သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း မျှော်လင့်ထားတာထက် နည်းမည်


မြန်မာစစ်အစိုးရ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ တော်တော်များများဟာ လွှတ်တော်နေရာ အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းရာမှာ မှန်းထားတဲ့ ဦးရေထက် လျော့ကျခဲ့ရတယ်လို့ ပြောကြပါတယ်။ သတ်မှတ်ချိန်ကာလ တိုတောင်းလွန်းတဲ့ အခြေအနေတွေအတွင်းမှာ ဘဏ္ဍာရေးဆိုင်ရာ အပါအဝင် အမျိုးမျိုးသော အခက်အခဲတွေကြောင့် အခုလို ဖြစ်ခဲ့ကြရတာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းရမယ်လို့ သြဂုတ်လ ၁၃ ရက်နေ့က ကြေညာချက် ထွက်လာခဲ့တာမို့ ၂ ပတ်သာရှိတဲ့ တိုတောင်းတဲ့ အချိန်အတွင်း နိုင်ငံရေးပါတီ တော်တော်များများ အခက်အခဲ ဖြစ်ခဲ့ကြတာပါ။ အစကတည်းကမှ ဥပဒေ ကန့်သတ်ချက်တွေ အမျိုးမျိုးကြား လှုပ်ရှားမရ ဖြစ်နေတဲ့ ပါတီတွေထဲ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာကလည်း ကြီးကြီးမားမား ဖြစ်နေပြန်တော့ အတော်လေး အကျပ်ရိုက်ခဲ့တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အစိုးရ လွှတ်တော်နေရာ အသီးသီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရင်က ကိုယ်စားလှယ်လောင်း ၂၀၀ ထက်မက မှန်းထားပေမဲ့ အခုတော့ ဦးရေ ၁၅၀ နီးပါးလောက်သာ ဝင်ဖို့ အခြေအနေ ဖြစ်နေတယ်လို့ အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သေချာတာကတော့ ရန်ကုန်တို့၊ မန္တလေးတို့ကတော့ သေချာတယ်။ နယ်တွေက တချို့ဟာတွေကလည်း သတင်း ရောက်မလာသေးတော့ မှန်းချေပဲ ပြောလို့ရမယ်လေ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ဦးစားပေးတာကိုး။ တိုင်းဒေသကြီး ဝင်တဲ့လူတွေလည်း ရှိပါတယ်။ ဒါကတော့ အနည်းစုပေါ့။ အဲဒီတော့ ၁၅၀ လောက်ကတော့ ဝင်နေပြီဗျ။ လျော့ရင်လည်း တယောက် နှစ်ယောက် သုံးယောက်ပေါ့၊ ကျော်ရင်လည်း သုံးလေးငါးယောက်ပေါ့။

“မှန်းထားတဲ့ ဦးရေထက် လျော့ကျသွားတယ်ဗျ။ ကျနော်တို့က ၂၀၀ တော့ ကျော်မယ်လို့ မှန်းထားပြီးသားဗျ။ သွားဆက်သွယ်နိုင်တဲ့ လူအင်အား၊ ငွေအင်အား မရှိတဲ့အခါကြတော့၊ အချိန်ရဲ့ အတိုင်းအတာကလည်း နည်းသွားတော့ ရနိုင်တဲ့ ကိုယ်စားလှယ်လောင်း စာရင်းက လျော့ကျသွားပါတယ်၊ နည်းသွားပြီပေါ့ဗျာ။”

တခါ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကလည်း ကိုယ်စားလှယ် အများစုကို ရန်ကန်တိုင်းကနေ ဝင်ရွေးမှာ ဖြစ်ပေမဲ့ တနိုင်ငံလုံးအတွက် မှန်းထားတဲ့ ဦးရေထက် များစွာ လျော့သွားခဲ့တယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လောင်း ဝင်ရွေးဖို့အတွက် စိတ်ဓာတ်ရှိကြပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တဦး ကျပ်ငွေ ၅၀၀,၀၀၀ တင်သွင်းရမယ့် ကိစ္စတွေမှာ ငွေကြေး အခက်အခဲတွေ ရှိကြလို့ အများစုက မဝင်ဖြစ်ခဲ့တာလု့ိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ မျှော်မှန်းထားတာထက် အများကြီး လျော့သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကပ်တော့မှ ပိုက်ဆံ မတတ်နိုင်ဘူး၊ မတတ်နိုင်ဘူး ဖြစ်နေတယ်။ အခြေအနေ ကောင်းလျက်သားနဲ့ ငွေရေးကြေးရေး မတတ်နိုင်တဲ့အတွက် ကျနော်တို့ မှန်းသလောက်တော့ မဖြစ်ဘူး။ အခု ရသလောက်ကတော့ ၆၀ လောက်ပဲ ရှိမယ်ထင်တယ်။ ကျနော်တို့ ပထမကတော့ လွှတ်တော် ကိုယ်စားလှယ် အများစု ရနိုင်အောင်ဆိုပြီး ကြိုးစားတာပေါ့။ အဲဒါက ရနိုင်တဲ့ အခြေအနေလည်း ရှိတယ်။ လူထုကလည်း အားပေးတယ်။ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်နိုင်ဖို့ အလားအလာ ရှိတယ်ပေါ့။

“ဒါပေမဲ့ ကျနော်တို့ဆီကို စောစောတုန်းက စာရင်းပေးတာကတော့ ကိုယ့်ဟာကိုယ် ဝင်ကြမယ်ဆိုတာ လူ ၁၀၀ လောက်ရှိတယ်။ ကျန်တဲ့ လူ ၂၀၀ လောက်ကတော့ သူတို့ ပိုက်ဆံမရှိဘူး၊ ရှာဦးမယ်ဆိုပြီး အခု လူ ၁၀၀ လောက် စာရင်းပေးထားတဲ့ အထဲကတောင် လျော့သွားတာ၊ ပိုက်ဆံက တသိန်းပဲရတယ်၊ သုံးသိန်းပဲရတယ် ဆိုပြီးတော့ အခု ၆၀ လောက်ပဲ ကျန်တယ်ဗျ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။

နောက်တခါ နေရာအများအပြားအတွက် ကိုယ်စားလှယ်လောင်း တင်ဖို့ စီစဉ်ခဲ့ပေမဲ့ တင်းကျပ်တဲ့ ဥပဒေကြား အခက်အခဲတွေ ရှိခဲ့လို့ ပါတီရပ်တည်ရေးအတွက် ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။

“အခက်အခဲတွေကတော့ တော်တော်များများ ရှိပါတယ်။ ရှိတဲ့အပေါ်မှာပဲ ဆုံးဖြတ်ချက်ကို ကျနော်တို့က ချလိုက်ရတာပါ။ ပထမ ကျနော်တို့ ကြိုးစားခဲ့တဲ့ အပိုင်းက လွှတ်တော်ထဲကို သွားမယ်ဆိုရင် အင်နဲ့အားနဲ့သွားဖို့ ရည်ရွယ်ထားတာ ရှိပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီထက် အင်အားသာစေတဲ့ နည်းတွေနဲ့ ကျနော်တို့က ကြိုးစားခဲ့တာပါ။ အဲဒီအပေါ်မှာ အနေအထားတခုက မဖြစ်လာတဲ့ အပေါ်မှာ၊ နောက်တခါ ပြည်ခိုင်ဖြိုးပါတီရဲ့ အင်အားတွေကို ကျနော်တို့ ဒီဘက် အင်အားထက်သာအောင် အကွက်ကျကျ သူတို့ စီမံခဲ့တာတွေ ရှိပါတယ်။ သူတို့ ထုတ်ပြန်တဲ့ ဥပဒေတွေ၊ လက်ရှိ အနေအထားတွေကို ကြည့်ရင် သိသာပါတယ်၊ ထင်ရှားပါတယ်။ ဖြစ်နေတဲ့ အခင်းအကျင်းပေါ်မှာ ကျနော်တို့က ရပ်ခံဖို့ ရှိတဲ့အင်အားလေးနဲ့ပဲ သွားဖို့ ကြိုးစားတာပါ။”

UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေး ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီနိုင်ငံရေးပါတီတွေလို ဘာအခက်အခဲမှ မရှိဘဲ အင်ပြည့်အားပြည့် ဝင်ရောက်ဖို့ စီစဉ်ထားတဲ့ ပါတီဆိုလို့ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တခုတည်း ဖြစ်ပါတယ်။ နောက် တစညပါတီဆီကလည်း ဒီလို အခက်အခဲ အခြေအနေ ညည်းတွားသံတွေ မကြားရပါဘူး။ ဒ့ါကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ် စာရင်းကို ကြည့်ရင် လွှတ်တော်မှာ ဘယ်သူက အသာစီးနဲ့ အနိုင်ရမလဲဆိုတဲ့ အဖြေက ရှင်းရှင်းလင်းလင်း ထွက်နေပြီးသားဆိုတဲ့ အချက်ကိုလည်း နိုင်ငံရေးပါတီတွေက ထောက်ပြကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ၄၁ ပါတီအနက် ပါတီ ၄၀ ကို ရွေးကောက်ပွဲဝင်ဖို့ ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG