သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ


ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ
ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို လာရောက် လေ့လာခွင့်နဲ့ နိုင်ငံတကာ သတင်းထောက်တွေ လာရောက် သတင်းယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ အောက်တိုဘာ ၁၈၊ ၂၀၁၀။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ အောက်တိုဘာ ၁၈၊ ၂၀၁၀။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက အခုလို ပြောပါတယ်။

“Observer အနေနဲ့ မလုပ်ပါနဲ့တဲ့၊ မရပါဘူးတဲ့။ ဒါမျိုးပြောတာပါ။”

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား သတင်းဌာန ၁၇ ခုလောက် ရှိနေပြီး ဒီသတင်းဌာနတွေမှာ မြန်မာနိုင်ငံသား သတင်းထောက်တွေ အများစု ပါဝင် အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ပြည်ပက သတင်းထောက်တွေကို ဖိတ်ကြားဖို့ မလိုဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ပဲရစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဇဲလ်က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ တခုမှာ ရှိရမယ့် အနေအထား တခုကို စစ်အစိုးရက နောက်ထပ် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရက ပြည်တွင်းမီဒီယာတွေ အားလုံးကို ထိန်းချုပ်ထားတယ်။ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း သတင်းယူဖို့ နိုင်ငံတွင်း ဝင်ရောက်ခွင့် မပြုဘူးဆိုတော့ ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ဆိုတာလည်း လုံး၀ မရှိတော့ပါဘူး။”

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်လောင်း ၃,၁၅၃ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦးက အမတ်နေရာ ၁,၁၅၈ နေရာကို ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ လွှတ်တော် မဲဆန္ဒနယ် ၅၄ ခုမှာတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးစီသာ ရှိတဲ့အတွက် သူတို့က လွှတ်တော်အမတ်အဖြစ် အရွေးခံရမှာ သေချာပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရတာ ဖြစ်တယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲတွေမှာ လေ့လာစောင့်ကြည့်သူ ဖြစ်ပြီး မြန်မာ့ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသူ ဦးခင်မောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်တဲ့သူတွေ အနေနဲ့ဆိုရင် ကျနော်တို့ ဘာလုပ်လဲဆိုတော့ ပုံမှန်အားဖြင့် ရွေးကောက်ပွဲက ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ မတိုင်ခင်ရော၊ ရွေးကောက်ပွဲ အတွင်းရော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်ရော သူတို့ လေ့လာ သုံးသပ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ သတင်း အချက်အလက်တွေက Source ခိုင်ခိုင်လုံလုံနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရပ်ကွက်က လာတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင် သွားပြီးတော့ အင်တာဗျူးထားတဲ့ဟာတွေ၊ ပြည်သူလူထု ကြားမှာရော၊ ရွေးကောက်ပွဲ ကော်မရှင်ရော၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားမှာရော၊ အစရှိသဖြင့် အဲဒါမျိုးတွေမှာ သူတို့ သတင်းအချက်အလက် တိကျ ခိုင်လုံအောင် စုဆောင်းတယ်။

“စုဆောင်းပြီးရင် နိုင်ငံတကာ ဥပဒေသနဲ့ ညီရေး၊ မညီရေးဆိုပြီး ပြန်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရတယ်။ သုံးသပ်ပြီးရင် တခါပြန်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဥစ္စာတွေကတော့ မဖြစ်သင့်ဘူး၊ နောက်နောင် ဖြစ်လာမယ့် ရွေးကောက်ပွဲတွေဆိုရင် ဒီဥစ္စာကတော့ ဒီလိုမျိုး ပြင်ဆင်သင့်တယ်ဆိုတဲ့ ထောက်ခံ အကြံပြုချက်တွေ ပေးရတယ်ပေါ့။ ဒါ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေရဲ့ တာဝန်။”

ပြီးခဲ့တဲ့အပတ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က မြန်မာနိုင်ငံကို တရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အတွက် အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာစစ်အစိုးရက လက်မခံခဲ့ပါဘူး။

XS
SM
MD
LG