သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ တဖက်သတ် နိုင်ထက်စီးနင်းပြုဟု သမ္မတ အိုဘားမား အိန္ဒိယလွှတ်တော်မှာ ဝေဖန်


သမ္မတ အိုဘားမား အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်းပြောကြားနေစဉ်။ နိုဝင်ဘာ ၈၊ ၂၀၁၀။
သမ္မတ အိုဘားမား အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်းပြောကြားနေစဉ်။ နိုဝင်ဘာ ၈၊ ၂၀၁၀။

ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက လိုလား တောင်းဆိုခဲ့တဲ့အတိုင်း ဖြစ်မလာတဲ့အပေါ် နိုင်ငံတကာ အစိုးရတွေကတော့ စိတ်ပျက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ရွေးကောက်ပွဲအပြီး တိုးတက် ဖြစ်ထွန်းမှုတွေကိုတော့ နိုင်ငံတကာ အစိုးရတွေက ဆက်ပြီး စောင့်ကြည့်နေကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို နိုင်ငံတကာက မြန်မာအစိုးရကို တောင်းဆိုခဲ့တာတွေ ရှိပေမဲ့ ဘာတခုမှ ဖြစ်မလာတဲ့အပေါ် နိုင်ငံတကာ အစိုးရ အတော်များများက စိတ်ပျက်ခဲ့ကြတာပါ။ အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ဘဲ ရွေးကောက်ပွဲကို တဖက်သတ် လုပ်ခဲ့တဲ့အပေါ် စိတ်ပျက်ရတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ တာကေးရှီ မာစုနာဂက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဂျပန် မဲခေါင် ထိပ်သီး အစည်းအဝေးမှာရော၊ ဂျပန် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာပါ မြန်မာနိုင်ငံတွင်း လွတ်လပ်မျှတပြီး အားလုံး ပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ မြန်မာအစိုးရကို ဂျပန်နိုင်ငံက အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။ အဲဒီအခြေခံ အပေါ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ ဂျပန်အစိုးရက တောင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေဟာ ရွေးကောက်ပွဲမှာ မျှော်လင့်သလို ဖြစ်မလာခဲ့တာ အတော်ကြီး စိတ်ပျက်ရပါတယ်။”

ဒါပေမဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ထွန်း တိုးတက်မှုတွေကိုတော့ တာဝန်ခံမှုရှိတဲ့ အရပ်ဘက် ဒီမိုကရေစီ အစိုးရစနစ်တရပ် ပေါ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်သွားဦးမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ရောက်နေတဲ့ သမ္မတ အိုဘားမားကတော့ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲဟာ သူတို့လိုချင်တဲ့ ပုံအတိုင်း ဖြစ်အောင် တဖက်သတ် နိုင်ထက်စီးနင်းလုပ်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ပြီး လက်ခံလို့ မရဘူးလို့ အိန္ဒိယ ပါလီမန်မှာ ပြောတဲ့ မိန့်ခွန်းတခုမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ခံရမယ်ဆိုရင် ဒီမိုကရေစီ တိုင်းပြည်တွေက ဆိတ်ဆိတ်နေလို့ မဖြစ်ပါဘူး။ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆယ်စုနှစ်နဲ့ချီ ထောင်သွင်း အကျဉ်းချထားတာတွေကို လက်ခံလို့ မရပါဘူး။ လူထုတရပ်လုံးရဲ့ စိတ်ဆန္ဒတွေကို လောဘဇောတိုက်ပြီး အရာရာအပေါ် သံသယကြီးတဲ့၊ ကျင့်ဝတ်မဲ့တဲ့ အစိုးရတရပ်က ထိန်းချုပ်ထားတာမျိုး လက်ခံလို့ မရပါဘူး။ မြန်မာအစိုးရကနေ ရွေးကောက်ပွဲကို နိုင်ထက်စီးနင်း တဖက်သတ် ထပ်လုပ်တာမျိုးကို လက်ခံလို့ မရပါဘူး။”

ဥရောပသမဂ္ဂရဲ့ ကိုယ်စား ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်ရတဲ့ နိုင်ငံရေး ဗဟုဝါဒကို စတင် ဦးတည်နိုင်တဲ့ အခွင့်အလမ်း ရှိခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ ဒီမိုကရေစီနိုင်ငံ ဦးတည်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာခဲ့ဘူးလို့ ဝေဖန်တဲ့ ကြေညာချက် ထုတ်ပါတယ်။

EU အနေနဲ့ကတော့ ရွေးကောက်ပွဲအလွန် ပါလီမန်သစ်နဲ့ အစိုးရသစ်ဟာ မြန်မာလူထုရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားမလား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို ဦးတည်သွားနိုင်မလား ဆိုတာကို စောင့်ကြည့်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) တို့နှစ်ဦး ဒီကနေ့ တွေ့ဆုံစဉ် ကမ္ဘာ့အရေးအရာ ကိစ္စတွေ ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ကင်းမဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးနှစ်ဦးရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာ အတိအကျ သိနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ မျှတမှု ကင်းမဲ့နေပါတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြတာ ရှိပါတယ်။ အဲတော့ အဲဒီ ရွေးကောက်ပွဲကနေ ဘယ်လို၊ ဘာတွေဖြစ်လာမလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ အစိုးရက လုပ်ဆောင်နေတာထက် ပိုပြီး အခွင့်အလမ်းတွေ ရသင့် ရထိုက်ပါတယ်။”

မြန်မာအစိုးရ စီစဉ်ပေးမှုနဲ့ ရွေးကောက်ပွဲတွေကို သွားရောက် လေ့လာခဲ့ကြတဲ့ အာဆီယံတိုင်းပြည် အတော်များများကတော့ အခုအချိန်အထိ နှုတ်ဆိတ်နေပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတ်နိတန်ကတော့ ရန်ကုန်သံရုံးကပို့မယ့် သတင်း အချက်အလက်တွေကို စောင့်ဆိုင်းပြီးမှ သူတို့သဘောထားကို ထုတ်ပြန်နိုင်မယ်လို့ ပြောပါတယ်။

“အစိုးရဘက်က ဖိတ်ကြားတာကြောင့် မြန်မာနိုင်ငံတဝန်းက ရွေးကောက်ပွဲတွေကို လေ့လာကြည့်ရှုဖို့ ထိုင်းသံတမန် ၅ ဦးပါ အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ဒီတော့ ရန်ကုန်မှာရှိတဲ့ ကျနော်တို့သံရုံးက အစီရင်ခံစာနဲ့ အခြားရနိုင်မယ့် အချက်အလက်တွေကို စောင့်ဆိုင်းနေဆဲ ရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အခြေအနေကို နိဂုံးချုပ် သုံးသပ်မှု ကျနော်တို့ မထုတ်ပြန်နိုင်သေးပါဘူး။”

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီအပေါ်မှာ အတည်ပြုချက်တော့ မပေးနိုင်သေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ရွေးကောက်ပွဲကို လေ့လာဖို့ဆိုပြီး ရန်ကုန်အခြေစိုက် သံတမန်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ပေမဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေက လွဲလို့ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အဲဒီ လေ့လာရေး အဖွဲ့တွေမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

XS
SM
MD
LG