သုံးရလွယ်ကူစေသည့် Link များ

ပုဂ္ဂလိကပိုင်ပြောင်း ကြယ်ငါးပွင့် သင်္ဘောသားတွေ အလုပ်ထွက်ခွင့်မရ


ကြယ်ငါးပွင့်ကုမ္ပဏီပိုင် ပင်လယ်ကူး သင်္ဘောတစီး

ပုဂ္ဂလိကပိုင်အဖြစ် ဦးပိုင်ကုမ္ပဏီကို လွှဲပြောင်းရောင်းချခဲ့တဲ့ ကြယ်ငါးပွင့်ကုမ္ပဏီ ၀န်ထမ်းတွေကို နှစ် လ ပြီးရင် ဆန္ဒရှိလို့ ထွက်ချင်ရင် ထွက်ခွင့်ပြုမယ် ဆိုပေမဲ့ အခု အချိန်စေ့သွားတဲ့နေ့မှာ သင်္ဘောသားလိုင်စင်စာအုပ်နဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်မလွှဲပေးတဲ့အတွက် အလုပ်က ထွက်ချင်တဲ့ ၀န်ထမ်းတွေ မကျေမနပ် ဖြစ်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

သင်္ဘောသား ၀န်ထမ်းတွေ၊ အရာရှိတွေ အနေနဲ့က ကြယ်ငါးပွင့် ကုမ္ပဏီက သိမ်းဆည်းထားတဲ့ သင်္ဘောသား လက်မှတ်တွေနဲ့ နိုင်ငံကူး လက်မှတ်တွေ ပြန်ရမှာသာ အခြား သူတို့လုပ်လိုတဲ့ ကုမ္ပဏီကို လျှောက်ထား ကူးပြောင်း အလုပ်လုပ်နိုင်မှာပါ။ အခုလို သူတို့ ဒီလက်မှတ်တွေကို ထုတ်မပေးတာကြောင့် သင်္ဘောသား အရာရှိ အတော်များများ မကျေမနပ် ဖြစ်နေကြပါတယ်။

ကြယ်ငါးပွင့်ကုမ္ပဏီကို ဧပြီလဆန်းတုန်းကစလို့ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနကနေ ဦးပိုင်လီမိတက်ကို လွှဲပြောင်းပေးပြီး ပုဂ္ဂလိကပိုင် လုပ်ခဲ့တာပါ။ ကြယ်ငါးပွင့် ကုမ္ပဏီမှာ လုပ်နေဆဲ အရာရှိတွေ၊ ၀န်ထမ်းတွေကို ထွက်လိုက ထွက်ခွင့်ပေးမယ်၊ ဆက်လုပ်လိုရင်လည်း ပုဂ္ဂလိက ကုမ္ပဏီသစ်အောက်မှာ လစာတိုးပေးမယ်လို့ အဲဒီတုန်းက အမှုဆောင်ညွှန်ကြားရေးမှူးက ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီ၊ မေ နှစ်လ ဆက်အလုပ်လုပ်ပေးကြဖို့ မေတ္တာရပ်ခံတာကြောင့် ၀န်ထမ်းတွေ ဆက်အလုပ်လုပ်ခဲ့ကြရတာပါ။

ဒါပေမဲ့ အခု ရက်ပြည့်သွားပေမဲ့ အတော်များများကို သူတို့ရဲ့ သင်္ဘောသားလိုင်စင်နဲ့ နိုင်ငံကူးလက်မှတ်တွေ ပြန်မပေးဘဲ ဆက်ပြီး အလုပ်လုပ်ဖို့ ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ လက်ရှိ ကြယ်ငါးပွင့် ကုမ္ပဏီက အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ရက်ပေါင်း ၆၀ စကျော်တဲ့နေ့မှာ ကျနော်တို့ရဲ့ CDC တွေ၊ Passport တွေကို၊ CDC က ကျနော်တို့ရဲ့ သင်္ဘောသားစာအုပ်၊ Passport ကတော့ သူတို့လက်ထဲမှာပဲ သိမ်းထားတဲ့လူတွေ ရှိတယ်၊ သင်္ဘောသားတွေ လက်ထဲမှာလည်း ရှိတယ်။ အဲဒီနှစ်ခု သူတို့ရုံးက ၀န်ထမ်းတွေလက်ထဲ ရောက်ရင် သူတို့က ကျနော်တို့ DNA ကို လွှဲပေးမယ်ဆိုပြီး ကတိပေးထားပြီးသား။ အဲတော့ DNA ကို သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန SECD ကို မလွှဲပေးဘဲနဲ့ ကျနော်တို့ရဲ့ CDC တွေ၊ Passport တွေကို မလွှဲဘဲနဲ့၊ မလုပ်ချင်ပါဘူးလို့၊ သူတို့ရဲ့ လစာအသစ်တွေလည်း ကျနော်တို့သိတယ်၊ သိပေမဲ့လည်း သူတို့ လစာဘယ်လောက်ပေးပေး မလုပ်ချင်ပါဘူး ဆိုတာတောင်မှ ကျနော်တို့ကို ဒီမနက်မှာတင် အသစ်လုပ်ခိုင်းတယ်။ ကျနော်တို့ ဒါကို သည်းမခံနိုင်ဘူး။ သူတို့စောင့်ခိုင်းတဲ့ ၂ လဆိုလို့လည်း စောင့်ခဲ့ပြီးပြီ။ ရက်ပေါင်း ၆၀။ တလတလဆိုတာ ကျနော်တို့လည်း ထမင်းစားနေရတာပါ။ အဲတော့ ကျနော် လုံးဝ သည်းမခံနိုင်တော့ ILO တွေ ဘာတွေ တိုင်ဖို့လည်း စဉ်းစားပြီးပြီ။”

အရင် ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ လက်ထက်မှာတုန်းက အကိုတို့ ကန်ထရိုက်အနေနဲ့ လုပ်ရတာလား၊ ဘယ်လိုမျိုးလဲ၊ ကန်ထရိုက်ပြည့်ပြီလား၊ ကန်ထရိုက်အနေနဲ့ ထားတာလား။

“အရင် ကြယ်ငါးပွင့်က ပို့ဆောင်ရေး ၀န်ကြီးဌာနအောက်က၊ အစိုးရကုမ္ပဏီ။ အခုကြယ်ငါးပွင့်က ဦးပိုင်ရဲ့ ကုမ္ပဏီ။ ပုဂ္ဂလိကလို့ပဲ ပြောရမှာပေါ့။ သူတို့က ဦးပိုင်ကို ပုဂ္ဂလိကလို့ပဲ ပြောမှာပဲ။ အဲဒီနဲ့ ထားခဲ့တဲ့ ကန်ထရိုက်ဆိုတာနဲ့တော့ Bond သဘောမျိုးပေါ့၊ အဲဒီသဘောမျိုး ရှိခဲ့ရင်တောင်မှ ဒီကြယ်ငါးပွင့်ကြီး ပျက်သွားပြီးလို့ ကျနော်တို့ကိုတောင် လျော်ကြေးတွေ ပြန်ပေးနေပြီ။ လက်မှတ်တွေ၊ ဓာတ်ပုံတွေ ပေးပြီးပြီ။ ပင်စင်ရုံးကိုတင်ဖို့ ကျနော်တို့ Gratuity တွေ၊ ပင်စင်တွေ အတွက်ကို ဘယ်လိုပေးမယ်ဆိုတာ ပါးစပ်တွေက ပြောနေပြီ။”

အခု ဦးပိုင်က လွှဲယူလိုက်တဲ့ ဒီကြယ်ငါးပွင့် လုပ်ငန်းမှာ အကိုတို့က ဘာကြောင့် ဆက်မလုပ်ချင်တာလဲ။

“သူတို့ဆီမှာ အခု လစာတိုးပေးတယ် ပြောတယ်။ ဒီ တိုးတဲ့လစာ ဆိုတာလည်း အပြင်လိုင်းတွေနဲ့၊ တကယ့်ကောင်းတဲ့ လိုင်းတွေနဲ့ ထက်ဝက်ကွာတဲ့ လိုင်းတွေရှိတယ်။”

လစာ ဘယ်လောက် ထပ်တိုးပေးလဲခင်ဗျ။

“Chief Mate တို့ အမြင့်ဆုံးမှ စင်ကာပူဒေါ်လာ ၂၅၀၊ ၃၀၀ လောက်ပဲရတယ်။ အခု အမြင့်ဆုံး Captain ရာထူးတယောက်က အမေရိကန် ဒေါ်လာ ၅,၀၀၀ ရတယ်။ ဒါအမြင့်ဆုံး ၅,၀၀၀ ရှိတယ်၊ ၃,၀၀၀ ကျော်ရှိတယ်၊ ၄,၇၀၀ ရှိတယ်။ အဲလောက်တော့ တိုးပေးထားတယ် လစာက။ အပြင်ကုမ္ပဏီတခုမှာ Captain တယောက်က ၈,၀၀၀ ကျော်၊ ၉,၀၀၀ ကျော်၊ ၁၀,၀၀၀ အထိ ရတဲ့လိုင်းတွေရှိတယ်။ နည်းတဲ့လိုင်းတွေလည်း ရှိတာပေါ့။ သူတို့ကတော့ နည်းတဲ့လိုင်းတွေနဲ့ သွားယှဉ်ပြီးတော့ အနည်းဆုံးလိုင်းထက်တောင် သူတို့က နည်းနည်း နည်းနေသေးတယ်။”

အခုက ပြဿနာကလည်း သင်္ဘောသား စာအုပ်တွေကို အကိုတို့ကို ပြန်အပ်တော့မှာ အကိုတို့ တခြားအလုပ်ကို လုပ်ရမယ့်သဘော ဖြစ်နေတာပေါ့။

“ဟုတ်တယ်၊ ကျနော်တို့က ကိုယ့်ပညာအရည်အချင်းနဲ့ ရေကြောင်းသိပ္ပံကျောင်း ဆင်းပြီးတော့ ဒီအလုပ်ကို လုပ်နေတာ။ ကိုယ့် အရည်အချင်းနဲ့ ကိုယ်လုပ်နေတာ။ သူတို့ပြောထားတဲ့ ကတိအတိုင်းဆိုရင် ကျနော်တို့ရဲ့ CDC တွေ၊ Passport တွေ၊ စာအုပ်တွေကို DNA ကို လွှဲရမယ်။ လွှဲပြီး ကျနော်တို့က အပြင်ကုမ္ပဏီမှာ လျှောက်မယ်။ လျှောက်ပြီး အပြင်ကုမ္ပဏီက ခေါ်စာရရင် DNA မှာ ကျနော်တို့ သွားထုတ်မယ်။ ဒါ အပြင်ကုမ္ပဏီတွေ Uniteam တို့ ဘာတို့ အဲဒီလိုင်းတွေ လုပ်ပုံလုပ်နည်းအတိုင်း ဖြစ်သွားရမယ်။ ဒါကို ဒီစာအုပ်တွေ မလွှဲဘဲနဲ့ ကပ်တပ်တပ် လုပ်နေတဲ့သဘောပေါ့။”

ကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီကို ၁၉၅၉ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး အစိုးရက စီမံလုပ်ကိုင်ခဲ့တာပါ။ အခု ဧပြီလ ၁ ရက်မှာတော့ စစ်တပ်ပိုင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ကနေ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းယူခဲ့ပါတယ်။ ကြယ်ငါးပွင့်မှာ ၀န်ထမ်း အရေအတွက် ၁,၀၀၀ ၀န်းကျင်နဲ့ သင်္ဘောတွေပေါ်မှာ ၀န်ထမ်း ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အများစုဟာ ပိုပြီး ၀င်ငွေ ကောင်းတဲ့ အခြား သင်္ဘောလိုင်းတွေကို ပြောင်းရွှေ့လိုပေမဲ့ ၀န်ထမ်းတွေရဲ့ သင်္ဘောသားလိုင်စင်နဲ့ နိုင်ငံကူးလက်မှတ်တွေကို ကုမ္ပဏီက သိမ်းဆည်း ထားတာကြောင့် အလုပ်ပြောင်းလျှောက်ဖို့ အခက်ကြုံနေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG