သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLDနဲ့ တိုင်းရင်းသားပါတီ တချို့ ပျက်ပြယ်ကြောင်း ကော်မရှင်ကြေညာ


နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား တိုင်းရင်းသားပါတီ တချို့ကို နိုင်ငံရေးပါတီ အဖြစ်က ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာတာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက တုံ့ပြန်ပါတယ်။ ဒီကနေ့ ညနေ ၆ နာရီက မြန်မာ့ရုပ်မြင်သံကြား MRTV အပါအဝင် စစ်အစိုးရ သတင်းမီဒီယာတွေမှာ ပျက်ပြယ်တဲ့ ပါတီတွေ စာရင်းကို ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မရှိတဲ့ ပါတီတွေ ပျက်ပြယ်တယ်လို့ ကြေညာလိုက်တာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတယ် ဆိုတာကို တရားရုံးမှာ လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်ခင် ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြားဖြတ် ကြေညာလိုက်တာဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာအပ်နှင်းမှ ထုတ်လို့ရတာ။ ကြေညာချက်တခု ထုတ်မယ်ဆိုရင် အဲဒီ ကြေညာချက်ကို အဲဒီအဖွဲ့အစည်းကို အာဏာအပ်နှင်းရမယ်၊ ဒီလို ကြေညာဖို့။ အဲဒီလို အာဏာအပ်နှင်းထားခြင်း မရှိဘဲနဲ့ ကြေညာတာကို Except of Jurisdiction ပေါ့၊ အာဏာအပ်နှင်းခြင်း မရှိဘဲနဲ့ ဆောင်ရွက်တာပေါ့။ ဒါနံပါတ်တစ် အချက်။

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်တယ်။ ကျနော် ဒီနှစ်ခုပဲ ပြောချင်ပါတယ်။ ကျနော်တို့က လုပ်ရိုးလုပ်စဉ် ကျနော်တို့လုပ်မယ့် Legal Process ကို ဆက်ပြီး သွားမှာပါ။ တရားစီရင်ရေး လမ်းကြောင်းအရ၊ တရားဥပဒေအရ အဆုံးအဖြတ် ရယူဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”

အခုလို နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်တယ်လို့ ကြေညာလိုက်တာဟာ NLD ပါတီ အနေနဲ့ လက်ရှိလုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုပ်ရှားမှု အပါအဝင် အခြား လူမှုရေး လှုပ်ရှားမှုတွေ အားလုံးအတွက် ထိခိုက်စရာ မရှိဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြပါတယ်။

“အဲဒါကတော့ အနှောင့်အယှက် ဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဒါတွေကိုတော့ မှန်းဆထားပြီးသား၊ တွက်ဆထားပြီးသား။ သို့သော် ကျနော်တို့ အနေနဲ့ ရိုက်တဲ့အခါ၊ ထိုးတဲ့အခါ၊ နှိပ်စက်တဲ့အခါ ခံပြီးတော့ အေးအေးဆေးဆေး ပြည်သူလူထုကြားထဲမှာ ငြိမ်ပြီးတော့ ပြည်သူလူထုတွေ Mandate ပေးထားတဲ့အတိုင်း လွတ်လပ်၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အေးချမ်းရေး၊ ငြိမ်းချမ်းရေး ဒါတွေကို ပြည်သူနဲ့အတူ သူတို့နဲ့ ဝေမျှ ခံစားပြီးတော့ လုပ်ကိုင်သွားမယ်လို့ ဆုံးဖြတ်ပြီးသားပဲဗျာ။ အလံတွေ၊ ဆိုင်းဘုတ်တွေ၊ ရုံးတွေ၊ ကနားတွေ၊ မလိုပါဘူး။”

NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အတွက်လို့ ဆိုပြီး နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နဲ့အတူ ၁၉၉၀ ခုနှစ်က လက်ကျန် တခြား တိုင်းရင်းသားပါတီတချို့ ပျက်ပြယ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီ တချို့ကို အခြေခံ ဖွဲ့စည်းထားတဲ့ CRPP က အခု ပါတီတွေ ပျက်ပြယ်တယ်လု့ိ ကြေညာပေမဲ့လည်း ဒီပါတီတွေ လှုပ်ရှားမှု ရှိနေသမျှ ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းများရယ်၊ သူတို့က ဘာပဲဖြစ်ဖြစ် ပါတီဖျက်သိမ်းလိုက်ပေမဲ့ နိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအရ နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒီတော့ ဒီလူတွေ တွေ့ပြီးတော့၊ ဆုံဆည်းပြီးတော့ ၉၀ ရလဒ်ကို အကောင်အထည် ဖော်ရေး၊ ပြီးတော့ ပြည်သူတွေရဲ့ ပေးလိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကြိုးပမ်းဆောင်ရွက် သွားတာဟာ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒီပါတီတွေ ပျက်ပြယ်သွားပေမဲ့လည်း ဒီပါတီတွေနဲ့ အတူပဲ CRPP ဟာ ကော်မတီဆိုတော့ ဒီပါတီတွေ လှုပ်ရှားနေသမျှ၊ တည်ရှိနေသမျှတော့ ဒီကော်မတီကလည်း ရှိနေမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

CPRR အဖွဲ့က ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ တရားမျှတမှုလည်း မရှိတာကြောင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေးတရပ် ခေါ်ယူပြီး ဆုံးဖြတ်ချက် ချထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG