ ၂၀၁၀။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် လမ်းစပဲလို့ ပြောလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကိုးကားဖော်ပြနေပါတယ်။ စစ်အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေပြီး ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေရဲ့ မူဝါဒ သဘောထားတွေကို ထုတ်လွှင့်ခဲ့တဲ့အထဲမှာ NDF ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ထည့်ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ့် မြန်မာပြည်က ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဒီမိုကရေစီ အပြောင်းအလဲအတွက် လမ်းစပဲလို့ ပြောရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ရှင်းပြပါတယ်။

“ဒီမိုကရေစီ သွားတဲ့လမ်းကြောင်းမှာ ရွေးကောက်ပွဲဆိုတာ မလွဲမသွေ ဖြတ်သန်းရမယ့် ကိစ္စတွေပဲဗျာ။ ရွေးကောက်ပွဲ ဆိုတာကတော့ အမျိုးမျိုး ရှိမှာပေါ့။ တရားမျှတတာ ရှိမယ်၊ တရားမမျှတတာ ရှိမယ်၊ မမျှတမျှလေးလည်း ရှိရင် ရှိမယ်ပေါ့။ ဒါကတော့ ကျနော်တို့ သစ်သီးများလိုပေါ့ဗျာ၊ နုရာက တဖြည်းဖြည်းရင့်၊ ရင့်ရာက တဖြည်းဖြည်း မှဲ့ကြတဲ့ သဘောပါပဲ။ ဒါတွေက သဘာဝပါပဲ။ အဲတော့ အနှစ် ၂၀ ပေါ့ဗျာ၊ ရွေးကောက်ပွဲဆိုတာနဲ့ ကျနော်တို့ ကင်းဝေးနေခဲ့တယ်။

“ပြည်သူတွေဆိုရင် ရွေးကောက်ပွဲ သဘောသဘာဝ၊ ဒီမိုကရေစီရဲ့ သဘောသဘာဝက တော်တော့ကို ကင်းဝေးကုန်တယ်ပေါ့ဗျာ။ ၉၀ ခုနှစ်တုန်းကဆိုရင် သိလိုက်ကြတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ တချို့ဆိုရင် မရှိတော့ဘူး။ တချို့ကျတော့လည်း နောက်မှ မွေးလာတော့ ဒီအကြောင်းကို မသိကြတော့ဘူး။ အခု ဒီရွေးကောက်ပွဲ ဖြစ်လာတာဟာ ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်း၊ Democratic Process တခုပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ကျော်ဖြတ်တာပါပဲ။ အဲဒါမျိုးကို မကျော်ဖြတ်ချင်လို့တော့ဖြင့် ဒီမိုကရေစီ ဆိုတာကို မရောက်ဘူးလို့ ကျနော်တို့ကတော့ အဲဒီလို ယူဆတာပါ။”

NDF ပါတီရဲ့ မူဝါဒတွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ဖို့ တင်ပြတဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင်က မကြိုက်တာတွေရှိလို့ ဖြုတ်ပေးခဲ့ရတာတွေ ကြုံခဲ့ရတယ်လို့ ဒေါက်တာသန်းငြိမ်းက ဆက်ပြီး ရှင်းပြပါတယ်။

“ကျနော်တို့လည်း တင်တဲ့ဥစ္စာက အဖြတ်ခံရပါတယ်။ သုံးလေးပိုဒ်လောက်ပေါ့။ ကျနော်တို့ရှေ့မှာ ပြောသွားတဲ့လူတွေကို ကျနော်တို့လည်း စုံစမ်းတာပေါ့ဗျာ။ စုံစမ်းတော့ ဘယ်လိုအချက်တွေ၊ ဘယ်လိုအချက်တွေ ဆိုရင်တော့ သူတို့ ပယ်တယ်၊ ဖြတ်တယ် ဆိုတာကို ကျနော်တို့လည်း လေ့လာကြည့်တာပေါ့။ ဒါပေမဲ့လည်း ကျနော်တို့ ပြောသင့် ပြောထိုက်တာတော့လည်း ထည့်တော့ ထည့်ကြည့်တာပေါ့ဗျာ။ ထည့်တဲ့အတွက်ကြောင့်လည်း သူတို့ ဖြတ်ပါတယ်။”

ဒေါက်တာသန်းငြိမ်း အပါအဝင် NDF ပါတီကို ထူထောင်ခဲ့ကြတဲ့ သူတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခွဲထွက်လာခဲ့ကြတဲ့ သူတွေပါ။ အခုကျင်းပမယ့် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က အနိုင်ရခဲ့တဲ့ NLD ပါတီက မဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပေမဲ့လည်း ဒေါက်တာသန်းငြိမ်းတို့ကတော့ ရွေးကောက်ပွဲကနေ တဆင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစပွင့်လိမ့်မယ်လို့ ယူဆပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့ကြတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့လောက် အင်အားမကောင်းဘူးလို့ ဆိုပေမဲ့လည်း မကြာခင်ကမှ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ရကြတဲ့ အထဲမှာတော့ NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်နဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမှာဖြစ်လို့ အင်အားမသေးတဲ့ ပါတီလို့ ဆိုရမှာပါ။ သူတို့ပါတီကို NLD ပါတီဝင် တော်တော်များများက မကြိုက်ကြဘူး ဆိုပေမဲ့လည်း လောလောဆယ် သူတို့ကို ထောက်ခံအားပေးကြတဲ့ သူတွေထဲမှာ NLD ပါတီဝင်ဟောင်းတွေ ပါဝင်ကြသလို ပညာတတ် လူငယ်တွေလည်း ပါဝင်နေပြီး တခြား နိုင်ငံရေးပါတီ တချို့နဲ့လည်း NDF က နိုင်ငံရေး မိတ်ဆွေတွေအဖြစ် ဖွဲ့စည်းပြီး ရွေးကောက်ပွဲကို ဝင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG