သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်


မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်
မြန်မာနျူကလီးယားအရေး IAEA စုံစမ်းမည်

နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ဦးတည် ကြိုးစားနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အချက်အလက်တွေကို လေ့လာ သုံးသပ်နေပြီလို့ IAEA ညွှန်ကြားရေးမှူးချုပ် ယုကိယ အာမန်နို (Yukiya Amano) က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် နျူကလီးယား သုတေသနလုပ်ဖို့ လိုအပ်တယ်လို့ IAEA ကို မြန်မာစစ်အစိုးရက အရင်တုန်းက အကြောင်းကြားခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုမျိုး လက်နက်ထုတ်မယ့် အဆင့်အထိ ရောက်အောင် ကြိုးစားမှု ရှိမရှိကိုတော့ IAEA က သေသေချာချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြစတြီးယားနိုင်ငံ ဗီယင်နာက IAEA ဘုတ်အဖွဲ့ဝင် နိုင်ငံ ၃၅ နိုင်ငံရဲ့ အစည်းအဝေး ပထမနေ့ သတင်းစာ ရှင်းလင်းပွဲမှာ IAEA အကြီးအကဲ ယုကိယ အာမန်နိုက မြန်မာစစ်အစိုးရဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရရှိတဲ့ အချက်အလက်တွေကို သုံးသပ်နေပြီလို့ ပြောပါတယ်။

“သတင်းမီဒီယာတွေထဲမှာ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ တွေ့ခဲ့ရတာမို့ ဒီသတင်း အချက်အလက်တွေကို စစ်ဆေး သုံးသပ်နေပါပြီ။ တကယ်လို့ လိုအပ်ရင်တော့ မြန်မာအစိုးရဆီက ရှင်းလင်းချက်တွေကို တောင်းခံရမှာပါ။”

မြန်မာနိုင်ငံတွင်း နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ ယူရေနီယံသတ္တု သန့်စင်မှုတွေ လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းဟာ မနှစ်က နှစ်ဆန်းပိုင်းကတည်းက ထွက်နေခဲ့ပေမဲ့ မြန်မာစစ်အစိုးရဘက်က ငြင်းဆိုတာမျိုး မရှိသလို ဝန်ခံတာမျိုးလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်မှာ အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့အတူ နျူကလီးယား တပ်ရင်းပါ ထားရှိပြီး နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ ထုတ်နိုင်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ အထောက်အထားတွေကို တင်ပြခဲ့ပါတယ်။

ဒီအထောက်အထားတွေကို IAEA ရဲ့ နျူကလီးယား စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရောဘတ် ကယ်လီ (Robert Kelley) က စစ်ဆေးခဲ့ပြီး ဒီအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ အရပ်ဘက်အတွက် အသုံးပြုမယ့် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်လို့ ပြောကြားချက်တွေအတွက် ယုံရခက်နေတယ်လို့ ပြောပါတယ်။

“သတင်းပေးတဲ့လူ အဆိုအရ မြန်မာနိုင်ငံမှာ ဓာတ်ပေါင်းဖို အစီအစဉ် ရှိတယ်လု့ိ သိရပါတယ်။ ဒါ့အပြင် နျူကလီးယားအတွက် တာဝန်ပေးထားတဲ့ စစ်တပ်လို့ဆိုတဲ့ အမှုထမ်းတွေ အနေနဲ့လည်း အဆင့်မြင့် ယူရေနီယံ ထုတ်လုပ်နိုင်မယ့် ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တာဝန်ပေးခြင်း ခံရတယ်လို့ ဆိုပါတယ်။ နိုင်ငံအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ဒီလုပ်ငန်း နှစ်ရပ်စလုံးက မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အပြင် နိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန် ဝတ္တရားတွေနဲ့လည်း လုံး၀ မကိုက်ညီပါဘူး။

“ယူရေနီယံ သန့်စင်မှုလုပ်ငန်း၊ ယူရေနီယံသတ္တု ထုတ်လုပ်တာ စသဖြင့်က အရပ်ဘက် နျူကလီးယား အစီအစဉ်အတွက် မဟုတ်တဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လက်နက်တွေ အစီအစဉ်အတွက် သွားပြီး သက်ဆိုင်နေပါတယ်။ အခု ကျနော်တို့ သိရှိခဲ့တဲ့ အချက်အလက်တွေ အားလုံးကို ဆန်းစစ်ကြည့်မယ်ဆိုရင် အရပ်ဘက်အတွက် ဘယ်လိုအသုံးပြုမယ်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။”

ဗိုလ်မှူး စိုင်းသိန်းဝင်း တင်ပြခဲ့တဲ့ ယူရေနီယံ သန့်စင်ရာမှာ အသုံးပြုမယ့် စက်တွေရဲ့ အနေအထားကို ကြည့်ပြီး မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း နျူကလီးယားနဲ့ ဒုံးလက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် မစ္စတာ ကယ်လီက မျှော်လင့်မထားပေမဲ့ ဒါတွေဟာ အရပ်ဘက် ဖွံ့ဖြိုးရေးအတွက် သုံးဖို့ ဆိုတာတော့ လုံး၀ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျနော်တွေ့ခဲ့ရတဲ့ ပစ္စည်းတွေရဲ့ လက်ရာကတော့ သိပ်ကို ညံ့ပါတယ်။ သူတို့ ဆောက်လုပ်နေတဲ့ ပစ္စည်းတွေ၊ သူတို့ ရေးဆွဲနေတဲ့ ပုံစံတွေ သိပ်ကိုညံ့ပါတယ်။ ကျနော်ပြောချင်တာက ဒီနျူကလီးယား အစီအစဉ်ဟာ မနက်ဖြန်လို အချိန်မျိုး ကျနော်တို့အတွက် အန္တရာယ်ရှိစေနိုင်မယ့် အနေအထားတော့ မရှိပါဘူး။ ကျနော် အလေးအနက် ထောက်ပြလိုတာက မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက် ရှိနေတယ် ဆိုတဲ့အချက်က အခုအချိန်မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်နေရပြီဆိုတဲ့ အချက်ပါပဲ။”

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ နျူကလီးယား မပြန့်ပွားရေးအတွက် စာချုပ်တွေကို လက်မှတ် ရေးထိုးထားတာမို့ ဒီစာချုပ်တွေကို ချိုးဖောက်ရင် အရေးယူခံရနိုင်တယ်လို့ အင်ဒီးယားနား တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန်က ပြောပါတယ်။

“ဗမာပြည်က IAEA နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်နဲ့ Comprehensive Nuclear Test and Treaty၊ အဲဒါတွေအပြင် NOT ခေါ် Device Supplement Agreement၊ IAEA နဲ့ သူတို့ အတူတွဲမယ့် ကိစ္စကိုလည်း သဘောတူထားတယ်။ ပြီးတော့ RCA လို့ခေါ်တဲ့ Research and Development ကိစ္စအတွက်ပဲ Nuclear Science and Technology ကို သုံးရမယ်ဆိုတဲ့ဟာလည်း အဖွဲ့ဝင် ဖြစ်ထားတယ်။ ပြီးတော့ South East Asia မှာ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတဲ့ ဟာကိုလည်း ၉၅ မှာ လက်မှတ်ထိုးထားတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုတော့ သူ့မှာ နိုင်ငံတကာ ဥပဒေအရ ဖြစ်စေ၊ ဒေသန္တရဆိုင်ရာ သဘောတူညီချက် အရတွေပဲ ဖြစ်စေ လက်နက်ဘက်ကို ဦးတည်တဲ့ နျူကလီးယားဆိုင်ရာ လုပ်ဆောင်မှုကို သူ့မှာ လုပ်ခွင့်မရှိဘူး။”

IAEA နဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်ရမယ် ဆိုတာကို သတ်မှတ်ချက်တွေ ချထားတယ်လို့လည်း ပြောပါတယ်။ IAEA နဲ့ မြန်မာနိုင်ငံအကြား ပထမဆုံး ပြောဆိုမှုတွေ၊ နောက် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက ဝင်ရောက် စစ်ဆေးမှုတွေ လုပ်ပြီး မှန်ကန်တယ်ဆိုရင် အရေးယူတဲ့အဆင့်ကို ဆက်လုပ်တယ်လို့ ဆိုပါတယ်။

“ပထမအချက်က သူတို့ ဗမာပြည်နဲ့ IAEA နဲ့ ညှိမယ်။ ဒုတိယအဆင့်က ညှိလို့မရရင် International Court of Justice ကို ဒီအမှုကို ပို့ပြီးတော့ သဘောထား ရယူမယ်။ ရယူပြီးမှ UN ကတဆင့် လိုအပ်သလို အဆင့်ဆင့် ဆောင်ရွက်ရမှာ ဖြစ်တယ်။ ၂၀၀၉ ခုနှစ် IAEA General Conference မှာ ဗမာပြည် ကိုယ်စားပြုတဲ့ ဦးတင်ဝင်းက ဗမာပြည်မှာ အကြီးစား နျူကလီးယားစက်ရုံ မရှိသေးပေမဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ဆောင်နိုင်ဖို့ နျူကလီးယား သုတေသနပြုမယ့် စက်ရုံ လိုတယ်ဆိုတာကို ဗမာပြည် အစိုးရက ပြောပြီးသား။ အဲတော့ ဒီကိစ္စ မထူးဆန်းဘူး၊ ဒါပေမဲ့ အရေးကြီးတာက ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ သိရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။”

ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန် ပြောသွားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်နေတဲ့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်ကတော့ မြန်မာဟာ လျှို့ဝှက် နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေတယ်ဆိုတဲ့ ပြောကြားချက်တွေဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း Asiaone Online သတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG