သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက် အခြေခံအဆောက်အဦး ခိုင်မာဖို့လို


ဒေါ်အောင်ဆန်းစုကြည်နှင့် JCCI ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့တွေ့ဆုံ (၂၇ ဇန်နဝါရီ ၂၀၁၇)
ဒေါ်အောင်ဆန်းစုကြည်နှင့် JCCI ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့တွေ့ဆုံ (၂၇ ဇန်နဝါရီ ၂၀၁၇)

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူဝင်ရောက်လာဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး စတဲ့ အခြေခံအဆောက်အဦးတွေ ကောင်း မွန် လွယ်ကူအောင် ပြင်ဆင်ပေးဖို့ လိုအပ် သလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေထဲက အချက်တချို့နဲ့ လူဝင်မှုဥပဒေ အချက် တချို့ကိုပါ ပြင်ဆင်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံကို လာရောက်တဲ့ ဂျပန်နိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် JCCI က ပြောဆိုလိုက် ပါတယ်။ JCCI အဖွဲ့တာဝန်ရှိသူတွေဟာ UMFCCI မြန်မာနိုင်ငံ စက်မှုလက်မှု ကုန်သည်များ အဖွဲ့ချုပ်နဲ့တွေ့ဆုံခဲ့ပြီး အဲဒီတွေ့ဆုံပွဲကို တက်ရောက်ဆွေးနွေးတဲ့ UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ JCCI ဂျပန် စက်မှုကုန်သည်များ အသင်းကနေပြီးတော့ UMFCCI တာဝန်ရှိသူတွေနဲ့ လာတွေ့တဲ့ အဓိက အကြောင်းက ဘာပါလဲခင်ဗျ။

ဒေါက်တာမောင်မောင်လေး UMFCCI ။ ။ အဓိကတော့ ဂျပန်မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမြဲတိုင်ပင် နှီးနှောတဲ့ အစဉ်အလာကို ဆက်လက်ထိန်း ထားတဲ့ သဘောပါ။

မေး။ ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ဘာတွေ လိုအပ်ချက်ရှိတယ်လို့ ဂျပန် ဖက်က တောင်းဆိုနေတာတွေ ရှိပါသလဲ။

ဖြေ။ ။ အဓိက သူတို့ ကုန်သည်အဖွဲ့ အားလုံးပေါင်း ၈၀ လောက်သူတို့ခေါ်လာ ပါတယ် ကုန်သည်ဆိုတာ အကြီးကြီးတွေပါ။ စိုက်ပျိုးရေး ကဏ္ဍရယ်၊ စားသောက်ကုန် လုပ်ငန်းရယ် အခြေခံ အဆောက်အဦ လုပ်ငန်းတွေမှာ ဆွေးနွေး ကြတာပေါ့နော်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိအခြေအနေကို သူတို့သိထားတာတွေလည်း ရှိပါတယ်။ သူတို့တောင်းဆို ချက်တွေကတော့ အခြေခံ အဆောက်အဦပေါ့ - ဒီဥစ္စာရယ် လမ်းပန်းဆက်သွယ်ရေးရယ် Energy ပေါ့နော် လျှပ်စစ်ရရှိဖို့ရယ် … နိုင်ငံတော် အတိုင်ပင်ခံက အားလုံးဖြည့်ဆည်းပေးမယ် လို့တော့ သူတို့ကို ပြောလိုက်ပါတယ်။ ဒါကလည်း ကျနော်တို့ ပုဂ္ဂလိက အခန်း ကဏ္ဍကလည်း ကြိုးစားပြီးတော့ နိုင်ငံတော်ကို တင်ပြထား ပါတယ်။

မေး။ ။ ဟုတ်ကဲ့အဲဒီတော့ ဂျပန်လုပ်ငန်းရှင်တွေဖက်က ဘယ်လိုကဏ္ဍမျိုးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံချင်တာပါလဲ။

ဖြေ။ ။ သူတို့ကတော့ လေကြောင်းရယ်၊ အခြေခံ အဆောက်အဦးရယ်၊ ဘဏ် လုပ်ငန်းတွေလည်း ပါပါတယ်။ ဒီ ဝန်ဆောင်မှု sector ရောပေါ့။ ဒီစက်မှုဇုန်တွေ မှာလည်း သူတို့ပါဝင်ပြီးတော့ ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ချင်တဲ့ဆန္ဒလေးတွေ ရှိ ပါတယ်။ ဒါပေမယ့်လို့ အဓိက ကျော်လွှားရမယ့် အခက်အခဲ စိန်ခေါ်မှုတွေကတော့ လျှပ်စစ်ပါပဲ။ တော်တော်များများ ကဏ္ဍအစုံမှာ သူတို့လာပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ဆန္ဒရှိပါတယ်။ သူတို့အနေနဲ့ ရှေးယခင်က မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ ၆၀-လောက် ရှိပြီးတော့ အခုတော့ ၃၀၀ လောက်နီးပါး ရှိလာတာ ကိုလည်းတွေ့ရပါတယ်။ ဆိုတော့ တဖြည်းဖြည်းနဲ့ တိုးလာပြီးတော့ မြန်မာနိုင်ငံကို အာရုံစိုက်ပြီးတော့ ရင်းနှီးမြှုပ်နှံ လာတာတွေလည်းတွေ့ရ ပါတယ်။ လူဦးရေအရ ကတော့ မြန်မာပြည် မှာရှိတဲ့ ဂျပန်တွေ သုံးထောင်နီးပါး ရှိတယ်လို့တော့ ကြားသိရပါတယ်။

မေး။ ။ သူတို့လုပ်ချင်တဲ့ အဲဒီကဏ္ဍတွေက ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာပါလဲ။

ဖြေ။ ။ အဓိကကတော့ မြို့ကြီးတွေမှာပါ၊ ဒါကို အတိအကျကတော့ သူတို့မသိ ပါဘူး။ လောလောဆယ်တော့ သီလဝါစက်မှုဇုန်တွေ ဘာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပြီးတော့ သူတို့လုပ်ဆောင်လိုတဲ့ ဆန္ဒလေးတွေ ရှိပါတယ်။

မေး။ ။ ဂျပန်နိုင်ငံဖက်က သူတို့ရည်မှန်းထားတဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့ကဏ္ဍတွေ ရှိပေမယ့် မြန်မာလုပ်ငန်းရှင်တွေဘက်က ကျတော့ကော ဂျပန်က ဘယ်လိုကဏ္ဍ မျိုးကို လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ပိုကောင်းမယ်လို့ တွေးထားတာရှိပါသလဲ။

ဖြေ။ ။ မြန်မာလုပ်ငန်းရှင်တွေကတော့ အခြေခံအဆောက်အဦကဏ္ဍတွေမှာ ဂျပန်က ဝင်ရောက်ပြီးတော့ ထုတ်လုပ်စေချင်တာရယ် နောက်တချက်က လျှပ်စစ်တို့ အသေးစား တို့မှာ ပူးပေါင်းပြီးတော့ ဖက်စပ်လုပ်ငန်းတွေမှာ ပါဝင်စေလို တာတွေပေါ့။ ဟို ဂျပန်ရဲ့နည်းပညာရယ် ဂျပန်ရဲ့ Continuous improvement ပေါ့ ဆက်လက်တိုးတက်အောင် လုပ်ဆောင်တဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေပေါ့နော်။ ဒါလေးတွေကိုလည်း မြန်မာနိုင်ငံက အတုခိုးချင်ပါတယ်။

မေး။ ။ အဲဒီတော့ ဒီလိုမျိုး ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာနိုင်ငံ သားတွေ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ထိ ပေါ်လာနိုင်ပါသလဲ။

ဖြေ။ ။ တော်တော်လေး ပေါ်လာမယ်လို့တော့ မျှော်လင့်ရတာပေါ့။ ဒီ အလုပ်သမား များများ သုံးရတဲ့ လုပ်ငန်းတွေမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံပြီးတော့ ဂျပန်ဈေး ကွက်နဲ့ တခြားဈေးကွက်ကို ဖက်စပ်လုပ်ကိုင်ချင်တဲ့ ဆန္ဒလေးတွေ ဖြစ်ပေါ်စေ ချင်တာပေါ့လေ။ ရင်းနှီးမြှုပ်နှံတဲ့ ဥပဒေတွေမှာ ပြင်စရာလေးတွေရော တချို့လည်း လူဝင်မှုဥပဒေမှာ အကန့်အသတ်ရှိတာလေးတွေကို ဖြေဖျောက်ပေးစေလိုတဲ့ ဆန္ဒရှိတာကို တွေ့ရပါတယ်။

JCCI ဂျပန်ကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ Mr.Akio Mimura ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ပြီး၊ ဒီကနေ့ သူတို့ရဲ့ ခရီးစဉ် အဆုံးမသတ်ခင်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နဲ့လည်း တွေ့ဆုံပြီးနောက် Park Royal Hotel မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG