သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ အင်တာနက် ဆက်သွယ်မှုတွေ အဆမတန် နှေးကွေး


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တပတ်လောက်ကစလို့ အင်တာနက် ဆက်သွယ်မှုနှုန်းတွေ အလွန်နှေးနေပြီး ဝက်ဘ်ဆိုက်ဒ်တွေလည်း အရင်ကထက် ပိုပြီး ဝင်ရောက်ကြည့်ရှုဖို့ ခက်ခဲနေပါတယ်။ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ရတနာပုံ တယ်လီပို့တ်ကတော့ အင်တာနက်လိုင်းတွေကို ပြန်လည် မွမ်းမံနေတဲ့အတွက် အခုလို လိုင်းတွေ ပြတ်တောက်မှု ဖြစ်တာလို့ ပြောပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ရှစ်လေးလုံး အရေးအခင်း နှစ်ပတ်လည်နေ့မှာ စပြီး အခုလို ဖြစ်တာလို့ အင်တာနက် သုံးသူတွေက ပြောကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ နှေးသွားသလို ပြတ်တောက်သွားတာမျိုးထိ ဖြစ်နေတာဟာ အခုအချိန်အထိပါလို့ ပြောနေကြပါတယ်။ ဒါကြောင့် ရန်ကုန်က အင်တာနက်ဆိုင်တချို့ ပိတ်ထားရတာမျိုးတွေတောင် ရှိနေပါတယ်။ အချိန်ကြာကြာ စောင့်ဆိုင်းပြီးမှသာ လူသုံးများတဲ့ Gmail နဲ့ GTalk တွေလောက်သာ အသုံးပြုနိုင်ပြီး ကျန်တဲ့ သတင်းစာမျက်နှာတွေကတော့ လုံး၀ ဖွင့်လို့မရအောင် ဖြစ်နေတယ်လို့ အင်တာနက် အသုံးပြုသူ လူငယ်တဦးက ပြောပါတယ်။ ဘာကြောင့် အခုလို အင်တာနက် ဆက်သွယ်မှုတွေ မကောင်းဖြစ်နေသလဲ ဆိုတာကို အရင်က သက်ဆိုင်ရာ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီက ထုတ်ပြန်ကြေညာပေမဲ့ အခုတခါတော့ တရားဝင်ပြောဆိုတာ ခုချိန်ထိ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“၈ ရက် ၈ လ နှစ်ပတ်လည် မတိုင်ခင်မှာ စပြီးတော့ ၇ ရက် ညနေဘက်မှာ စပြီး နှေးတယ်။ ပထမအပတ်မှာဆိုရင် လုံး၀ သုံးလို့မရဘူး။ ကျနော်တို့ မြန်မာပြည်မှာက GTalk ရယ်၊ Gmail ရယ်၊ Facebook ရယ်ကို အများဆုံး သုံးကြတာ ဆိုတော့ ဒီအပိုင်းတွေကိုသာ နည်းနည်းလေး သုံးလို့ရအောင်၊ အဆင်ပြေအောင် လုပ်ထားပြီးတော့ တခြား Page တွေကို ဘယ် Page မှ ဖွင့်လို့မရအောင် သူတို့ လုပ်ထားတယ်။ အရင်အခေါက်တွေကဆိုရင် ဘာအကြောင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ အခုတခေါက်ကြတော့ ဘာမှလည်း မတက်ဘူး၊ Connection တအားနှေးတယ်၊ သုံးလို့မရတာပဲ ရှိတယ်၊ ဘာမှ ထုတ်ပြန်ချက်တွေ ဘာတွေလည်း မရှိဘူး။”

ဒါကြောင့်မို့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ရတနာပုံ တယ်လီပို့တ်ကို ဆက်သွယ်မေးမြန်းတော့ ရှစ်လေးလုံး နှစ်ပတ်လည် ကာလမှာ စတင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပေမဲ့ ဘယ်အချိန် ပြန်ကောင်းလာမလဲ ဆိုတာတော့ မပြောပါဘူး။ အခုလို ဖြစ်နေရတာဟာလည်း အင်တာနက် လိုင်းတွေကို ပြန်လည်မွမ်းမံနေတဲ့အတွက် အခုလို လိုင်းပြတ်တောက်မှုတွေ ဖြစ်နေတာပါလို့သာ ရတနာပုံက တာဝန်ကျ ဝန်ထမ်းတဦးက ဖြေပါတယ်။

“Server တွေ Maintenance လုပ်နေတယ်။ ရတဲ့နေရာရ၊ မရတဲ့နေရာတွေ မရ၊ အဲဒီလိုဖြစ်နေတာ။ အကုန်လုံးလည်း မဟုတ်ဘူး။ အခုတောင်မှ ကျနော်တို့ Service လှမ်းမေးတာ၊ ဒီဘက်က ဖုန်းတွေ မနိုင်တော့လို့။ လုပ်လို့မရတော့လို့ ဘာဖြစ်တာလဲ၊ ပြောလို့ရမလားဆိုပြီး မေးထားတာ။ အဲလို Maintenance လုပ်နေလို့ပေါ့နော်၊ လုံး၀ ပြတ်သွားတာတော့ မဟုတ်ဘူး။ တက်လိုက် ကျလိုက် အဲဒီလိုမျိုး ဖြစ်နေတယ်တဲ့။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာက အများပြည်သူ စိတ်ဝင်စားမယ့် နေ့ရက်တွေဆိုရင် အခုလို အင်တာနက် ဆက်သွယ်မှုတွေကို နှေးပစ်လိုက်တာမျိုး၊ ပြည်ပနဲ့ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးတွေ အားလုံးကို ထိန်းချုပ်ပစ်တာမျိုး ရှိနေကြ ဖြစ်တာမို့ ဒီတခါလည်း ပြီးခဲ့တဲ့ ရှစ်လေးလုံးနေ့ မတိုင်ခင်ကတည်းက အင်တာနက်တွေ နှေးကွေးသွားတာ ဖြစ်တယ်လု့ိလည်း အင်တာနက် သုံးသူတွေက ပြောပါတယ်။

“သူတို့ သိပ်မကြိုက်ဘူးဆိုရင် ပိတ်ပစ်တတ်တယ်ပေါ့။ အစိုးရကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ သူတို့နဲ့ သဟဇာတ မဖြစ်ဘူးဆိုရင် သူတို့ ပိတ်တယ်။ ဥပမာ Myanmar Network ဆိုတဲ့ British Council က Support လုပ်တဲ့ အင်တာနက် Network တခုဆိုရင် တိုက်ရိုက် ဖွင့်လို့မရအောင် သူတို့က ပိတ်ထားတယ်။ အဲဒါဆိုရင် ဒီမှာ ဘာမှ မတင်ဘူး၊ နိုင်ငံရေးနဲ့ ပတ်သက်တာလည်း မတင်ဘူး။ သာမန် Education တို့ ဘာတို့နဲ့ ပတ်သက်တာပဲ တင်တယ်။ ဒါပေမဲ့ သူတို့က အဲဒါကို ပိတ်ထားတယ်။ သူတို့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ပိတ်ထားမယ်။ သူတို့ကို အန္တရာယ် ဖြစ်လာမယ့် အချိန်ဆိုရင် Connection ကို ချုံ့ပစ်လိုက်တယ်။ ဘာမှ သုံးလို့မရအောင် လုပ်ပစ်လိုက်တယ်။ တချို့အချိန်ဆို Connection ကို နှေးပစ်လိုက်တယ်။”

တခါ ရက်အတိအကျ မကြေညာသေးပေမယ့် ရွေးကောက်ပွဲကို ဒီနှစ်ထဲ ကျင်းပပေးမယ် ဆိုတော့ နှစ်ကုန်ခါနီးလာပြီမို့ အာဏာပိုင်တွေက ပြည်တွင်းရော၊ ပြည်ပတွေကိုပါ အလွယ်တကူ ဆက်သွယ်နိုင်မယ့် အင်တာနက်တွေကိုရော တခြား ဆက်သွယ်ရေးတွေ အားလုံးကို ပိုမိုထိန်းချုပ်တာတွေ ပြုလုပ်လာမှာ သေချာတယ်လို့လည်း မြင်ကြပါတယ်။

“ဒီအကြောင်းကြောင့် ဖြစ်ဖို့လည်း များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာပိုင်းတွေရော၊ အင်တာနက်ပိုင်းတွေရော အကုန်ကြိုးစားမယ်။ မီဒီယာက ထိန်းချုပ်မယ်ဆိုတာ သူတို့က အလွယ်တကူ ထိန်းချုပ်လို့ရတဲ့ အပိုင်းပေါ့။ အင်တာနက်ကတော့ သိတဲ့အတိုင်းပဲ။ အဓိကတော့ အင်တာနက်ကို သူတို့ ပိတ်မှာပဲ။ ရွေးကောက်ပွဲတို့ ဘာတို့ဆိုရင် သေချာပေါက် ပိတ်မှာပဲ။”

အင်တာနက် အသုံးပြုတဲ့ ရန်ကုန်က လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရတနာပုံ တယ်လီပို့တ်နဲ့ မြန်မာ့ဆက်သွယ်ရေး MPT အပြင် မြန်မာအင်ဖိုတက်တွေက တနိုင်ငံလုံးကို အဓိက အင်တာနက် ဝန်ဆောင်မှု ပေးနေကြတာဖြစ်ပြီး ရတနာပုံက ရန်ကုန်မှာ လူသုံးအများဆုံး ဖြစ်ပါတယ်။ ဝန်ဆောင်မှုစရိတ်ကို မြန်မာ့ဆက်သွယ်ရေး MPT တခုကိုပဲ မြန်မာကျပ်ငွေနဲ့ ပေးဆောင်ရတာဖြစ်ပြီး ကျန်တဲ့ ကုမ္ပဏီတွေကိုတော့ FEC နဲ့ ပေးဆောင်ကြရတာ ဖြစ်သလို မြန်နှုန်းမြင့်ပေါ် မူတည်ပြီးလည်း ပေးဆောင်ကြရပါတယ်။ အင်တာနက်ဆိုင်တွေမှာ ပိတ်ပင်ထားတဲ့ သတင်းစာမျက်နှာတွေကို ဖွင့်မကြည့်ရဆိုတဲ့ စာတွေကပ်ပြီး အထူး သတိပေးထားသလို အင်တာနက် ဆိုင်တွေကိုလည်း အာဏာပိုင်တွေက အမြဲစောင့်ကြည့် စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဘလော့ဂါသမားတွေ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချ အရေးယူတဲ့ နိုင်ငံမို့ ကမ္ဘာတဝန်း သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးစာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ သတင်းသမားတွေဟာ နေ့စဉ် အာဏာပိုင်တွေက အမြဲ စောင့်ကြည့်တာမျိုးတွေ၊ မထင်ရင် မထင်သလို အပြစ်ပေး စစ်ဆေးတာမျိုးတွေ ရှိနေတာမို့ မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အဖိနှိပ်ဆုံး နိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက ဝေဖန် ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG