သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်၊ တိုင်းဒေသကြီး ၆ ခုမှာ ဧရာဝတီ၊ ချင်းတွင်း မြစ်ရေကြီး


ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြှင့်တက်ပြီး ရေကြီးနေပုံ (MOI)
ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြှင့်တက်ပြီး ရေကြီးနေပုံ (MOI)

လက်ရှိတစ်နိုင်ငံလုံးအနှံ့မှာရေလွှမ်းမိုးနေတာကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး၆ ခုမှာလူဦးရေ ၁ သိန်းနီးပါးပြောင်းရွှေ့နေထိုင်နေရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ ရေဘေးဒဏ်ခံနေရတဲ့ ဒေသတွေမှာသက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းပြီးကူညီဆောင်ရွက်မှုတွေလည်းလုပ်နေတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းကပြောပြပေးပါမယ်။

ဇူလိုင်လနောက်ဆုံးပတ်ထဲက ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ ကြီးတာကြောင့် တစ်နိုင်ငံလုံးနီးပါးရေကြီးရေလျှံမှုတွေ ရင်ဆိုင်ခဲ့ရပြီးလက်ရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး ၆ ခုမှာရေဘေးသင့်သူဦးရေ ၁ သိန်းနီးဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကအခုလိုပြောပါတယ်။

“အခုအခါမှာ ပြည်နယ်တိုင်းက ၆ ခုရှိတယ်ပေါ့ ရေဘေးသင့်ဖြစ်နေတာလေ။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ကချင်၊ ပဲခူး ဘက်ကို အမ။ အဲဒီထဲမှာဆိုရင် စစ်ကိုင်း၊ မကွေး၊ မန္တလေး တို့ကတော့နည်းနည်းများတယ်။ ကျန်တဲ့ပြည်နယ်တိုင်းကတော့ နည်းနည်းလေးနည်းသေးတာပေါ့။ နည်းသေးတဲ့အခါကျတော့ လူဦးရေစုစုပေါင်းအနေနဲ့ ဆိုရင် ၉ သောင်း ၇ ထောင် ၊ ၁ သိန်းလောက်တော့ရှိပြီ။ ၉ သောင်း ၇ ထောင် ဆိုတာ မနက်က ညီမတို့ စာရင်း ။ ဒါပေမယ့် မန္တလေးတို့မှာ ထပ်တိုးနေတာရှိတယ် ။ ၁ သိန်းနီးပါးတော့ရှိပါပြီ အခုအချိန်မှာ။”

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာတော့ အခြားဒေသတွေထက် ပိုပြီးရေဘေးသင့်နေတာပါ။

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ တောင်သမန်အင်းမှာလည်းရေကြီးရေလျှံနေတာကြောင့် ဦးပိန်တံတားပေါ်မှာလည်းရေလွှမ်းခဲ့ပါတယ်။

သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် အစိုးရတွေနဲ့ ပူးပေါင်းပြီးပြောင်းရွှေ့နေထိုင်ရေး၊ စားနပ်ရိပ်က္ခာစတဲ့ ကူညီထောက်ပံ့မှုတွေ ပေးနေတယ်လို့လည်းဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။

“ဘေးဖြစ်လို့ပြောင်းတာရွေ့တာ ကယ်ဆယ်ရေးစခန်းတွေဖွင့်တာ အဲဒီနေရာတွေမှာကျတော့ ညီမတို့ ဝန်ကြီးဌာနတခုထဲနဲ့ မလုပ်ပါဘူး။ အဲဒီမှာကျတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ မီးသတ်တို့၊ ကြက်ခြေနီတို့ ရဲတို့ပေါ့နော်။ နောက် ညီမတို့ရဲ့ ဝန်ကြီးဌာန ဦးစီးဌာန အဲဒီအစိုးရအဖွဲ့တွေနဲ့ပေါင်းပြီး ဒေသမှာ ကတော့ အဲလိုအဖွဲ့တွေစုပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်တယ်အမ။ ညီမတို့ရဲ့ ဝန်ကြီးဌာနအနေနဲ့ကတော့ အဲဒီဘေးသင့်ပြည်သူတွေကို အဓိကအားဖြင့်တော့ ထောက်ပံ့တဲ့လုပ်ငန်းတွေလုပ်တယ်။အခုလက်တလောမှာက သူတို့လိုအပ်တာက အရေးပေါ်စားနပ်ရိက္ခာလိုတဲ့အခါကျတော့ ညီမတို့က ဆန်တို့၊ ခေါက်ဆွဲခြောက်တို့ ရေသန့်တို့ နောက် မိသားစုတွေအတွက် ငါးသတ္တာဘူးတို့ အဲလိုမျိုးသူတို့လိုအပ်ချက်လေးကို ထောက်ပံ့နေပါတယ် အဓိကအဲဒီပစ္စည်းတွေပါ။”

လက်ရှိကူညီထောက်ပံ့မှုတွေအတွက် လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့ သဘာဝဘေးရန်ပုံငွေအပြင် အစိုးရကသီးသန့်ချထားပေးတဲ့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေကိုပါ အသုံးပြုနေရတယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြင့်တက်ခဲ့တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေဟာ မြစ်အောက်ပိုင်းကိုဆက်လက်စီးဆင်းလာမှာဖြစ်လို့ ပခုက္ကူမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တွေမှာသတိထားဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသလိုလူမှုဝန်ထမ်းဝန်ကြီးဌာနအနေနဲ့လည်းသက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG