သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး


မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး
မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်တလလောက်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ တော်တော်များများက ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ ကောင်းကောင်း သဘောမပေါက်ကြသေးလို့ နိုင်ငံရေး ပါတီတွေက မဲပေးနည်းကို ရှင်းပြနေကြရပါတယ်။ ရှင်းရှင်းလင်းလင်း သဘောမပေါက်ဘဲ မဲပေးကြရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲ မကျင်းပတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲ ရက်ကိုလည်း မကြာခင်ကမှ ကြေညာခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေလည်း ကမန်းကတန်းနဲ့ ဖွဲ့ခဲ့ကြရတာပါ။ ဒီကြားထဲမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေကလည်း နိုင်ငံရေးပါတီတွေကို အသက်ရှူ ကျပ်စေခဲ့ပါသေးတယ်။

ရွေးကောက်ပွဲက အချိန်တလပဲ ကျန်တော့တယ် ဆိုပေမဲ့ မြန်မာပြည်သူ အများစုမှာ ရွေးကောက်ပွဲအတွက် စိတ်ဝင်တစားရှိတဲ့ အရိပ်လက္ခဏာတွေ မတွေ့ရသေးသလို မဲပေးတဲ့ အခါမှာလည်း ဘယ်လိုပေးကြရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြတဲ့သူတွေ တော်တော်များများ ရှိနေလို့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းတွေကို လိုက်ပြီး ရှင်းပြနေကြရတယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“အရင်တုန်းက ဆိုရင်တော့ တမဲပဲ ပေးရတယ်လေ။ အခုဆိုရင် မဲက ၃ မဲပေးရမယ်ဆိုတော့ ခေါင်းထဲမှာ ရှုပ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်က တမျိုး၊ အမျိုးသားကတမျိုး၊ တိုင်းဒေသကြီးက တမျိုးဆိုတော့ တကြိမ်ထဲမှာ သွားရမှာလား၊ အခု ကျမတို့ သိရတာကတော့ တခေါက် မဲပြားယူလိုက်၊ အထဲဝင်လိုက်၊ အမှတ်ခြစ်လိုက်၊ ပုံးထဲထည့်လိုက်၊ နောက်တခါ ပြန်ထွက်လိုက်၊ အဲတော့ အဲဒါလေးတွေကလည်း နည်းနည်း ဇဝေဇဝါ ဖြစ်နိုင်တယ်။

“အရင်တုန်းကဆိုရင် မဲမပေးတော့ပါဘူး၊ ပေးရင်လည်း မထူးပါဘူးဆိုတဲ့ စကားတွေ ကြားရတယ်။ အခု ဒီတကြိမ်မှာတော့ ကျမတို့ မဲပေးချင်တယ်၊ နည်းနည်းလေး ရှင်းပြပါ၊ ဘယ်လိုပေးရမလဲဆိုတာ ရှင်းပြသွားပါဆိုတော့ ကျမတို့ တအိမ်မှာ ဝင်ပြောတယ်ဆိုရင် ဘေးကနေလည်း သူတို့ လာနားထောင်ကြတယ်။ လမ်းဘေးမှာ လမ်းသွားလမ်းလာတွေကလည်း လာနားထောင်ကြတယ်။ အဲလိုအခြေအနေ ရှိပါတယ်။”

မဲပေးတဲ့ကိစ္စကို ရှင်းပြတာက နိုင်ငံရေးပါတီတွေရဲ့ အလုပ်လား၊ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်လားခင်ဗျ။

“အမှန်တကယ် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အလုပ်ပါ။ ပညာပေးတဲ့ အနေနဲ့ လူထုပညာပေးတွေ အများကြီးလိုတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့အလုပ်၊ ကိုယ့်အလုပ်ဆိုတာ ကျမတို့ မပြောလိုတော့ဘူး။ ပြည်သူတွေ လမ်းမှန်ပေါ်မှာ မှန်မှန်ကန်ကန် ပေးနိုင်အောင်ဆိုပြီး တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီး ကိုယ့်ဘာသာကိုယ်ပဲ ရှင်းပြတယ်။”

နိုင်ငံရေးနဲ့ နီးစပ်သူတွေတောင်မှ မဲပေးနည်းကို ကောင်းကောင်း မသိကြဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောပါတယ်။

“အခုချိန်ထိ သာမန်ပြည်သူတွေတင် မဟုတ်ပါဘူး၊ နိုင်ငံရေးနဲ့ နည်းနည်း အဆက်အစပ် ရှိတယ်ဆိုတဲ့ လူတွေတောင်မှ မဲပေးတဲ့ဟာကို မဲပုံး ဘယ်နှစ်ပုံးပေးရမယ်ဆိုတဲ့ ကိစ္စတို့၊ တိုင်းရင်းသားတွေအတွက် မဲပေးရမယ့် မဲပုံးဆိုတာ၊ အဲဒါတွေကို ၄ ပုံးအထိရှိတယ် ဆိုတာကိုတောင် သေချာမသိကြဘူး။ အဲတော့ သာမန်ပြည်သူတွေဆိုရင် ပိုပြီးတော့ မသိဘူးလို့ပဲ ဆိုရမှာပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူအများ သဘောပေါက်အောင် ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်တဲ့ အချက်ကိုလည်း ဦးသောင်းဝင်းက ထောက်ပြပါတယ်။

“ကော်မရှင်က မဲပေးပုံနဲ့ဆိုင်တဲ့ နည်းစနစ်တွေကို ပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် တာဝန်ယူပြီး လုပ်ပေးရမှာကိုး။ မဲရုံတာဝန်ခံတွေအဖြစ် လုပ်မယ့်လူမျိုးတွေလောက်ပဲ ပညာပေးတဲ့ ပုံစံမျိုး ရှိတယ်။ သာမန်ပြည်သူတွေအထိ သူတို့က လှုပ်ရှားမှုတခု အနေနဲ့ မသွားနိုင်တဲ့ အခါကြတော့ သာမန် ပြည်သူလူထုက မသိဘူး။”

စစ်အစိုးရပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ မဲပေးနည်းတွေအကြောင်း ရှင်းပြတာရှိတယ် ဆိုပေမဲ့ ပြည်သူတွေက အစိုးရပိုင် သတင်းမီဒီယာတွေကို စိတ်မဝင်စားကြတာရယ်၊ မဲပေးတဲ့အကြောင်း ရှင်းပြတဲ့ ထုတ်လွှင့်မှုတွေ အကြိမ်အရေအတွက် နည်းတာရယ်တွေကြောင့်လည်း ပြည်သူအများက သိပ်သဘောမပေါက်ဘဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။

“တီဗီမှာတော့ မဲပေးဖို့ သီချင်းလောက်ပဲ ပါတယ်။ မဲကို ဘယ်လိုပေးရမယ်ဆိုတဲ့ နည်းစနစ်တွေကြတော့ မပါပြန်ဘူးဗျ။ သတင်းစာမှာလည်း အဲဒီအတိုင်းပဲ၊ နေ့စဉ်မပါဘူး။ အဲတော့ အဲဒီဟာတွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် ကျနော်တို့ သတင်းစာနဲ့ တယ်လီဗေးရှင်းတို့ ရေဒီယိုတို့အပြင် လူထုလှုပ်ရှားမှု အနေနဲ့ကို ကော်မရှင်က လိုက်ပြီး လုပ်ပေးဖို့ လိုအပ်တယ်။ အမှန်တော့ သူတို့တွေက သက်ဆိုင်ရာ ပါတီတိုင်း၊ ပါတီတိုင်းက လူတွေကို ခေါ်ပြီးတော့ သူတို့ မဲပေးပုံ နည်းစနစ်တွေ ဘယ်လိုရှိတယ်၊ ဘယ်လိုပေးရမယ်ဆိုတာ သူတို့က ကျနော်တို့ ပါတီတွေကို ပေးရမယ်။”

မဲပေးတဲ့နည်းတွေကို ပြည်သူတွေ ကောင်းကောင်းမသိကြရဘဲ ဖြစ်နေရတဲ့ ကိစ္စမှာ နိုင်ငံရေးပါတီတွေဘက်က ကျယ်ကျယ်ပြန့်ပြန့် လိုက်ပြီး မရှင်းပြနိုင်တာတွေကြောင့်လည်း ပါတယ်လို့ ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောပါတယ်။

“ကျမတို့ဘက်ကလည်း ဘယ်လိုချို့ယွင်းချက် ရှိလဲဆိုတော့ ကျမတို့က လူထုကြားထဲကို ထင်သလောက် ခရီးမပေါက်ဘူးပေါ့။ အဲဒါတော့လည်း ငွေရေးကြေးရေး အခြေအနေကြောင့်ပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေဘက်က မဲပေးနည်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းမပြနိုင်တဲ့ အချိန်မှာ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့တချို့က မဲပေးမှုဆိုင်ရာ ပညာပေး ကိစ္စတွေကို လိုက်ပြီး ရှင်းပြနေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့က ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြတာတော့ မဟုတ်ပါဘူး။ မဲပေးနည်းကို ပြည်သူတွေ ကျကျနန နားမလည်တဲ့ အတွက်ကြောင့် မှားယွင်း မဲပေးမှုတွေ ဖြစ်လာမှာကိုလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG