သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထုတ်ပြန်မယ့် လူကုန်ကူးမှု အစီရင်ခံစာ မြန်မာအစိုးရပယ်ချ


၂၀၁၅ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ
၂၀၁၅ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင်ထုတ်ပြန်ဖို့ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ ကို အောက်ဆုံးအဆင့် အုပ်စုစာရင်းထဲထည့်သွင်းဖေါ်ပြ မှာနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မြန်မာအစိုးရတာဝန်ရှိသူတွေက တုန့်ပြန်လိုက် ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စမှာ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါလျှက်နဲ့ အခုလို အမေရိကန်က သတ်မှတ်တာကို လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံက ပြောဆိုတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုက ၂၀၁၅ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို Tier 2 အုပ်စု(၂)ရဲ့ စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖေါ်ပြခဲ့တာပါ။ ဒီလို အစောင့်ကြည့်ခံရတဲ့ စာရင်းထဲပါတဲ့ နိုင်ငံတွေဆိုတာက လူကုန်ကူးမှုတိုက်ဖျက် ရေးနဲ့ပတ်သက်ပြီး အခြေခံ စံသတ်မှတ်ချက်တွေ ပြည့်မီအောင်လိုက်နာဆောင်ရွက်မှု မရှိသေးတာ၊ လူကုန်ကူးခံရ မှုတွေ သိသိသာသာရှိနေ သေးတဲ့အချက် အပါအဝင်၊ ထိရောက်တဲ့ကိုင်တွယ် ဖြေရှင်းမှု အထောက်အထားမပြနိုင်သေးပဲ လူကုန်ကူးမှုတိုက် ဖျက်ရေးအတွက် နောက်ထပ် လုပ်ဆောင်ဖို့ လိုအပ်နေသေးတဲ့ နိုင်ငံတွေကို ဆိုလိုတာဖြစ်ပါတယ်။

ဒီသီတင်းပတ်ကုန် မကြာခင် ထွက်ပေါ်လာဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာထဲ အီရန် မြောက်ကိုရီးယား၊ ဆီးရီးယား စတဲ့နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံကို Tier 3 လူကုန်ကူးမှုတိုက်ဖျက်ရေး ပျက်ကွက်တဲ့ အဆိုးဆုံးအဆင့် အုပ်စု ထဲ ထည့်သွင်းဖေါ်ပြဖို့ ရှိနေတာကိုတော့ မြန်မာအစိုးရက လက်မခံနိုင်တဲ့အကြောင်း တုန့်ပြန်လိုက်ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စမှာ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါလျှက်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုသတ်မှတ်တာနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

“အစီရင်ခံစာထွက်မယ်လို့ပဲ ကျနော်တို့ သိရသေးပါတယ်။ ဒါပေမယ့် အခုသတင်းတွေထွက်ပေါ်တာကို အခြေခံမယ်ဆိုရင် ကျနော်တို့ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ တော်တော်ကို စိတ်ပျက်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီ လူကုန်ကူးမှုတိုက်ဖျက်ရေးကို နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ အမေရိကန်ပြည်ထောင်စုဟာ အစီရင်ခံစာမထွက်ခင်ကတည်းကနေပြီးတော့ ကျနော်တို့ကိုအသိပေးတာရှိတယ်။ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ဖို့လိုအပ်တယ်ဆိုတာကို။ ဒါပေမယ့် ဘာတွေ ပြုပြင်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကို ကျနော်တို့ကို အတိအကျ ပြောဖို့လိုအပ်ပါတယ်။ မပူးပေါင်းလို့လည်းမဟုတ်ဘူး ပူးပေါင်းရဲ့သားနဲ့ ဒီလိုမျိုးပြောတယ်ဆိုတဲ့ဟာကို ကျနော်တို့ စိတ်ပျက်တယ်ဆိုတဲ့ဟာလေးကိုပြောတာပါ။”

မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု အပါအဝင် အဓမ္မလုပ်အားခိုင်းစေမှုတွေကို တပ်မတော်က ဆယ်စုနှစ်နဲ့ချီ လုပ်ဆောင်ခဲ့တယ်ဆိုပြီး နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြတာတွေ ရှိခဲ့သလို၊ ဒီလိုအခြေနေတွေကနေတဆင့် လူကုန်ကူးခံရမှုတွေဖြစ်လာ တတ်တာကြောင့်မို့ အဲဒီမူလ ပြဿနာကို မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒီလိုတောင်းဆိုခံရတဲ့အပေါ် လုပ်ဆောင်နေပါ တယ်လို့ ဦးအောင်လင်းက ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ဒုက္ခသည်ရိုဟင်ဂျာမူဆလင်တွေဟာ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်ကတည်းက ပင်လယ်ပြင်ကို ဖြတ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီကို လှေတွေနဲ့ထွက်ပြေးခဲ့တဲ့ဖြစ်ရပ်မှာ လူကုန်ကူးမှုတွေဖြစ်ပွားခဲ့တာပါ။ အဲဒီလို လှေစီးပြေးဒုက္ခသည် တွေနဲ့ လူကုန်ကူးမှုပြဿနာတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်တုန်းက အကြီးအကျယ်ဖြစ်ခဲ့တာကြောင့် ဒီလူကုန်ကူးပြဿနာ ကို မြန်မာအစိုးရက ထိရောက်စွာဖြေရှင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က မူဆလင်အရေးကိစ္စကို မြန်မာအစိုးရက အရေးတကြီး ကိုင်တွယ်ဖြေရှင်း နေပါတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ခင်ဗျားတို့အဆို ရိုဟင်ဂျာ မူုဆလင်တွေကိုပြောနေ တဲ့ကိစ္စ ၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံးကို ကျေနပ်အောင် ကျနော်တို့ဆောင်ရွက်နေတယ်ဆိုတာလည်း ကမ္ဘာသိ ဖြစ်ပါတယ်။ ဥပမာဖြင့် ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Ms. Yanghee lee ရောက်နေစဉ်တုန်းကလည်း ကျနော်ပြောပြီးဖြစ်ပါတယ်။ ဒါ့အပြင် သူတင်မကပါဘူး တူရကီနိုင်ငံခြားရေးဝန်ကြီးလည်း လာခဲ့ပါတယ်။ ဒါအပြင် OIC ရဲ့ ကိုယ်စားလှယ်လည်း ကျနော်တို့စီလာပါတယ်။ ကျနော်တို့အနေနဲ့ ဘယ်လောက် ဒီကိစ္စကို အရေးတကြီး ကိုင်တွယ် ဖြေရှင်းနေတယ်ဆိုတာလည်း သူတို့အားလုံးသိပါတယ်။”

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူးလို့ မြန်မာအစိုးရက တရားဝင်ပြောဆိုထားပြီး၊ ရိုဟင်ဂျာဆိုတဲ့ နာမည်အစား ရခိုင်ပြည်နယ်က မူဆလင်တွေလို့သာ ခေါ်ဝေါ်သုံးစွဲကြဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို NLD အစိုးရက မကြာသေးခင်က တိုက်တွန်းခဲ့ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာထဲ Tier 3 အုပ်စုထဲ ထည့်သွင်းဖေါ်ပြခံရတဲ့ နိုင်ငံ တွေဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားနိုင်ငံတွေကပေးနေတဲ့ အကူအညီတွေ အကန့်သတ်ခံရမှာဖြစ်သလို၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု အသစ်တွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG