သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း ရေဘေးသင့်သူ ၅ သိန်းလောက်ရှိနေ 


ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြှင့်တက်ပြီး ရေကြီးနေပုံ (MOI)
ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြှင့်တက်ပြီး ရေကြီးနေပုံ (MOI)

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်နယ် တိုင်းငါးခုမှာ ပြည်သူပေါင်း ငါးသိန်းလောက် ရေဘေးသင့်ခဲ့ရပြီး အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးတွေကို လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ သြဂုတ်လ ၇ရက်နေ့အထိတော့ ရေဘေးသင့်ပြည်သူပေါင်း သုံးသိန်း ငါးသောင်းကျော်ကိုတော့ ရေဘေးလွတ်ရာကိုပို့ဆောင်နိုင်ခဲ့တယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ နှစ်မြုပ်ခံရတဲ့အိုးအိမ်တွေနဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မျိုးစပါးတွေအတွက် ဘယ်လိုကူညီမှုတွေလိုအပ်နေပါသလဲဆိုတာ မဆုမွန်က စုံစမ်းမေးမြန်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ မိုးများပြီး မုတ်သုံမိုးအားကောင်းခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပြီး လူသိန်းချီ ရေဘေးဒဏ်သင့်ခဲ့ရပါတယ်။ ပြည်နယ်တိုင်းငါးခုမှာတော့ အနည်းဆုံးရေဘေးသင့်ပြည်သူ ငါးသိန်းလောက်ရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ပြည်နယ်နဲ့တိုင်းမှာအားလုံးပေါင်း ၅ ခုရှိတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နောက်ပြီးတော့ မကွေးတိုင်းပါတယ် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းပါတယ် ၅ ခုပေါ့နော် ပြည်နယ်နဲ့တိုင်း ၅ ခု။ နောက်ကချင်ကတော့ တော်တော်အဆင်ပြေသွားပြီ ကချင်မှာစဖြစ်တုန်းက အများကြီး ကယ်ဆယ်ရေးတွေ လုပ်လိုက်ရတယ်။ အခု ဒီ ၅ တိုင်းမှာဖြစ်နေတာပေါ့။ ဖြစ်နေတော့ အခုအနည်းဆုံးကတော့ လူဦးရေ ၅ သိန်းလောက်ရှိတယ်။

မေး။ ။ အခုတိုင်းနဲ့ပြည်နယ် ၅ ခု အတွင်းမှာ ၅ သိန်းနီးပါးလောက် ဖြစ်တဲ့ ရေဘေးဒုက္ခသည်တွေအတွက်ပေါ့နော် အားလုံးလုံလုံလောက်လောက်ရှိပါရဲ့လား ဆရာ ပြည်နယ်နဲ့တိုင်းအကုန်လုံး။

ဖြေ။ ။ ရှိတယ် လုံလုံလောက်လောက်ရှိတယ်။ လုံလုံလောက်လောက်ရှိတယ် ဆိုတာ ဘာလဲဆိုတော့ စာရင်းအတိအကျရအောင် ကျနော်တို့ကောက်နေတယ်။ ကောက်တယ်ဆိုတာ ကနဦးစာရင်းတွေကို ကျနော်တို့ကောက်ပြီးတော့ ကနဦးစာရင်းအတိုင်းလှူတယ်။ လှူတဲ့အခါကျတော့ တချို့ ကနဦးစာရင်းထက်ပိုလာတာတွေရှိတာပေါ့နော်။ ပိုလာရင် ထပ်ဖြည့်ပေးတယ်။ ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်။ နိုင်နိုင်နင်းနင်းရှိနေတယ်ပေါ့နော် ဘားဂျက်အရလည်း နိုင်တယ်။ လူအင်အားကလည်း လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် နိုင်နင်းနေပါတယ်။”

တနင်္ဂနွေနေ့ကတော့ ရေဘေးဒဏ်သင့်ခဲ့တဲ့ မကွေးတိုင်းကို နိုင်ငံတော်သမ္မတကိုယ်တိုင်သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး မကွေးတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေ ကြုံနေရတဲ့ လက်ရှိအခြေအနေကို သမ္မတနဲ့အတူ လိုက်ပါသွားတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးက အခုလို ရှင်းပြပါတယ်။

“အဲဒီဘက်မှာ ရေပြန်ကျနေပြီ။ တဖြည်းဖြည်းနဲ့ ကျတော့မယ် ကယ်ဆယ်ရေးစခန်းမှာရောက်နေတဲ့ လူတွေလည်းအဆင်ပြေအောင် အဲဒီမှာ လောက်အောင်ကျနော်တို့ဆောင်ရွက်နေပါတယ် ကျနော်တို့ ကတွက်ပေးထားတဲ့ပုံစံအတိုင်းလေ။ အခုကတော့ သေသေချာချာကို ရေမကျမခြင်း သူတို့နေတဲ့အရပ်ကို ပြန်မရောက်မချင်း ထောက်ပံ့မယ်ဆိုတဲ့ မူတွေလုပ်လိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ဆက်ပြီးထောက်ပံ့နေတယ်။”

ဒီကနေ့ တနင်္လာနေ့မှာတော့ ရေဘေးဒဏ် ဆိုးဆိုးရွားရွားသင့်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်ကို သွားရောက်ပြီး နေအိမ်မပြန်နိုင်သေးတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးတွေကို ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့အတူ လူကယ်ပြန်ဝန်ကြီးတို့ ရေဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“မနေ့တုန်းက သမ္မတကြီးနဲ့ ပခုက္ကူဘက်ကိုသွားတယ်။ ညကပြန်လာပြီးတော့ ဒီနေ့မနက် ဧရာဝတီဘက်ကို သွားတယ်။ ဧရာဝတီဆိုတော့ အခုကျနော်ရောက်နေတဲ့နေရာက ညောင်တုန်း၊ ပန်းတနော်၊ ဇလွန် ။ အခုဇလွန် ရောက်နေတယ်။ အဲဒီပတ်ဝန်းကျင်မှာ ၃ သောင်း ၉ ထောင်လောက်ရှိတယ်။ ရေအခြေအနေကတော့ တဖြည်းဖြည်းကျလာတယ်။ တဖြည်းဖြည်းကျမယ် နောက်ကို ကျမယ့်အနေအထားရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုရေတက်ရက်က ဒီနေ့နောက်ဆုံးပဲ အခု ဧရာဝတီမှာလေ။”

ပဲခူးတိုင်းအတွင်းမှာလည်းမြို့နယ်တော်တော်များ ရေကြီးခဲ့ပါတယ်။ ဒိုက်ဦးမြို့နယ်ထဲမှာ ရဲစခန်းနဲ့ ဆေးရုံက လူနာတွေပါ ရွှေ့ပြောင်းခဲ့ရပါတယ်။ ပဲခူးတိုင်းအတွင်းမှာ လယ်ယာတွေ ရေလွှမ်းမိုးခဲ့ပြီး မိုးစပါးတွေ ဆုံးရှုံးခဲ့တဲ့အခြေအနေကိုတော့ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က လယ်သမားကြီးဦးတင့်လွင်က အခုလိုပြောပြပါတယ်။

“ကျနော်တို့က ဒိုက်ဦးမှာနေပါတယ်ခင်ဗျ။ အခုကျနော်တို့ ရေကြီးတဲ့အချိန်မှာ ပြောမယ်ဆိုရင် ပြီးခဲ့တဲ့ ၁၀ စုနှစ် လောက်ကနေပြီးတော့ တခါမှ ဒီလောက်ကြီး ရေမကြီးဘူး။ အခုကြီးတာက ပြည်သူတွေ တော်တော်များများ ပြည်သူတွေ ဒုက္ခရောက်သွားတာပေါ့နော်။ စိုက်ဧက ကတော့ ကျနော်တို့မြို့နယ်မှာ ၁ သိန်း ၈ သောင်းကျော်လောက်ရှိတယ်။ အဲဒါတွေ အကုန်လုံးရေလွှမ်းမိုးသွားတယ်။”

အိုးအိမ်တွေရေနှစ်မြုပ်ခဲ့ရတဲ့ ရေဘေးသင့်ပြည်သူ သုံးသိန်းငါးသောင်းကျော်ကိုတော့ ရေဘေးလွတ်ရာနဲ့ ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပြီး ပြည်နယ်တိုင်းအစိုးရအဖွဲ့ လူမှုဝန်ထမ်းကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အလှူရှင်တွေက ကူညီပံ့ပိုးနေကြပါတယ်။ ဒါပေမဲ့ ရေပြန်ကျသွားတဲ့အချိန် ရေဘေးဒုက္ခသည်တွေ နေထိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အရေးတကြီးဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG