သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးနဲ့ စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ပြည်ခိုင်ဖြိုးအတွက် ရွေးကောက်ပွဲဝင်


လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းသမားတွေကို လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဒေါက်တာ တင်ထွန်းဦး၊ တက္ကသိုလ် တင်ခ အပါအဝင် စာနယ်ဇင်း အမှုဆောင်တချို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်လာတာဟာ အစိုးရရဲ့ အစီအစဉ်အရ ဖြစ်ပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေက သူယှဉ်ပြိုင်မယ့် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တွေမှာ လူမှုရေး လုပ်ငန်းတွေ လုပ်ထားတာကြောင့် အဲဒီနယ်မြေတွေက ကိုယ်စားပြုဖို့ အစိုးရက ညွှန်ကြားတယ်လို့ ဆိုပါတယ်။

“အမျိုးသားလွှတ်တော် အနေနဲ့ ပြိုင်မှာပါ။ ပါတီအနေနဲ့ကတော့ ပြည်ခိုင်ဖြိုးနဲ့ ပြိုင်မှာပေါ့လေ။ ကျနော်က ထွေထွေထူးထူး စည်းရုံးစရာ မလိုပါဘူး။ ဘာလို့ဆို နာဂစ်ဖြစ်ဖြစ်ချင်း တပတ်အတွင်း ဘုရားတွေ၊ ကျောင်းတွေ၊ လမ်းတွေ အကုန်သွားပြင်တာ သိန်း ၂၅,၀၀၀၊ ၃၀,၀၀၀ နီးပါးလောက် သုံးပစ်တာလေ။ အဲဒါလည်း နာဂစ်မှာ ကျနော်လုပ်နိုင်တာ ဝင်လုပ်တာလေ။ ဒီလိုလုပ်ရလိမ့်လို့လည်း ကျနော်က ခေါင်းထဲမှာ တွက်ထားတာ မဟုတ်ဘူး။ လုပ်ထားတဲ့နေရာ ဖြစ်လို့လည်း နိုင်ငံတော်က အဲဒီနေရာ လုပ်ပေးပါလို့ ပြောလာတယ်။”

အလားတူပဲ UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရွှေဘိုမြို့နယ်နဲ့ ယုဇန ဦးဌေးမြင့်က မြိတ်မြို့နယ်တွေက အမျိုးသားလွှတ်တော် ကိုယ်စားပြု ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က နှုတ်ထွက်ခဲ့ကြတဲ့ တက္ကသိုလ် တင်ခ၊ ဒေါက်တာ တင်ထွန်းဦး၊ ဦးအောင်ငြိမ်းနဲ့ ဦးလှထွန်းတို့လည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ကိုလည်း အစိုးရက စီစဉ်ပေးကြောင်း ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား တယောက်က ဆိုပါတယ်။

“ဟုတ်တယ်၊ သူတို့က စာပေ စာနယ်ဇင်းသမား ဆိုတော့ နည်းနည်း လူလေးစားမှုရှိတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးကို ဝင်အားဖြည့်ကြဆိုပြီး ကြံ့ဖွံ့ဘက်က ဝင်ခိုင်းတာ။ ဒီ ဒေါက်တာ တင်ထွန်းဦးတို့၊ ဦးတင်ခ တို့ကိုကျ ပြန်ကြားရေးဝန်ကြီးက ဝင်ခိုင်းတာ၊ သူ့ဝန်ကြီးချုပ်က အပေါ်ကနေ တာဝန်ပေးမှာပေါ့၊ မင်းလူတွေခိုင်း ဆိုပြီးတော့။”

စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံပြု ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ရွေးကောက်ပွဲ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့လည်း တခြားပါတီတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက လာမယ့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း လွတ်လပ်ပြီး တရားမျှတကြောင်း ထုတ်ဖော်ဖို့ အစိုးရက ပြင်ဆင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“အမတ်လောင်းတွေတင် ညွှန်ကြားတာ မဟုတ်ဘူးလေ၊ ဘယ်ကိစ္စမဆို အကုန်လုံး သူတို့ ပါဝင်ပြီး ညွှန်ကြားနေတာပဲ။ သူတို့အနေနဲ့ အကုန်လုံး ပိုင်ပိုင်နိုင်နိုင်ရှိအောင် ကြိုတင်ပြီး လုပ်ထားတဲ့ ကိစ္စတွေပဲပေါ့။ ဒါကြောင့်မို့ တခြားပါတီတွေကို တင်းတင်းကျပ်ကျပ် လုပ်ပြီးတော့ သူတို့ဘက်ကတော့ မဲဆွယ်စည်းရုံးတဲ့ ကိစ္စကလည်း အခုမှ မဟုတ်ဘူးလေ၊ ကျမတို့က စတောင် မစရသေးဘူး၊ ကြံ့ခိုင်ရေးဆိုရင် ပါတီမဖြစ်ခင် ကတည်းက သူတို့နည်းနဲ့ သူတို့ စည်းရုံးနေတာပါပဲ။ အခု ပါတီဖြစ်လာတော့လည်း သူတို့ စည်းရုံးရေးက လုပ်နေကြတာပါပဲ။ အကုန်လုံး သူတို့ဘက်က အပိုင်လုပ်ထားပြီးတော့ ရွေးကောက်ပွဲနေ့ ကျရင်တော့ တစိတ်တဒေသတော့ နိုင်ငံတကာကို သူတို့ ပြလိမ့်မယ်ထင်တယ်။ Free and Fair ဖြစ်သည်ပေါ့လေ။”

ပြည်ခိုင်ဖြိုးပါတီနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တို့ဟာ ကိုယ်စားလှယ်လောင်း အများဆုံး တင်ပြထားတဲ့ ပါတီတွေ ဖြစ်တာကြောင့် ဒီပါတီ ၂ ခုပဲ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာမယ်လို့လည်း ခန့်မှန်း ပြောဆိုမှုတွေ ရှိပါတယ်။

XS
SM
MD
LG