သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ် အရေအတွက် နည်းသော်လည်း လူထုအကျိုး သယ်ပိုးမည်


ရွေးကောက်ပွဲတွေမှာ ဝင်အရွေးခံမယ့် နိုင်ငံရေးပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းကြတာ ပြီးခဲ့တဲ့ တနင်္လာ သြဂုတ်လ ၃၀ ရက်နေ့မှာ ပြီးဆုံးသွားချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာအရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ရဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်က တခြားပါတီတွေနဲ့စာရင် အဆပေါင်းများစွာ သာနေပါတယ်။

အခုလို အဲဒီပါတီတွေက အရေအတွက် များနေတယ် ဆိုပေမဲ့ ကျန်တဲ့ပါတီတွေကလည်း ပေါ်ပေါက်လာမယ့် လွှတ်တော်တွေမှာ အဓိက အတိုက်အခံ ပါတီတွေအဖြစ် ရှိနေမယ်လို့ ယုံကြည်နေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လွှတ်တော်သုံးရပ်ဖြစ်တဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သုံးရပ်အတွက် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်နဲ့ တစညပါတီက ၁,၀၀၀ နီးပါး အမည်စာရင်း တင်သွင်းလာချိန်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၂ ခုပဲ ၁၅၀ ကျော်စီ အမည်စာရင်း တင်သွင်းနိုင်ပြီး ကျန်ပါတီတွေက ၁၀၀ အောက်ပဲ တင်သွင်းနိုင်ပါတယ်။

ကိုယ်စားလှယ် ၁၆၃ ယောက် အမည်စာရင်း တင်သွင်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၂ ရပ်မှာပဲ အဓိကထား ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက အမျိုးသားလွှတ်တော်မှာ ပြည်ခိုင်ဖြိုးနဲ့ တစည ပါတီမှအပ တခြားပါတီတွေက ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃၀၀ လောက် ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

“၃၀၀ လောက် ဒီမိုကရက်တစ် အင်အားစုတွေ ဝင်ပြိုင်မယ့်အထဲမှာ အောက်ထစ် ကျနော်တို့ ၁၅၀-၂၀၀ လောက် ရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ပြည်သူအတွက် အကျိုးရှိတဲ့ စကားတွေ၊ ဥပဒေတွေကို ကျနော်တို့ တင်နိုင်မယ်။ အကျိုးမရှိတဲ့ဟာတွေကို တားနိုင်မယ်။ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး အစရှိတဲ့ ကိစ္စတွေကို ကျနော်တို့ ဆောင်ကြဉ်းပေးနိုင်မယ်။

“စီးပွားရေး ဒီမိုကရေစီ၊ နိုင်ငံရေး ဒီမိုကရေစီ၊ လူမှုရေး ဒီမိုကရေစီဆိုတဲ့ အခွင့်အလမ်းတွေကို ကျနော်တို့ ဥပဒေပြု လွှတ်တော်ထဲမှာ ဖန်တီးနိုင်တဲ့ အခွင့်အာဏာ ရလာမှာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ပြည်သူကို ယုံကြည်ပါတယ်၊ ပြည်သူကို အားကိုးပါတယ်၊ ပြည်သူနဲ့ပဲ ကျနော်တို့ စကားပြောမှာ ဖြစ်ပါတယ်။ ဘယ်ပါတီက ၁,၀၀၀၊ ၁၀,၀၀၀ ဝင်သည့်တိုင်အောင်လည်း ကျနော်တို့က ဒါတွေကို ဂရုစိုက်ပြီး အားငယ်နေမှာ မဟုတ်ပါဘူး။”

ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၃၀ ရှိပါတယ်။

ဒါပေမဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ပါဝင်ယှဉ်ပြိုင်တဲ့ အရေအတွက် နည်းနေတဲ့ကြားက ခန့်မှန်းထားတဲ့အတိုင်း အနိုင်မရဘူးဆိုရင် ဒီမိုကရေစီ ပြောင်းလဲရေးကို အဟန့်အတား ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ထင်ပါတယ်ခင်ဗျ၊ တကယ်လို့သာ ကျနော်တို့ ဒီမိုကရေစီကို ဦးတည်တဲ့ ပါတီတွေက အမတ်ဦးရေ လျော့သွားမယ်ဆိုရင် တစုံတခု အတိုင်းအတာထိလေ၊ ဒီမိုကရေစီ ကျင့်စဉ်ကို ရောက်ရှိအောင်ပေါ့၊ တဆင့်ချင်း ပြောင်းဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ သွားတဲ့လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်သွားနိုင်ပါတယ်၊ လွှတ်တော်ထဲမှာပါ။”

ဒီပါတီဟာ ရခိုင်ပြည်နယ်မှာ အဓိက ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၄၄ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။ အလားတူပဲ ရှမ်း၊ ကရင်၊ မွန်နဲ့ ချင်းပါတီတွေကလည်း ပြည်မအခြေစိုက် ပါတီတွေနဲ့စာရင် သူတို့ ကိုယ်စားပြုတဲ့ ဒေသတွေမှာ အများအပြား ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အနိုင်ရမယ်လို့ ယုံကြည်ကြောင်းလည်း ဒီပါတီတွေက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကတော့ စောစောပိုင်းမှာ တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း အရေအတွက်ရဲ့ ထက်ဝက်ကျော် ယှဉ်ပြိုင်နိုင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ၅၀ ကျော်ပဲ အမည်စာရင်း တင်နိုင်ခဲ့ပါတယ်။ အရေအတွက် နည်းပေမဲ့ လွှတ်တော်ထဲ ရောက်လာမယ့် ကိုယ်စားလှယ်လောင်းတွေ အရည်အချင်း ရှိဖို့ပဲ လိုတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ဆိုပါတယ်။

“ကျနော်တို့က လွှတ်တော်မှာ အားနည်းမယ် ဆိုရင်ပေါ့နော်၊ အားနည်းတဲ့ အခါကျတော့ တပန်းတော့ နည်းနည်းရှုံးတာပေါ့။ သို့သော်လည်း ဘယ်လိုဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေဟာ သတ္တိရှိမယ်၊ လုပ်ရဲကိုင်ရဲမယ်၊ ကြိုးစားမယ် ဆိုရင်တော့လည်း ဒါဟာ အများကြီး လုပ်နိုင်အား ရှိပါသေးတယ်လို့ ကျနော် ဒီလိုပဲ တွက်ပါတယ်။”

အခု အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ဦးမှာဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ကိုယ်စားလှယ် ၂၅% ကလည်း လွှတ်တော်သုံးရပ်စလုံးမှာ ရှိနေမှာ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၇ သန်းကျော် ရှိမယ်လို့ ခန့်မှန်းရပြီး အဲဒီအထဲက အနည်းဆုံး ၁၆ သန်းဟာ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ဖြစ်တယ်လို့လည်း ပါတီပြောခွင့်ရသူက ပြီးခဲ့တဲ့ အပတ်ထဲမှာ ပြည်တွင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG