သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာတွေ အတွက် နိုင်ငံခြားရေး ဌာန အစီအစဉ်သစ်


မြန်မာသံရုံးရှေ့မြင်ကွင်း။
မြန်မာသံရုံးရှေ့မြင်ကွင်း။

အရင်စစ်အစိုးရ အဆက်ဆက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် ပြည်ပ ကိုရောက်ရှိပြီး ပိတ်ပင်ခံထားရတဲ့ အမည်မည်းစာရင်း (Black List)မှာ ပါဝင်နေတဲ့မြန်မာနိုင်ငံသားတွေ ပြည်တွင်းပြန်လာနိုင်ရေး ပထမရက် (၁၀၀)အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က မနေ့က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း ဂျပန် အပါအဝင် နိုင်ငံအတော်များများမှာ ရှိတဲ့ မြန်မာနိုင်ငံ သားဟောင်းတွေ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာရဖို့ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်ဆံရာမှာ ဘယ်လို အခက်အခဲတွေရှိနေသလဲ ဆိုတာ ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်ကအပြည့်အစုံပြောပြမှာပါ။

NLD အစိုးရသစ်လက်ထက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပထမ ရက် (၁၀၀) အတွင်းဘာတွေဆောင်ရွက်သွားမလဲဆိုတာနဲ့ပတ်သက်လို့ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ရဲ့ ပြောကြားချက်ကို မနေ့က ပြန်ကြားရေး ဝန်ကြီးဌာန ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖေါ်ပြခဲ့တာပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက ရာဇဝတ်မှုကင်းရှင်းပြီး ယုံကြည်ချက်ကြောင့် ဒါမှမဟုတ် နိုင်ငံရေး လှုပ်ရှားမှုကြောင့် အမည်မည်းစာရင်းဖေါ်ပြခံထားရသူတွေကို ပယ်ဖျက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ့် အကြောင်း ဦးကျော်တင်က အခုလိုပြောသွားပါတယ်။

"ရာဇဝတ်မှုတွေ ကျူးလွန်သွားတာမဟုတ်ပဲနဲ့ နိုင်ငံရေးယုံကြည်ချက်သပ်သပ်နဲ့ ပိတ်ပင်တားမြစ်ထားတာ ဆိုရင် အဲ့လိုလူတွေ ပြန်လာခွင့်ရအောင် ကျနော်တို့အနေနဲ့ သက်ဆိုင်ရာ သံရုံးနဲ့ညှိနှိုင်းပြီး ရက်တစ်ရာအတွင်း အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

ဒါအပြင် ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေး စတာတွေမှာ နိုင်ငံတကာ အတွေ့အကြုံတွေ ရှိတဲ့ အတွက် မြန်မာနိုင်ငံကို ဖိတ်ခေါ်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာပါဝင်နိုင်အောင် NLD အစိုးရကကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက်လည်း သူတို့တွေကို ပြည်တွင်းနေထိုင်ခွင့် ဗီဇာသက်တမ်း (၆)လအထိ တိုးမြင့်သတ်မှတ်ပေးဖို့ ဆောင်ရွက်နေကြောင်း ဦးကျော်တင်က အခုလိုပြောပါတယ်။

" ပြည်ပရောက်နိုင်ငံသားဟောင်းတွေပေါ့နော် လာမယ်ဆိုရင် ၂၈ရက်လောက်ပဲ ခွင့်ပြုတာပေါ့နော်။ ဆိုရှယ် Visit ပေါ့နော် အဲ့တာထက် ပိုမိုကြာကြာ သုံးလတန်သည် ခြောက်လတန်သည် တိုးမြင့်ကြာကြာ နေခွင့်ရဖို့ သူတို့လျှောက်လွှာတွေနဲ့ပတ်သက်ပြီးတော့ ပိုမိုပြီးတော့ လျှင်မြန်လွယ်ကူ သွက်လက်စေဖို့ ဖြေလျော့ပေးမှုတွေနဲ့ သက်ဆိုင်ရာနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ညှိနှိုင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ "

ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းတွေပြန်ခွင့်ရဖို့ NLD အစိုးရက စတင်ကြိုးစားဆောင်ရွက်နေချိန်မှာပဲ သက်ဆိုင်ရာမြန်မာသံရုံးတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ အများကြီးရှိနေသေးကြောင်း အမည်မည်းစာရင်း ထည့်သွင်းခံ ထားရတဲ့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသူ ကိုထွန်းေ၀ ကပြောပါတယ်။

" အခုလက်ရှိအစိုးရပြောင်းလဲသွားပြီ သံအမတ်တွေ မပြောင်းလဲသေးပါဘူး။ အဲ့တော့ မြန်မာ ၉၉% တော်တော်များများ မပြန်ကြသေးပါဘူး။ ဘာကြောင့် မပြန်သေးလဲ ဆိုတော့ သံရုံးကို ပိုက်ဆံပေးရမှာစိုးလို့ မပြန်သေးတာ။ ပိုက်ဆံကို ဘာကြောင့် ပေးရသလဲဆိုတော့ အဲ့ဒီ့ပေးလိုက်တဲ့ပိုက်ဆံက ဗမာပြည်အစိုးရ လက်ထဲကို အခုအစိုးရသစ်လက်ထဲ ပညာရေးစားရိတ်တွေမှာ သုံးမယ်။ မီးမလာတဲ့နေရာတွေမှာသုံးမယ်။ ဒီလိုဆို ပေးရကျိုးနပ်ပါတယ်။ အဲ့ဒီ့အတွက် သို့လောသို့လောနဲ့ မြန်မာသံရုံးက သံအမတ်တွေကို မယုံလို့ မပြန်ကြသေးပါဘူး။ အစိုးရသာပြောင်းလဲသွားတာ လူတွေက မပြောင်းလဲသေးတော့ ဒီလူတွေကို မယုံလို့ မပြန်ကြသေးတဲ့သူတွေ အများကြီးရှိတယ်လို့ ကျနော်က သုံးသပ်မိပါတယ်။"

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကတော့ မြန်မာသံရုံးတွေ ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အားကိုး အားထားရာအဖြစ် ကြိုးပမ်း ဖော်ဆောင် သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေနဲ့ဆက်ဆံရာမှာ အခက်ခဲတွေရှိနေပြီး အခုချိန်ထိ ပြည်ဝင်ခွင့်ဗီဇာ မရသေးသူတွေထဲ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ထင်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ မခင်ဥမ္မာတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ဘာအကြောင်းပြချက်မှ မပေးပဲ ဗီဇာ အခုချိန်ထိ ထုတ်မပေးသေးဘူးလို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG