သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား သတင်းပေါက်ကြားမှု စစ်အစိုးရ စုံစမ်းစစ်ဆေး


မြိုင်မြို့အနီးက သံသယဖြစ်ဖွယ် စစ်တပ်စက်ရုံ
မြိုင်မြို့အနီးက သံသယဖြစ်ဖွယ် စစ်တပ်စက်ရုံ

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့အထိ ကြံစည် ကြိုးပမ်းနေတယ် ဆိုတဲ့ သက်သေ အထောက်အထား အချို့နဲ့အတူ သတင်းတွေ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သက်ဆိုင်ရာ နျူကလီးယား တပ်ရင်းတွေ၊ စီမံကိန်းတွေနဲ့ မြေအောက်ဥမင် စီမံကိန်းက တာဝန်ရှိ အရာရှိတွေ၊ တပ်မှူးတွေကို နေပြည်တော်မှာ ခေါ်ယူစစ်ဆေး မေးမြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နျူကလီးယားကိစ္စ သတင်းတွေ ထွက်ပေါ်လာတာကြောင့် လူထုအကြားမှာ ဘယ်လိုဂယက်တွေ ထွက်ပေါ်နေသလဲ၊ စစ်တပ်အတွင်းမှာရော ဘယ်လို ဂယက်ရိုက်ခတ်မှု အတိုင်းအတာ ဘယ်လောက်ရှိမလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား နျူကလီးယားလုပ်ငန်း ပတ်သက် ဆက်စပ်နေတယ်ဆိုတဲ့ အထောက်အထားအချို့ နိုင်ငံတကာကို ဖောက်ချခဲ့တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ညီအကို မောင်နှမအချို့ကို အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှု ရှိခဲ့တယ်လို့ သိရသလို နေပြည်တော်မှာတော့ နျူကလီးယား စီမံကိန်း၊ မြေအောက်ဥမင် စီမံကိန်းနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ တပ်မှူးတွေကို ခေါ်ယူမေးမြန်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်တပ်အတွင်း အစိုးရ အာဏာပိုင်တွေ အတွင်းမှာတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အထူးအလေးပေး စိုးရိမ်နေပုံ ရပါတယ်။

မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးကတော့ ဒီပြဿနာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ ရိုက်ခတ်မှုတွေ အတော်လေး ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။

“ဒီလိုကိစ္စမျိုးတွေ ရှိတိုင်းမှာတော့ စစ်အစိုးရထဲမှာ ဖမ်းတာ၊ ဆီးတာ၊ ပိုပြီးတော့ တင်းကျပ်တာ၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်တာ၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်တာတော့ ရှိတာပဲလေ။ နျူကလီးယားကိစ္စက ကြီးကြီးကျယ်ကျယ် ဖြစ်လာတယ်၊ နိုင်ငံတကာ သတင်းတွေမှာလည်း ပါလာတယ်၊ ပြီးတော့ အမေရိကန်က ဆီနိတ်တာ ဂျင်မ်ဝက်ဘ် (Jim Webb) ကိုယ်တိုင်က ဒီနျူကလီးယား ကိစ္စကြောင့် မြန်မာပြည်ကို သွားလည်မယ့် ကိစ္စမှာလည်း လေယာဉ်ပေါ် တက်ခါနီးမှ ခရီးစဉ်ကို ဖျက်လိုက်တယ်တို့၊ ပြီးတော့ တခြား ဒေသတွင်း အာဆီယံမှာ ဆိုရင်လည်း Nuclear Free Zone ဆိုတဲ့ ကိစ္စမျိုးတွေလည်း ရှိတယ်ဆိုတော့ ပြည်တွင်း ပြည်ပမှာ ဖြစ်လာနိုင်တဲ့ ဂယက်တွေက များတော့ စစ်အစိုးရကလည်း သူ့အထဲမှာရှိတဲ့ ပြဿနာတွေကို ထိန်းသိမ်းနိုင်ဖို့ သူ့က သေသေချာချာတော့ လုပ်မှာပဲ။ ဘယ်အပေါက်က ထွက်လဲဆိုတာ ရှာတာတွေကတော့ ဖြစ်မှာပဲ။”

အခု ပေါက်ကြားခဲ့တဲ့ သတင်းလို နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖို့ဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်း စိတ်ကူးယဉ်မှုဟာ အထူးအဆန်းတော့ မဟုတ်ဘူးလို့ ကိုအောင်နိုင်ဦးက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံ၊ နိုင်ငံတကာရဲ့ ပယ်ကျဉ်ထား ခံရတဲ့ နိုင်ငံအဖို့ နိုင်ငံတကာရဲ့ လောက်လောက်လားလား ဂရုပြုတာ ခံလိုတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံမှာလည်း နျူကလီးယားနဲ့ ပတ်သက်တဲ့ စွမ်းအင်တို့၊ နိုင်ငံတော် ကာကွယ်ရေး ဆိုတဲ့အောက်မှာ ထည့်ထားတာ ရှိတယ်ဆိုတော့ ဒီလိုကိစ္စမျိုးအတွက် အံ့သြစရာလည်း မရှိဘူးပေါ့။ မြောက်ကိုရီးယားနိုင်ငံတို့ ဘာတို့ဆိုရင်လည်း ဘာမှတော့ မဟုတ်ပေမဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့အတွက် ကမ ္ဘာပေါ်မှာ အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးကလည်း လေးလေးစားစား ဆက်ဆံရတာတွေ ရှိနေတယ်။

“နောက် အရေးကြီးတဲ့ တချက်ကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ပထဝီ နိုင်ငံရေးအရ အချက်အချာကျတဲ့ နိုင်ငံဖြစ်တယ်။ စစ်အစိုးရ အမြဲတမ်း ပြောနေတာ ရှိတယ်၊ အဲဒါက အင်အားကြီး နိုင်ငံနှစ်ခုရဲ့ ကြားထဲမှာ ရှိတဲ့အတွက် စစ်ရေးအရ အင်အားကောင်းဖို့ လိုတယ်ဆိုပြီး ပြောနေတာ ရှိတယ်။ လက်တွေ့မှာတော့ တရုတ်နိုင်ငံကိုရော၊ အိန္ဒိယနိုင်ငံကိုရော စစ်ရေးအရ ဘယ်လိုမှ နိုင်နိုင်တဲ့ အနေအထားလည်း မရှိဘူး။ သို့သော်လည်း နျူကလီးယားလက်နက် ရှိတယ်ဆိုရင်တော့ ဒီနိုင်ငံတွေက ကျူးကျော်လာခဲ့မယ် ဆိုရင် တားနိုင် ဆီးနိုင်တဲ့ လက်နက်တခု ဖြစ်တယ်ပေါ့ဗျာ။”

မြန်မာနိုင်ငံတွင်း အများပြည်သူ အကြားမှာတော့ ဒီပြဿနာရဲ့ ဂယက် စိုးရိမ်မှုတွေက နောက်ခံဝန်းကျင်တွေအပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နေတယ်လို့ ပြည်တွင်း သတင်းစာဆရာတဦးက ပြောပါတယ်။

“မြန်မာပြည်က နျူကလီးယား ရည်မှန်းချက် ရှိတယ်ဆိုတော့ သူတို့တွေက ထပ်ပြီးတော့ ပိတ်ဆို့မှုတွေ လုပ်ရင် နိုင်ငံခြားထွက်ဖို့ ပြုဖို့မှာ အခက်အခဲတွေများ ဖြစ်မလားပေါ့ဗျာ။ အဲဒါမျိုး သူတို့ စိုးရိမ်တာပေါ့လေ။ တချို့က ဒီလို နျူကလီးယား အစီအစဉ် ရှိတယ်ဆိုရင် အမေရိကန်က အရေးယူလိမ့်မယ်။ အဲဒါဆိုရင် စစ်အစိုးရ အားနည်းအောင် လုပ်မယ်ဆိုရင် အားရတာရှိတယ်။ တချို့အမြင်ကျတော့ ဒီဟာကြီးက ပြည်တွင်း ဒီမိုကရေစီ အရေးုကိုများ လွှမ်းမိုးသွားမလား ဆိုပြီးတော့။”

အခုလို ပြဿနာရပ်ကနေ အစိုးရက အမြတ်ထုတ်နိုင်တာလည်း ရှိတယ်လို့ အဲဒီ သတင်းစာဆရာက ယူဆပါတယ်။ နျူကလီးယား လုပ်နေပါတယ်ဆိုတဲ့ သတင်းပေါက်ကြားမှု အတိုင်းအတာ တစုံတရာအထိ မြန်မာအစိုးရက ဖြစ်စေချင်ပုံ ရတယ်လို့ သူက ခန့်မှန်းတာပါ။

“သူက တဘက်မှာလည်း အဲဒါမျိုး မခံချင်တော့ ဒါမျိုး Nuclear Energy ရှိတယ်လို့ ထင်ကောင်းထင်မယ်။ တကယ်လက်တွေ့မှာ Effective ဖြစ်ဖို့ကတော့ ကျနော် သိပ်မထင်ဘူး။”

ဒါပေမဲ့ ကိုအောင်နိုင်ဦးကတော့ ဒီလိုမမြင်ပါဘူး။ နျူကလီးယားလုပ်ငန်း သဘာဝအရ နိုင်ငံတွေဟာ လျှို့ဝှက်လုပ်လေ့ရှိပြီး အောင်မြင်တော့မှသာ ထုတ်ပြောလေ့ ရှိတယ်လို့ ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီရဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပါဝင်တဲ့ အာဆီယံအသင်းဟာ ဆိုလည်း အာဆီယံကို နျူကလီးယား ကင်းမဲ့ဇုန် သတ်မှတ်နိုင်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းပါ။ အခုထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ IAEA အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ အနေနဲ့ စုံစမ်းစစ်ဆေးသွားဖို့ရှိပြီး လိုအပ်ရင်တော့ မြန်မာအစိုးရထံကနေ ဖြေရှင်းချက် တောင်းခံသွားမယ်လို့ IAEA အကြီးအကဲ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG