သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲပြဿနာ ကော်မရှင် ရှင်းမပေးရင် ရလဒ်ကို NDF အသိအမှတ် ပြုမည်မဟုတ်


ကြိုတင်မဲပြဿနာ ကော်မရှင် ရှင်းမပေးရင် ရလဒ်ကို NDF အသိအမှတ် ပြုမည်မဟုတ်
ကြိုတင်မဲပြဿနာ ကော်မရှင် ရှင်းမပေးရင် ရလဒ်ကို NDF အသိအမှတ် ပြုမည်မဟုတ်

မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲနောက်ပိုင်း မဲရေတွက်တဲ့ နေရာမှာ ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ် တော်တော်များများမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက အပြတ်အသတ် အသာစီးရနေပေမဲ့ နောက်မှ ရုတ်တရက် အလုံးအရင်းနဲ့ ရောက်လာတဲ့ ကြိုတင်မဲတွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲတွေ ဖြစ်နေတဲ့အတွက် ဒီကနေ့မှာတော့ အနိုင်အရှုံး ရလဒ်တွေ ပြောင်းပြန်ဖြစ်ကုန်တယ်လို့ NDF ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ကြိုတင်မဲ ကိစ္စတွေကို ရွေးကောက်ပွဲ ကော်မရှင်က မဖြေရှင်းပေးဘူးဆိုရင် သူတို့အနေနဲ့ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းကို လက်မှတ်ထိုး အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မဲရေတွက်တဲ့ နေရာတွေမှာ NDF ပါတီတင် မကပါဘူး၊ တခြား ဒီမိုကရေစီ ပါတီတွေက မဲအသာစီး ရနေပေမဲ့ မြွေရေခွံအိတ်နဲ့ ထည့်ထားတဲ့ ကြိုတင်မဲတွေ ထောင်နဲ့ချီ ရောက်လာပြီး အဲဒီမဲတွေ အားလုံးနီးပါးဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မဲတွေ ဖြစ်တယ်ဆိုပြီး ပေါင်းထည့်လိုက်တဲ့အတွက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရကုန်တယ်လို့ မနေ့က ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီတွေက ပြောပါတယ်။

မနေ့ညက မဲတွေရေနေတဲ့အထိ အနည်းဆုံး သူတို့ပါတီက ရန်ကုန်တိုင်းအတွင်းမှာ ၁၈ နေရာလောက် အနိုင်ရနေရာက ဒီကနေ့ မနက်မှာတော့ အဲဒီအဖြေတွေ ပြောင်းပြန်ဖြစ်ပြီး မဲရေတွက်မှု အရှုပ်အရှင်းတွေ ဖြစ်နေတဲ့အတွက် မဲရေတာတွေကို လောလောဆယ် ရပ်ထားတဲ့အကြောင်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“အခြေအနေကတော့ ဘာမှကို သေသေချာချာ မသိတော့ဘူးဗျ။ မနေ့ညက ရေတွက်တာ ကြည့်တော့ ရန်ကုန်မှာ ၁၈ နေရာလောက် ရတယ်။ ဒီမနက်ကျတော့ အဲဒီဟာတွေက မဟုတ်ပြန်ဘူးဗျ။ ကြိုတင်မဲတွေက မဲရေပြီးတော့မှ ကြိုတင်မဲတွေ ရောက်ရောက်လာပြီးတော့ တထောင်လိုရင် တထောင်ဖြည့်၊ နှစ်ထောင်လိုရင် နှစ်ထောင်ဖြည့် အဲဒီလို ဖြည့်နေတော့ အကုန်လုံးက ပြန်ပြီးတော့ အရှုံးအနိုင်တွေက မသဲကွဲတော့ဘူးဗျ။ အဲတော့ နောက်ဆုံးသတင်း ကြားတာတော့ မဲရေတွက်တာကို ရပ်ပြီးတော့ ကော်မရှင်ကြီးကပဲ နောက်ဆုံး Result ကို ထုတ်ပြန်မယ်ဆိုတဲ့ သတင်းတော့ ရောက်လာတယ်ဗျ။”

နေပြည်တော်ကနေပြီးတော့ပေါ့။

“ဟုတ်ပါတယ်။”

အဲဒါ ဘယ်နေ့ထုတ်ပြန်မှာလဲ အန်ကယ်။

“အဲဒါ မပြောထားဘူးဗျ။ လောလောဆယ် ကိုယ်စားလှယ်တွေကို မဲရေတွက်တာတွေ ရပ်ထားတယ်။ ရပ်ထားပြီးတော့ မြို့နယ်တွေမှာ ရှိနေတဲ့ မဲစာရင်းတွေကို နေပြည်တော်ကို ပို့မယ်လို့ သတင်းကြားတယ်ဗျ။”

ဆိုတော့ ဒီကိစ္စတွေက ကော်မရှင်လူကြီးတွေ ကိုယ်တိုင် ဆုံးဖြတ်မှရမယ့် ကိစ္စမို့လို့လား အန်ကယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက စည်းကမ်းတွေက ချမှတ်ပြီးသားကိုး။

“ဟုတ်တယ်၊ ဘယ်လိုဖြစ်ကုန်လဲဆိုတော့ ပြည်သူလူထုကတော့ ကျနော်တို့ပါတီကို မဲပေးပြီး အနိုင်ရအောင် လုပ်လိုက်တာပဲဗျ။ ဒါပေမဲ့ အနိုင်ရအောင် မဲတွေ အများကြီးပေးပြီးတော့ ရှေ့မှာ ၂,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀၊ ၆,၀၀၀၊ ရှေ့ကနေ ပြေးပြီးတော့ ရနေတယ်ဗျာ။ ဒါပေမဲ့ တကယ့် မဲအဆုံးအဖြတ်ကိုတော့ ကော်မရှင်ကပဲ ဆုံးဖြတ်မယ့် သဘောမျိုး ဖြစ်သွားပြီဗျ။ အဲတော့ ကျနော်တို့ ဘာမှ မသိနိုင်တော့ဘူးလေ။”

ဆိုလိုချင်တာက အန်ကယ်တို့ ပါတီအတွက် ပြည်သူလူထု ပေးထားတဲ့ မဲတွေက အလဟသ ဖြစ်ကုန်တယ်ဆိုတဲ့ သဘောလား။

“ဟုတ်တယ်။ အခုထိကတော့ အဲဒီလိုပဲ ပြောရမလား မသိဘူး။ ကျနော်တို့က Clear Result ဆိုတာ မရဘူးလေ။ အခုပဲ နိုင်လိုက်၊ အခုပဲ ရှုံးလိုက်၊ အမျိုးမျိုး ကောလာဟာလတွေ ထွက်နေတယ်။ ထွက်နေတော့ ကျနော်တို့ကိုယ်တိုင်လည်း ကော်မရှင်ကို သွားပြီးတော့ မေးလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူးဗျ။ မရတော့ အခု ကျနော်တို့ ဒါတွေကို စောင့်ကြည့်နေတုန်းပဲ ရှိသေးတယ်။ ဘာလုပ်ပေးမယ် ဆိုတာကို။ အဲတော့ မပြီးဆုံးသေးတဲ့ မြို့နယ်တွေမှာ မဲရေတွက်မှုကို ရပ်ပြီးတော့ ကော်မရှင်က သူတို့ တာဝန်ယူမယ့်သဘော ရှိနေတယ်ဗျ။”

စောစောက အန်ကယ်ပြောပုံအရဆိုရင် အန်ကယ်တို့ဘက်က ၂,၀၀၀၊ ၃,၀၀၀ သာနေလည်း နောက်ထပ် ကြိုတင်မဲတွေက ၁,၀၀၀ ရောက်လာလိုက်၊ ၂,၀၀၀ ရောက်လာလိုက်၊ ထပ်ထပ်ပြီး ရောက်လာတယ်ဆိုတော့ သူတို့က ကြိုတင်မဲတွေကို အခုပုံစံအတိုင်းဆိုရင် လိုရင်လိုသလို ထုတ်သုံးနေတဲ့၊ လိုသလောက် အရေအတွက်ကို ထုတ်ယူလာတဲ့သဘော ဖြစ်နေသလားမသိဘူး။

“ဟုတ်ပါတယ်၊ သူတို့က ကြိုတင်မဲတွေကို အဆင်သင့် မြွေရေခွံအိတ်နဲ့ ထည့်ထားတာလေ။ လိုရင် အိတ်လိုက်ယူလာပြီး ချပေးပြီးတော့ ဖွင့်လိုက်ရင် အကုန် ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေပဲ နိုင်နေတာပဲလေ။ အဲဒါမျိုး လုပ်တဲ့ဟာတွေက နေရာတိုင်းမှာလို ဖြစ်နေတယ်။ ကျနော်တို့ကလည်း အဲဒီလို ကြိုတင်မဲတွေကြောင့် ပြည်သူလူထု မဲရုံမှာ ပေးထားတဲ့ဟာကို ကမောက်ကမ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်မဲတွေကို ဘယ်ပုံဘယ်နည်းနဲ့ ပေးတယ်ဆိုတာကို သိခွင့်ပေးပါ၊ ရှင်းပေးပါ၊ ကြိုတင်မဲတွေကို ရှင်းမပေးရင် ရွေးကောက်ပွဲ အနိုင်အရှုံးလက်မှတ်မှာ လက်မှတ်ထိုးမပေးနိုင်ပါဘူးလို့ ကျနော်တို့က ကော်မရှင်တွေကို ပြောထားပါတယ်။

“အဲဒါကြောင့်မို့ပဲ သူတို့က ရှောင်တိမ်းပြီးတော့ ကော်မရှင်ကြီးကပဲ ရွေးကောက်ပွဲ အရှုံးအနိုင်ကို ထုတ်ပြန်တော့မယ့် သဘောလား မသိပါဘူးဗျာ။ ဘာမှန်းကို မသိတော့တာ။”

ဆိုတော့ အခုလောလောဆယ် အရကတော့ အန်ကယ်တို့ သိထားရသလောက် အန်ကယ်တို့ဘက်က ဘယ်လောက် ရထားပါသလဲ။

“တိတိပပ ပြောရရင် ကျနော်နေတဲ့ စမ်းချောင်းမှာတော့ ညက ၃ နာရီခွဲမှာမှ အဖြေထွက်တယ်။ အဲဒါက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းထွန်းတို့ကတော့ အနိုင်ရသွားတယ်လို့ ပြောရမှာပေါ့ဗျာ။”

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က ညနေ ၄ နာရီမှာ မဲရုံတွေပိတ်ပြီး မဲတွေ ချက်ချင်းရေခဲ့ပေမဲ့ ဒီကနေ့ညနေ အသံလွှင့်ခါနီးအထိ တချို့နေရာတွေမှာ မဲတွေကို ဆက်ရေနေတုန်းပဲလို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရသူစာရင်းကို ဘယ်အချိန်မှာ ကြေညာမယ်ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က အခုချိန်ထိ ကြိုတင် ပြောဆိုထားတာ မရှိသေးပါဘူး။

XS
SM
MD
LG