သုံးရလွယ်ကူစေသည့် Link များ

ရွေးကောက်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ NDI တိုက်တွန်း


ရွေးကောက်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ NDI တိုက်တွန်း
ရွေးကောက်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ NDI တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘူး ဆိုတာတောင်မှ ရွေးကောက်ပွဲ ဖြစ်စဉ်ကို မျက်ခြည်မပြတ် စောင့်ကြည့် ဝေဖန်နေဖို့ လိုတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တခုက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သဘောထားဟာလည်း ဒီသဘောပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

The National Democratic Institute (NDI) အဖွဲ့ကြီးဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကစလို့ နိုင်ငံအရပ်ရပ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို လေ့လာသုံးသပ် သုတေသန ပြုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၀ မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေရဲ့ အနိမ့်ဆုံး အခြေအနေကိုတောင်မှ မမီဘူးလို့ NDI က တလောကပဲ အစီရင်ခံစာ ထုတ်ပြန် ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မှု ရှိမှာမဟုတ်ဘူးလို့ ကောက်ချက်ဆွဲတဲ့အပြင် ရွေးကောက်ပွဲကို လေ့လာဖို့ သူတို့ကို ဖိတ်ကြားမှု ရှိခဲ့ရင်တောင် သွားရောက်လေ့လာမှာ မဟုတ်ဘူးလို့ NDI က ပြောခဲ့ပါတယ်။

အခု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲကို မထောက်ခံဘူး၊ မပါဝင်ဘူး ဆိုတာတောင် လူထုအနေနဲ့ လျစ်လျူပြုတာမျိုး မလုပ်ဖို့ တိုက်တွန်းတဲ့အပေါ် သူတို့အမြင်ကို မေးကြည့်တော့ NDI အဖွဲ့ရဲ့ အကြီးတန်း သုတေသီတဦးဖြစ်တဲ့ မက်သရူး ဖရူမင် (Matthew Frumin) က သူတို့နဲ့ တသဘောတည်းပါပဲလို့ တုံ့ပြန်ပါတယ်။

“ကျနော်တို့ အမြင်က ဒေါ်အောင်ဆန်းစုကြည် အမြင်မျိုးပါပဲ။ ဒီရွေးကောက်ပွဲဟာ အခြေခံအားဖြင့် အားနည်းချက်တွေ ရှိပြီးသားပါ။ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ် ဆိုတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်လာတာပါ။ စစ်အစိုးရက အတိုက်အခံတွေကို ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးပါဘူး။ ဒီရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေက ပါတီတရပ်အတွက်ပဲ အခွင့်အလမ်းတွေ ပေးထားပါတယ်။

“ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ၊ ဥပဒေ စည်းမျဉ်းတွေကို ကြီးကြီးမားမား အပြောင်းအလဲ မလုပ်ဘဲနဲ့တော့ ဒီရွေးကောက်ပွဲက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်လာမှာ မဟုတ်ပါဘူး။ တဘက်မှာတော့ ဒါကြောင့် ဒီရွေးကောက်ပွဲကြီးကို လုံး၀ မျက်နှာလွဲှပစ်လိုက်လို့ မရပါဘူး။ ဘာတွေဖြစ်နေသလဲ၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ သမိုင်းမှတ်တမ်းရှိဖို့ ရွေးကောက်ပွဲကြီးကို စောင့်ကြည့်ရပါလိမ့်မယ်။”

အထူးသဖြင့်တော့ ဒီလို စောင့်ကြည့်နေခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ဘယ်လို မတရားမှုတွေ ရှိမလဲဆိုတာ ကမ္ဘာက သိနိုင်မှာ ဖြစ်တယ်လို့ အရင် ဆန္ဒခံယူပွဲ အခြေအနေတုန်းက အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး မက်သရူး ဖရူမင်က ပြောပါတယ်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းကလည်း အလားတူ ကြုံခဲ့ကြဖူးပါတယ်။ နာဂစ် မုန်တိုင်းဒဏ် ခံနေရတဲ့ အချိန်မှာ လုပ်တာဖြစ်သလို ဖွဲ့စည်းပုံထဲ ဘယ်လို အကြောင်းအရာတွေ ပါသလဲဆိုတာ လူတွေ နားလည်ဖို့ အခွင့်အလမ်း အချိန်ကလည်း နည်းတာကြောင့် ဒီဆန္ဒခံယူပွဲကို ထောက်ခံမှု မရှိကြပါဘူး။ ဒါပေမဲ့လည်း လူအတော်များများက သတ္တိရှိစွာပဲ ဒီဆန္ဒခံယူပွဲမှာ ဘယ်လို မတရားမှုတွေ ရှိတယ်၊ ဘယ်လိုတွေ ဖြစ်သလဲဆိုတာ စောင့်ကြည့်ပြီး ကမ္ဘာကို အသိပေးခဲ့ပါတယ်။ ဒီဆန္ဒခံယူပွဲက ဘယ်လိုပြဿနာမျိုး ရှိတယ် ဆိုတာကို ဒီသတင်း အချက်အလက်တွေကြောင့်သာ သိရှိလာကြရပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခြင်း မရှိအောင် ကန့်သတ်ထားတာမို့ ဒီရွေးကောက်ပွဲဟာ အများက လက်ခံယုံကြည်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာကရော ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေကပါ ဝေဖန်ကြပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ဖို့ NLD အပါအဝင် ဒီမိုကရေစီ အင်အားစု အများစုက တိုက်တွန်းကြပါတယ်။

မက်သရူး ဖရူမင်ကတော့ ရွေးကောက်ပွဲကို မထောက်ခံရင်တောင်မှ စောင့်ကြည့် ဝေဖန်ဖို့ ဒေါ်အောင်ဆန်းစုကြည် စကားဟာ လက်တွေ့ကျတယ်လို့ ယူဆပါတယ်။

“NLD က တိုက်တွန်းထားတဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ဖို့နဲ့ ကွဲလွဲနေတယ်လို့ မထင်ပါဘူး။ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြောနေတာမှ မဟုတ်တာ။ သူပြောတာလည်း တိုက်ရိုက်ကြားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော့်အထင့်တော့ သူပြောတဲ့ အဓိက အချက်က ဒီရွေးကောက်ပွဲမှာ အားနည်း ချို့ယွင်းချက်တွေ ရှိတယ်၊ မထောက်ခံဘူး ဆိုတာတောင်မှ လူတွေက ဒီရွေးကောက်ပွဲကို စောင့်ကြည့်သွားရမယ် ဆိုတာပါ။

“ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြောကြဆိုကြဖို့ လိုပါတယ်။ စနစ်တကျ ဝေဖန်သုံးသပ်ဖို့ လိုပါတယ်။ စောင့်ကြည့်မနေဘူးဆိုရင် ဘယ်လုပ်နိုင်မလဲ။ အခုလို စောင့်ကြည့်တာကြောင့်တော့ ဒီရွေးကောက်ပွဲကို ထောက်ခံတယ်လို့ မပြောနိုင်ပါဘူး။”

NDI အဖွဲ့ရဲ့ အကြီးတန်း သုတေသီ မက်သရူး ဖရူမင်ရဲ့ အမြင် ဖြစ်ပါတယ်။ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကတော့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တဖွဲ့ စေလွှတ်ခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို မေတ္တာရပ်ခံထားပါတယ်။ ဒါပေမဲ့ စစ်အစိုးရကတော့ အခုအချိန်အထိ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို ဝင်ခွင့်ပြုမယ့် အလားအလာ မရှိတဲ့အပြင် ရွေးကောက်ပွဲကာလ ပြည်ဝင်ခွင့် ဗီဇာတွေကိုတောင် ကန့်သတ်ဖို့ ပြင်ဆင်နေပါတယ်။

XS
SM
MD
LG