သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်


UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း။ ဇူလိုင် ၁၄၊ ၂၀၁၀။
UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း။ ဇူလိုင် ၁၄၊ ၂၀၁၀။

ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရက ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံးကို ကိုယ်စားမပြုတာတွေ အပါအဝင် ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုပြီး ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပါတီက နှုတ်ထွက်သွားပါတယ်။ ကျန်ပါတီဝင်တွေကတော့ ရွေးကောက်ပွဲဝင်ဖို့ ရှေ့ဆက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတဲ့ အချိန်မှာပဲ အစောပိုင်းတုန်းက ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင်တယောက်က ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိလာမှာ မဟုတ်တဲ့အတွက် ပါတီကနေ နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက နှုတ်ထွက်ရတာနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ရွေးကောက်ပွဲ အပေါ်မှာ သုံးသပ်တာပေါ့ဗျာ၊ ရွေးကောက်ပွဲကို သုံးသပ်ပြီး ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့အတွက် ပါတီ ဆက်လက်ရှင်သန်ရေး လုပ်မလား၊ ပါတီ ဖျက်သိမ်းကြမလားပေါ့၊ ဒီအပေါ်တွေမှာ ကျနော်တို့ သုံးသပ်ကြပါတယ်။ သုံးသပ်ပြီး အခြေအနေမှာ ကျနော့်သဘောထားက ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူး၊ ဒါကြောင့်မို့ အခုချိန်ကနေစပြီး ကျနော်တို့ ဒီရွေးကောက်ပွဲက နေပြီးတော့ အခုရပ်နေတဲ့ နေရာကနေ ရပ်ခံရမှာပေါ့ဗျာ။ အဲဒီအတွက် လာမယ့်ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းဖို့ သဘောထား မရှိဘူးလို့ ကျနော့်ရဲ့ သဘောထားကို ထုတ်ဖော်လိုက်တာပါ။”

ပါတီက နှုတ်ထွက်တာနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ပြင်ဆင်လာမှုတွေ၊ လွတ်လပ်စွာ စည်းရုံးခွင့် မရတာတွေ၊ ပြည်သူတရပ်လုံး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာတွေ၊ နိုင်ငံရေး အကျဉ်သားတွေ လွှတ်ပေးပြီး နိုင်ငံရေးမှာ ပါဝင်ခွင့် မရတာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိတာတွေကြောင့် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ပါရှိပါတယ်။ ဒါပေမဲ့ သူနှုတ်ထွက်တာဟာ သူ့ရဲ့ တဦးချင်း ရပ်တည်ချက်သာဖြစ်ပြီး ပါတီအနေနဲ့ ဆက်လက်ရပ်တည်သွားဖို့ ရှိကြောင်းလည်း ဦးဖြိုးမင်းသိန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ရဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကို အစွမ်းကုန် ကြိုးစားကြည့်ပြီး ဒီအခြေအနေတွေ အပေါ်မှာ ကျနော်တို့ရဲ့ သဘောထား အမြင်တွေ၊ လက်ရှိအစိုးရရဲ့ ဆောင်ရွက်လာတဲ့ အခြေအနေတွေပေါ်မှာ သုံးသပ်ပြီး ကျနော်တို့ ဘယ်လို ဆက်လက် ဆောင်ရွက်သင့်လဲ ဆိုတာကို ကျနော့်အနေနဲ့ ဆုံးဖြတ်တာပါ။ အဲဒီအတွက် ကျနော်က ပြည်ထောင်စု ဒီမိုကရေစီပါတီ အနေနဲ့ ကျနော် ဥက္ကဋ္ဌတယောက် ဖြစ်သော်ငြားလည်း ကျနော့်သဘောထားနဲ့ ပါတီကို Drive လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော့်ရဲ့အမြင် ယူဆချက်ပေါ်ကနေ ကျနော့်ရဲ့ ရပ်တည်မှုတခုကို ရွေးချယ်တာပါ။”

ဒီပါတီကို ဝါရင့် နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို အခြေပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပါတီဝင် တယောက်ကလည်း ဦးဖြိုးမင်းသိန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပါတီကို တည်ဆောက်ထားတာက လက်ရှိ သူပြောစရာရှိတာတွေကို ပြောဖို့ သူက ဒီကာလထိပဲ ရည်ရွယ်ထားတယ်။ Election ကို ဆက်ပြီး မသွားချင်တော့ဘူး၊ ယုံကြည်မှု မရှိတော့ဘူး။ Free and Fair မဖြစ်တော့ဘူးဆိုတဲ့ အပေါ်မှာ ယုံကြည်မှု မရှိတော့တဲ့အတွက် မသွားချင်ဘူး။ အဲဒါကို ပါတီတွင်းမှာရှိတဲ့ လူတွေနဲ့ သူနဲ့ကြားမှာ နည်းနည်း သဘောထား ကွဲလွဲတယ်၊ ဒါပဲပေါ့။”

ဒီပါတီမှာ ဝါရင့် နိုင်ငံရေးသမားကြီး ဦးရွှေအုံးက နာယကအဖြစ် ဆောင်ရွက်နေပြီး လက်ရှိမှာ ဦးဖြိုးမင်းသိန်း နေရာကို အစားထိုးမယ့်သူ မရွေးချယ်ရသေးဘူးလို့ သိရပါတယ်။

မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၀ အနက်က ပါတီဝင်အင်အား စာရင်းကို ၁၁ ပါတီက လာရောက် တင်ပြခဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုပေမဲ့လည်း အခုချိန်ထိ နေ့ရက် အတိအကျ ကြေညာတာမျိုး မရှိတဲ့အတွက် ဒါဟာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီတွေအတွက် တရားမျှတမှု မရှိဘူးလို့ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG