သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကား တိမ်းမှောက်၊ ၉ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့အနီးမှာ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး မှောက်သွားပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရသူတွေ ရှိသလို ကျန်တဲ့လူတွေကို စံခလပူရီ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတာတွေ များလာပေမဲ့လည်း နိုင်ငံထဲကို ဝင်ရောက်လာတာတွေကလည်း ရှိနေဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အလွန် ထိုင်းနိုင်ငံ စံခလပူရီမြို့ မရောက်ခင် စံခလယ်ကျေးရွာ အနီးမှာ ဇူလိုင် ၇ ရက် နံနက် ၁၂ နာရီခွဲလောက်မှာ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်သွားပြီး ကားပိုင်ရှင်ကတော့ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။ ကားတိမ်းမှောက်တဲ့ အခြေအနေတွေကို ထိုင်းအာဏာပိုင်များနဲ့ နီးစပ်သူတဦးက အခုလို ပြောပါတယ်။

“ကားမှောက်တာ အကုန်လုံး ၃၈ ယောက်လေ၊ ၃၈ ယောက်မှာ ဒဏ်ရာပြင်းတာက ၉ ယောက်၊ ၉ ယောက်မှာ တယောက်က ကန်ပူရီဆေးရုံကို ပို့ထားတယ်။ ကျန်တဲ့ ၈ ယောက်က ဝင်းကဆေးရုံမှာ အတွင်းလူနာ။”

ဒဏ်ရာ အနည်းအကျဉ်း ရထားတဲ့သူတွေ အပါအဝင် ကျန်ရှိနေတဲ့ တရားမဝင် အလုပ်သမားတွေကို စံခလပူရီ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်များနဲ့ နီးစပ်သူတဦးကို မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ခိုးဝင်တဲ့လူတွေ၊ မြို့ထဲကို အလုပ်သွားလုပ်မယ့်သူတွေ၊ ပြန်သွန်မှာပေါ့။ ဒဏ်ရာနည်းနည်းရတော့ ဆေးရုံမှာ ဆေးထည့်ပြီးတော့ ရဲစခန်းမှာလေ၊ မနက်ဖြန်လောက် သွန်မယ်ထင်တယ်၊ ကြည့်ရတာ။ ကျန်တဲ့ ၂၉ ယောက်က ရဲစခန်းမှာ။”

ထိုင်းနိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ဖို့ အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ (Abhisit Vejjajiva) က ဇွန် ၂ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့အပြီးမှာ ဖမ်းဆီးမှုတွေ များပြားလာပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဘယ်လိုပဲ စီမံချက်ချ ဖမ်းဆီးမှုတွေ လုပ်ပေမဲ့လည်း တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ လမ်းကြောင်း အမျိုးမျိုးကနေ ခိုးဝင်လာဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး နိမ့်ကျမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင် ရှာဖွေလုပ်ကိုင်တာ ပိုများပြားလာတယ်လို့ အလုပ်သမားအရေး လေ့လာသူတွေက ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၂,၀၀၀,၀၀၀ လောက် ရှိမယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG