သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ထောက်ခံသူတွေ မဲပေးရမယ့်သူ မရှိ


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်မပြိုင်တဲ့အတွက် NLD ကို မဲပေးချင်သူတွေ မဲမပေးကြပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ NLD ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လူထုကိုလည်း တိုက်တွန်းထားတော့ အခြေအနေကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ ပြည်သူလူထုအကြား မေးခွန်းတွေ ဖြစ်နေပြီး ကြံ့ဖွံ့ပါတီကလည်း အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံ သုံးပြီး လုပ်ဆောင်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက NLD ကို မဲပေးချင်သူတွေ မဲမပေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“NLD ကိုပဲ မဲပေးချင်တယ်၊ NLD မဝင်လို့ ဘာလုပ်ရမှန်း မသိဘူးလို့ ပြောတဲ့မေးခွန်းတွေ ရှိတယ်။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD ကိုပဲ ပေးချင်တယ်၊ NLD မရှိရင် မပေးနဲ့ပေါ့တဲ့၊ အဲဒီလို ဖြေကြားပါတယ်။ နောက်တခုက အခုရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေက တရားမျှတမှု မရှိဘူး။ ဒါပေမဲ့ အဲဒီ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေကိုတောင် လိုက်နာရဲ့လား စောင့်ကြည့်ရမယ်။ မလိုက်နာဘူး ဆိုရင်တော့ ဒါဟာ မင်းမဲ့စရိုက်ပဲလို့ ဒေါ်စုက ပြောပါတယ်။ အဖွဲ့ချုပ်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ယုံကြည်ချက် ၃ ခုပေါ် ဆက်လက်ကိုင်စွဲပြီးတော့ နိုင်ငံရေး လုပ်သွားမယ်ဆိုတာ ပြောပါတယ်။”

NLD ဟာ မကြာသေးခင်က ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ် ဆိုတာနဲ့ သပိတ်မှောက်ရင်လည်း ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လိုကြောင်း ပြောတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“သူ သဘောတူတယ်လို့ ပြောပါတယ်၊ မနေ့က။ အသေးစိတ်တော့ မပြောဘူး။ ဒီဥစ္စာက မတ်လ ၂၉ ရက်နေ့ကတည်းက NLD ဆုံးဖြတ်ပြီးသား အချက်ပဲ။ အသုံးအနှုံးသာ ဒီစကား မသုံးတာ၊ အတူတူပဲ။ သူ သဘောတူတယ်တဲ့၊ ရွေးကောက်ပွဲကို လျစ်လျူရှုလို့ မရဘူး၊ ကြည့်ရမယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာ မှန်တယ်၊ သို့သော် အဲဒီ တရားမျှတမှု မရှိတဲ့ ဥပဒေနဲ့အညီ လုပ်လား၊ မလုပ်သလား၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်သလား၊ မကျူးလွန်ဘူးလား၊ ဒါတွေကို စောင့်ကြည့်ရမယ်တဲ့။ ကျူးလွန်တာ တွေ့ရင်လည်း ဥပဒေနဲ့အညီပဲ ရဲစခန်း အကြောင်းကြားရမယ်လို့ ဆွေးနွေး ပြောကြားပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အချိန်တိုလေး အတွင်းမှာ ကြေညာတာ မတရားကြောင်း၊ ဒါ ပြည်သူတွေကို မလေးမစား လုပ်ခြင်းလို့ မြင်ကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ မိမိဆန္ဒ ထုတ်ဖော်ခွင့် မရတာကလည်း တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြသွားပါတယ်။

XS
SM
MD
LG