သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာအလုပ်သမားများ နစ်နာကြေး ရဖွယ်ရှိ


ထိုင်းနိုင်ငံမှာ ၂ လကျော်ကြာ ဖြစ်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကြောင့် နစ်နာဆုံးရှုံးကြရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေကို ထိုင်းအစိုးရက နစ်နာကြေးပေးဖို့ စီစဉ်ရာမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အကျုံးဝင်ပါတယ်။ အလုပ်သမားတွေအတွက် နစ်နာကြေးအနေနဲ့ တလကို အနည်းဆုံး ဘတ် ၇,၀၀၀ ကျော် ၂ လစာ နစ်နာကြေးပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘန်ကောက်မြို့လယ်ကောင် စီးပွားရေး အချက်အချာ နေရာမှာ ၂ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြ အကြမ်းဖက်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေလိုပဲ အလုပ်သမားတွေလည်း နစ်နာမှု ရှိပါတယ်။ အခု ဒီအလုပ်သမားတွေကို ထိုင်းအစိုးရက နစ်နာကြေးပေးဖို့ အစီအစဉ်မှာတော့ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေလည်း အကျုံးဝင်သွားတယ်လို့ ဘန်ကောက်မြို့က မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသက်ခိုင်က ပြောပါတယ်။

“အနိမ့်ဆုံးလစာ သဘောမျိုး သူတို့ပေးမယ့်ဥစ္စာ တယောက်ကို ၇,၅၀၀၊ တလကိုပေါ့။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ဥစ္စာ လူမှုဖူလုံရေး ရန်ပုံငွေပေါ့၊ Security Farm ပေါ့၊ အဲဒါကို ဝင်ထားတယ်၊ အဲဒါကို ဆောင်ထားတဲ့ဟာဆိုရင် ၁၅,၀၀၀ ခွဲအထိရမယ်၊ အဲဒီကလည်း ထပ်ပြီးရမှာကိုး။ ဒါပေမဲ့ တခုရှိတာ ဆိုင်ရှင်ကိုယ်တိုင်က အလုပ်သမားအတွက် လုပ်ပေးချင်တဲ့စိတ်မျိုး မရှိရင်တော့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက်တော့ အများကြီး နစ်နာစရာတော့ ရှိတာပေါ့။”

နစ်နာကြေးက ဘယ်နှစ်လစာ ပေးမှာလဲခင်ဗျ။

“သူက ၂ လစာ ပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဒေသကို ဧပြီ ၃ ရက်နေ့မှာ စပြီး ရွှေ့လိုက်တာကိုး၊ ဆန္ဒပြအုပ်စုက။ အဲဒီလိုရွှေ့လိုက်တဲ့ အခါကြတော့ ရတ်ချာပရာဆောင် ဧရိယာမှာရှိတဲ့ လူတွေ အကုန်လုံးကို ဧပြီနဲ့ မေ၊ အဲဒီ ၂ လစာ ပေးမယ်။ ပြီးတဲ့အခါ တချို့ဆိုင်ရှင်တွေဆိုရင် ဆိုင်ခွန်ကို ၆ လအထိ အခွန်ဆောင်ခွင့်ကို ကင်းလွတ်ခွင့်ပြုတယ်။”

မြန်မာအလုပ်သမားတွေက အဲဒီပတ်ဝန်းကျင်မှာ ကိုသက်ခိုင်တို့ ခန့်မှန်းချက်အရ ဘယ်လောက်ရှိမယ်လို့ ယူဆရလဲခင်ဗျ။

“အဲဒီပတ်ဝန်းကျင်မှာ မရှိဘူးဆိုရင်၊ ဆိုလိုတာက ပွိုင့်လေးခု ရှိတာကိုး။ Night Bazaar လိုနေရာမျိုးမှာတင်ပဲ အနည်းဆုံး လူ သောင်းချီပြီးတောင် ရှိလာနိုင်တယ်။ ပြီးတော့ စီးလုံဧရိယာ၊ ဒီဘက်ဆင်းရင် မာဘွန်ခေါင်း ဧရိယာ၊ ဒီဘက် မြောက်ပိုင်းကျတော့ ပသူနန်း ဧရိယာပေါ့။ အဲဒီပတ်ဝန်းကျင်မှာတင် ရွှေ့ပြောင်းအလုပ်သမားက ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ ကြားလောက်မှာ ရှိမယ်။”

အဲဒီတော့ ရွှေ့ပြောင်းအလုပ်သမား တခြားနိုင်ငံကလူတွေလည်း ပါမှာပေါ့။ မြန်မာနိုင်ငံသားတွေဆို ဘယ်လောက်လောက် ခန့်မှန်းလဲခင်ဗျ။

“ထိုင်းနိုင်ငံ စာရင်းဇယားအရဆိုရင် မြန်မာနိုင်ငံသား ဘယ်လိုနေရာမျိုးမှာပဲ ဖြစ်ဖြစ် အနည်းဆုံး ၈၀% ရှိတယ်။”

အခုလို နစ်နာကြေး သွားရောက်လျှောက်ထားရာမှာ လိုအပ်တာတွေကိုတော့ မြန်မာအလုပ်သမားတဦးက အခုလို ပြောပြပါတယ်။

“အထောက်အထား Passport ရယ်၊ အလုပ်သမားကတ်ရယ်၊ သူဌေးက သူ့ရဲ့ အလုပ်သမားဖြစ်ကြောင်း စာရွက်ရယ်၊ ပြီးတော့ သူဌေးဆီမှာလုပ်ရင် သူဌေးရဲ့ မှတ်ပုံတင်မှာ လက်မှတ်ထိုးပေးရတယ်။ ပြီးတော့ ရုံးကပေးတဲ့ဖောင်မှာ ဖြည့်ရတယ်။ ပြီးတော့ အဲဒီမှာ လက်မှတ်ထိုး။”

အဲဒါ ဘယ်မှာ သွားတင်ရတာလဲခင်ဗျ။

“ကျနော်က စီးလုံနယ်မြေဆိုတော့ စီးလုံမှာ သွားတင်ရတယ်။”

ချောချောမွေ့မွေ့ပဲလား၊ လုပ်ရကိုင်ရတာ။

“လုပ်ရတာ ချောချောမွေ့မွေ့ပဲ။ ကျနော်ကမေးတယ်၊ ဗမာတွေ တင်လို့ရလားဆိုတော့ ရတယ်တဲ့၊ တင်ပါတဲ့။ အဲဒါနဲ့ ကျနော်တင်လိုက်တယ်။ ဘာမှ အခက်အခဲ မရှိဘူး။ စာရွက်စာတမ်း ရှိတာတွေ အကုန်တင်ပါတဲ့။ ကိုယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အကုန်တင်ထား၊ လခဘယ်လောက်လဲ အကုန်ရေးပေါ့။ ၂ လစာ သူက ပေးတယ်။”

အခု ဘယ်လောက် နစ်နာကြေး ရမလဲခင်ဗျ။

“သူတို့က အခုတင်ထား၊ ပြီးတော့ သုံးလေးရက်နေရင် အားလုံး ထိုင်းရော ဗမာရော အလုပ်သမားတွေ အားလုံးကို သတင်းစာကနေ ကြေညာမယ်။”

အခု နစ်နာကြေးရမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင်လက်မှတ် ရှိထားသူတွေ ဖြစ်ရပါမယ်။ ဒါကြောင့် တရားဝင်လက်မှတ် မရှိတဲ့ သူတွေကတော့ နစ်နာကြေး ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ အလုပ်ရှင်တွေဘက်က လိုလိုလားလား မလုပ်ပေးတဲ့ မြန်မာအလုပ်သမားတွေ အတွက်လည်း ဒီနစ်နာကြေး ရဖွယ်မရှိပါဘူး။ နောက်အခြေအနေ တခုကတော့ ဒီနစ်နာကြေး လျှောက်ထားနိုင်တယ်လို့ ကြေညာတဲ့ အချိန်မှာပဲ အဲဒီနေရာတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အများစုဟာ အခြားအလုပ်ခွင်တွေကို ပြောင်းသွားပါပြီ။ ဒါကြောင့် အလုပ်ရှင်တွေက သူတို့ အလုပ်သမားတွေအဖြစ် ထောက်ခံမပေးတာကြောင့်လည်း မြန်မာအလုပ်သမားအချို့ နစ်နာကြေး ခံစားခွင့် မရကြပါဘူး။

XS
SM
MD
LG