သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးအစီရင်ခံစာ ကုလညီလာခံတင်သွင်း


 ကုလသမဂ္ဂ ရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee
ကုလသမဂ္ဂ ရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee

အစိုးရသစ်အောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်သလို၊ စစ်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းမှုအခြေအနေဟာ မပြီးပြတ်သေးဘူးလို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြခဲ့ပါတယ်။ သတင်းထုတ်လွှင့်နေစဉ် အခုအချိန်မှာပဲ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ တင်သွင်းနေတာပါ။ ဒါကို စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ဒီအကြောင်းပြောပြပါမယ်။

အခု Ms Yanghee Lee ပြောဆိုသွားတဲ့အထဲမှာတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အခြေအနေ နောက် ဥပဒေစိုးမိုးမူနဲ့ ဥပဒေပြင်ဆင်ဖို့ လိုအပ်ချက်တွေ၊ နောက်ဖွဲ့စည်းပုံပြန်လည် ပြင်ဆင်ရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ် ကိစ္စတွေ ၊ နောက်ရခိုင်ပြည်နယ်အခြေအနေတွေကို အလေးထားပြီးပြောသွားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ တွေ့ခဲ့တာတွေကိုအခြေခံပြီးတော့အခု တင်သွင်းတာဖြစ်တယ်လို့ဆိုပါတယ်။ အခုလက်ရှိအစိုးရသစ်အနေနဲ့ ဒီလူ့အခွင့်အရေးတိုးတက်မှုအတွက် စိန်ခေါ်မှုတွေ အကဲစမ်းချက်တွေရှိနေတာကို ဒီအစီရင်ခံစာအတွင်းမှာ ထည့်သွင်းထောက်ပြသွားပါတယ်။

အစိုးရသစ်ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးစိန်ခေါ်မှုတွေ အကဲစမ်းချက်တွေကို ဒီအစီရင်ခံစာအတွင်းမှာ ထည့်သွင်းထားပါတယ်။ ဒီစိန်ခေါ်ချက်တွေအတွက် ရေတို ရေရှည် ရေလတ် အားဖြင့် ဘယ်လိုမျိုးလုပ်ဆောင်သင့်သလဲဆိုတဲ့အကြံပြုချက်တွေကိုလည်း ဒီအစီရင်ခံစာအတွင်းမှာ ထည့်သွင်းထားတယ်ဆိုပြီးတော့ ကုလသမဂ္ဂ ရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ကနေပြီးတော့ ပြောဆိုသွားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဆိုတဲ့နေရာမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်ကနေပြီးတော့ လွှတ်ပေး တာကို အပြုသဘော သူချီးကျူးထားပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ခေတ်မမှီတော့တဲ့ ဥပဒေတွေနဲ့ လက်ရှိဖမ်းဆီးထိန်းသိမ်းခံနေရစဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်ဆိုတာကို ထောက်ပြပါတယ်။ အထူးသဖြင့်တော့ အလုပ်သမားရေးလှုပ်ရှားသူတွေ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် တချိန်တည်းမှာပဲ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေ ကန့်သတ်ခံနေရတဲ့ကိစ္စတွေ၊ နောက်ပြည်ပရောက် မြန်မာတွေ အရင်တုန်းက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ပိတ်ပင်ခံနေရတဲ့ကိစ္စတွေ၊ ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေ ၊ သတင်းထောက်တွေကို တချို့ပစ်မှတ်ထားပြီး ဖိနှိပ်နေတဲ့ ဥပဒေတွေရှိနေသေးတယ်ဆိုတဲ့ကိစ္စကို ထောက်ပြပါတယ်။ ဒီဥပဒေတွေအရ တချို့ဖိနှိပ်တဲ့ ဥပဒေတွေကို လွှတ်တော်မှ အစိုးရသစ်လက်ထက် ဖျက်သိမ်းတာတွေ ရှိခဲ့ပေမယ့်လည်း ဆက်ပြီးတော့ ဖျက်သိမ်းဖို့ကျန်နေသေးတဲ့ ဥပဒေတွေ ကျန်ရှိနေသေးတဲ့အကြောင်း ဒါ့အပြင် တချို့ဥပဒေတွေကို အသစ်ပြန်လည်ပြင်ဆင်ဖို့လိုနေတဲ့အကြောင်းလည်းပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း Ms. Yanghee Lee က အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ဆွေးနွေးပြောဆိုတာဟာ အတော်လေးကို နိုင်ငံရေးအရ အကဲဆတ်တဲ့ အခြေအနေမှာ ဖြစ်တယ်ဆိုတာကို သူ့အနေနဲ့ သတိပြုမိတဲ့အကြောင်း Ms. Yanghee Lee က ပြောဆိုသွားတာဖြစ်ပါတယ်။

အခုပြုပြင်ပြောင်းလဲမှုတွေရှိနေတယ်ဆိုပေမယ့် စစ်အုပ်ချုပ်ရေးကနေပြီးတော့ အပြည့်အ၀ အရပ်ဖက်အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းဖို့ မပြီးပြတ်သေးတဲ့အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်တဲ့ကိစ္စမှာ လွှတ်တော်အတွင်းမှာရော အများပြည်သူကြားမှာပါ လိုအပ်ချက် ကြီးကြီးမားမားရှိနေတယ် ဆိုပြီးတော့ Ms. Yanghee Lee က ထောက်ပြသွားပါတယ်။

ဒါပေမယ့် တချိန်ထဲမှာပဲ ဒီလွှတ်တော်အတွင်းမှာလည်း စစ်တပ်သဘောဆန္ဒမပါပဲနဲ့ ဖွဲ့စည်းပုံပြင်လို့မရဘူး ဆိုတာကို နားလည်းတဲ့အကြောင်းသူကပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အသေးစိတ်အခြေအနေတွေကိုလည်း ပြောဆိုသွားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG