သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ၃၉ ဦးထက်မနည်း အနိုင်ရ


ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ၃၉ ဦးထက်မနည်း အနိုင်ရ
ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ၃၉ ဦးထက်မနည်း အနိုင်ရ

အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နည်းလမ်းမျိုးစုံနဲ့ အနိုင်ရဖို့ ကြိုးပမ်းခဲ့ပေမဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကပဲ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတယ်လို့ သိရပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ၄၄ ဦး ယှဉ်ပြိုင်ခဲ့တဲ့ RNDP ပါတီဟာ လက်ရှိရထားတဲ့ စာရင်းအရဆိုရင် ၃၉ ဦးထက်မနည်း အနိုင်ရနေပြီလို့ ပါတီခေါင်းဆောင်က ပြောပါတယ်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရလဒ်အခြေအနေကို အခုလို ရှင်းပြပါတယ်။

“စစ်တွေက ၄ ဦးကတော့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီ ပြောတယ်။ ကျနော်တို့ ၄ ယောက် နိုင်ပါတယ်။ ရသေ့တောင်မှာလည်း အခြေအနေ တော်တော်ကောင်းတယ်။ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ ကလွဲပြီး၊ ၁ ကတော့ ရေတွက်နေတုန်း၊ ကိုးတန်ကောက်၊ ကျိန်တလီတို့မှာရှိတဲ့ ဘင်္ဂါလီတွေဆီက မဲမရသေးဘူး။ ကျန်တဲ့ ၃ ဦးနိုင်တယ်၊ ပုဏ္ဏားကျွန်း အကုန်နိုင်တယ်။ ကျောက်တော်၊ မြောက်ဦး အကုန်နိုင်တယ်၊ မင်းပြားက ရေတွက်နေတယ်။ အမျိုးသားရယ်၊ ပြည်သူရယ်က နိုင်ပြီးပြီပြောတယ်။ ပြည်နယ်လွှတ်တော်က ရေနေတုန်းလို့ ပြောပါတယ်။

“မြေပုံက အမျိုးသားရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အကုန် ရေတွက်ပြီးပြီ၊ နိုင်တယ်။ ပေါက်တော ၄ နေရာနိုင်တယ် ပြောပါတယ်။ ပေါက်တော ၄ နေရာဆိုတာ အမျိုးသားက မြေပုံထဲ ပေါက်တောကို ပေါင်းတာပါ။ ကျောက်ဖြူက ၄ ယောက်လုံး နိုင်မယ့်သဘော ရှိပါတယ်။ ကျနော်တို့ဆီကို သတင်းပို့တဲ့ အချိန်မှာတော့ ကျောက်ဖြူမှာ မဲရုံ ၁၇၃ ရုံလို့ ကြားတယ်။ အဲဒီမှာ ၃ ရုံ ကျန်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေက ၃,၀၀၀ လောက် အသာနဲ့ ရှေ့က ပြေးနေတယ်။ အဲဒီ ၃ ရုံက စာရင်းအကုန်လုံး ရရင်တောင် အဲဒီ ၃,၀၀၀ ကို မလွှမ်းနိုင်ဘူးလို့ ပြောပါတယ်။ အဲတော့ ကျောက်ဖြူက အကုန်လုံးနိုင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။”

ဘူးသီးတောင်၊ ရမ်းဗြဲနဲ့ သံတွဲမြို့နယ် ကိုယ်စားပြု RNDP ကိုယ်စားလှယ်လောင်း ၃ ဦးက ရှုံးပြီး ကြံ့ဖွံ့ပါတီ အနိုင်ရတယ်လို့ သိရပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ RNDP အကြား မဲကွာဟတာကို အခုလို ရှင်းပြပါသေးတယ်။

“ကျနော်တို့ဆီကို ပေးတာ ဒီမှာ တော်တော်အံ့မခန်းပါပဲ။ ကျနော်တို့ကို ထောင်ဂဏန်း ပေးတဲ့အခါမှာ ကြံ့ခိုင်ရေးပါတီက ၅၀ ဝန်းကျင်လောက် ရှိပါတယ်။ စစ်တွေရပ်ကွက် တော်တော်များများက သတင်းအရပါ၊ ကျေးလက်ကလည်း ဒီအတိုင်းပါပဲ။”

နိုင်ငံအနှံ့မှာလိုပဲ ရခိုင်ပြည်နယ်မှာလည်း ကြံ့ဖွတ်ပါတီ အနိုင်ရဖို့ ကြိုတင်မဲ အပါအဝင် မဲမသမာမှုတွေ၊ ရွေးကောက်ပွဲ ဥပဒေ ဖောက်ဖျက်မှုတွေ အများအပြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်းတုန်းကတော့ ရွေးကောက်ပွဲ ရလဒ်က တရားမျှတမှု မရှိရင် RNDP သပိတ်မှောက်ဖို့ စဉ်းစားမယ်လို့ ဗွီအိုအေကို ပြောဆိုဖူးပါတယ်။

အခုလို အပြတ်အသတ် အနိုင်ရပေမဲ့လည်း ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေကို ကော်မရှင် အဆင့်ဆင့်သို့ တင်ပြသွားမယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

“ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ဘက်က တုံ့ပြန်သွားမှာပါ။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ။ နိုင်တဲ့နေရာမှာလည်း နောင်အတွက် Free and Fair မဖြစ်တဲ့ အချက်တွေ ကျနော်တို့ ပြုစုနေပါတယ်။ မဲရုံနဲ့ ပတ်သက်လို့ လုံခြုံမှု မရှိဘူး၊ မဲရုံနဲ့ ပတ်သက်လို့ ဝန်ထမ်းအင်အား မလုံလောက်ဘူး၊ မဲပေးရမယ့် လူထုကို လုံလောက်တဲ့ ပညာပေးတာ မရှိဘူး၊ အဆင့်ဆင့်သော ကော်မရှင်တွေက လာရောက် စိစစ်မှု အားနည်းတယ်။

“အဲဒါတွေကို ပြန်ချုံကြည့်မယ်ဆိုရင် ဒီဥစ္စာ ဒီလိုဖြစ်ပြီးပြီ၊ နောင်ကို ဘယ်လိုလုပ်မလဲ၊ ဒီဥစ္စာ ပွင့်လင်းဖို့ လိုတယ်။ နိုင်ငံတကာ သတင်းဌာနတွေ လာဖို့လိုတယ်၊ စောင့်ကြည့် လေ့လာသူတွေရောပေါ့။ ဒီမိုကရေစီ ကျင့်စဉ်ကို ဒီမိုကရေစီ အလေ့အကျင့်နဲ့ပဲ ပြောင်းပေးကြရမှာကိုး။ ကျနော်တို့ရဲ့ အမှားကို နောင်မဖြစ်ဖို့အတွက် ပြင်ပေးရမယ်။ ဒါ ကျနော်တို့သမိုင်းပဲ။ ကျနော်တို့ မှတ်တမ်းလုပ်မယ်၊ ပြန်တင်ပြမယ်။”

မဲရေတွက်မှုအပေါ် အခြေခံပြီး RNDP က အခုလို အနိုင်ရတယ်လို့ ပြောဆိုနေပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက် အနိုင်ရတယ်ဆိုတာ တရားဝင် မထုတ်ပြန်သေးပါဘူး။

XS
SM
MD
LG