သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ဖွံ့ပါတီ မဲဆွယ်လှုပ်ရှားမှု ဥပဒေနဲ့ မညီ


ကြံ့ဖွံ့ပါတီ မဲဆွယ်လှုပ်ရှားမှု ဥပဒေနဲ့ မညီ
ကြံ့ဖွံ့ပါတီ မဲဆွယ်လှုပ်ရှားမှု ဥပဒေနဲ့ မညီ

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လက်ရှိ ထိပ်တန်းဝန်ကြီး တချို့ရဲ့ မဲဆွယ် စည်းရုံးမှုတွေဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိသလို မမျှမတဖြစ်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ သူတို့နဲ့ ယှဉ်ပြိုင်မယ့် တခြား ဒီမိုကရက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် လက်ရှိ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ သူ့ရဲ့ မဲဆန္ဒနယ် အတွင်းမှာ သူ့ဓာတ်ပုံ အကြီးကြီးတွေနဲ့ မဲဆွယ်တဲ့ ဆိုင်းဘုတ်တွေ အများအပြား စိုက်ထူထားတယ်လို့ သူနဲ့ယှဉ်ပြိုင်မယ့် ဒီမိုကရက်ပါတီ (မြန်မာနိုင်ငံ) က ဦးသုဝေက ပြောပါတယ်။ အဲဒီအထဲမှာ ဘာသာရေး ဆိုင်ရာတွေကို ခုတုံးလုပ်ပြီး မဲဆွယ်တာမျိုးတွေလည်း တွေ့နေရပြီး ဒါဟာ ဥပဒေကြောင်းအရ လွဲချော်နေတဲ့လုပ်ရပ် ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ဦးအောင်ကြည်က သူ့ပုံနဲ့ ပိုစတာကြီးတွေကို အများကြီးကပ်တယ်၊ အများကြီး ထောင်ထားတယ်ပေါ့။ လမ်းခွတွေ၊ လမ်းခွတွေမှာ အများကြီး ထောင်ထားတာတွေ ရှိတယ်။ အဲဒီအထဲမှာလည်း ဘာသာရေး ခေါင်းဆောင်တွေနဲ့၊ ခရစ်ယာန်နဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာတွေနဲ့ တွဲပြီး ရိုက်ထားတာတွေ ရှိတယ်။ အမှန်ကတော့ အဲဒါက ဘာသာရေးနဲ့ ပတ်သက်လို့ ကျူးလွန်ထားတာတွေ ဖြစ်နေတယ်။ စကတည်းကိုက သူတို့က သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို ဖောက်ဖျက်တာပဲလေ။ ပါတီဖွဲ့ကတည်းက၊ ရွေးကောက်ပွဲ ဝင်ကတည်းက စပြီးတော့။”

ဒါ့အပြင် လက်ရှိအာဏာကို သုံးပြီးတော့ ပြည်သူပိုင် ပိုက်ဆံတွေကိုသုံးပြီး မဲဆွယ် စည်းရုံးမှုမျိုးတွေ၊ ကတိကဝတ် ပေးတာမျိုးတွေကို လုပ်နေတာမျိုး ရှိတယ်လို့လည်း ပြောပါတယ်။

“ကျနော့် မဲဆန္ဒနယ်မှာဆိုရင် ကျောင်းလာဆောက်ပေးတယ်။ ပြီးတော့ လမ်းတွေ ဘာတွေ လာခင်းပေးတယ်။ လမ်းခင်းပေးတယ် ဆိုတာလည်း တချို့ဟာတွေက အများအားဖြင့်တော့ တဝက်စီ ခင်းထားတာ ရှိတယ်၊ တဝက်တပျက်တွေပေါ့။ တချို့နေရာတွေကျတော့ လူထုက ပိုက်ဆံပေးရသေးတယ်။ အဲဒါတွေကိုတော့ မဲပေးရင် ပြီးအောင်ခင်းပေးမယ် ဆိုတာမျိုးတွေပေါ့။ အဲဒါမျိုး လုပ်တာတွေ ရှိတယ်။ အဲဒီကတိတွေ ပေးတဲ့နည်းနဲ့ သူက များများ ပိုလုပ်နိုင်တာပေါ့။ သူက အာဏာရှိတဲ့လူကိုး။ ကျနော်ကတော့ ဒီလို ကတိတွေ ပေးတာ မရှိဘူးလေ။ လူထုနဲ့ ထိတွေ့တာကိုတော့ ကျနော်က အများဆုံး လုပ်တာပေါ့။”

ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခွင့်အရေးမျိုးတွေဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာသာ ရှိနေပေမဲ့ သူတို့ရဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) အပါအဝင် တခြား နိုင်ငံရေး အင်အားစု ပါတီတွေမှာ မဲဆွယ်ဆိုင်းဘုတ် ထောင်တဲ့ ကိစ္စမျိုးတွေမှာတောင် အခက်အခဲ ရှိနေတာမျိုးတွေ၊ ကန့်သတ်ခံရတာမျိုးတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

နောက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ လက်ရှိ ကျန်းမာရေး ဒု-ဝန်ကြီး ဦးပိုင်စိုးနဲ့ ယှဉ်ပြိုင်ရမယ့် အမျိုးသား ဒီမိုကရက်တစ်ပါတီ (NDF) ရဲ့ ကိုယ်စားလှယ် ဦးစိုးဝင်းကလည်း ဦးပိုင်စိုးဟာ အာဏာသုံးပြီး ကြိုတင်မဲရဖို့ လုပ်နေတာမျိုးတွေ ရှိနေသလို မမျှမတ ဖြစ်နေတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

“မမျှမတ လုပ်ထားတယ်ဆိုတာ ဘယ်နေ့မှာ စပြီးတော့ ကြိုတင်မဲ ကောက်မယ်တို့၊ သူတို့ ကြိုတင်မဲ လာတောင်းနေတာတွေ ရှိပါတယ်။ သူတို့ ဒီဟာတွေကို ရပ်ကွက်ထဲမှာ လိုက်ပြီး ဝန်ထမ်းနဲ့ပဲ စာရင်းကောက်တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရောပြီးတော့ သူတို့ လိုက်ကောက်သွားတာတွေ ရှိပါတယ်။

“စမ်းချောင်းထဲမှာပဲ ကျနော်နေတဲ့ လမ်းထဲမှာတောင် လမ်းလာခင်းပေးတယ်။ လမ်းခင်းပေးတယ် ဆိုတာမှာ ကျောက်တို့၊ သဲတို့၊ ဘိလပ်မြေတို့ ချပေးတယ် ဆိုပေမဲ့ ကျန်တဲ့လုပ်အားက ဒီက ပေးရတာ များပါတယ်။ လမ်းပြီးသွားတဲ့ အခါမျိုးမှာ မှတ်တိုင်ဆိုပြီး မော်ကွန်း ဘာညာ စိုက်ပါတယ်။ ခြင်္သေ့တံဆိပ်တွေနဲ့ လာလုပ်ထားတာ ရှိပါတယ်။ နာမည်ဆိုလည်း၊ အစတုန်းကတော့ ကျနော်တို့က ဒါ ဟုမ်းလမ်းဘူတာ ရပ်ကွက်ပါပဲ။ အရင်တုန်းက ပန်းလှိုင်လမ်းဆိုပြီးတော့ ဟုမ်းလမ်း ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်း၊ အခုကျတော့ အောင်ပန်းလှိုင်တို့ ဘာတို့ နာမည် လာတပ်ပြီးတော့ သူတို့ လုပ်ထားတာတွေ ရှိပါတယ်။”

စမ်းချောင်းမြို့နယ် NDF ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေဟာ ရန်ကုန်တိုင်း အတွင်းမှာတင် မဟုတ်ဘဲ တနိုင်ငံလုံး နီးပါးမှာ ကြုံနေရတယ်လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဓိက ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဦးရွှေမန်း စတဲ့သူတွေဟာ နေပြည်တော်ကနေ အဓိက ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကျန်တဲ့ အဖွဲ့ဝင် ဝန်ကြီးတွေကသာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ကိုယ်စားပြုပြီး တခြား နိုင်ငံ နေရာအနှံ့မှာ ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG