သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စွပ်စွဲချက် မဟုတ်မှန်ကြောင်း IAEA သို့ စစ်အစိုးရ ပြန်ကြား


နျူကလီးယား စွပ်စွဲချက် မဟုတ်မှန်ကြောင်း IAEA သို့ စစ်အစိုးရ ပြန်ကြား
နျူကလီးယား စွပ်စွဲချက် မဟုတ်မှန်ကြောင်း IAEA သို့ စစ်အစိုးရ ပြန်ကြား

မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အထိ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်များနဲ့ ပတ်သက်ပြီး IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက စုံစမ်း မေးမြန်းလာတာမို့ ဒီ နျူကလီးယားဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစီအစဉ် မရှိကြောင်း IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ်က ပြန်ကြား ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

IAEA အဖွဲ့ရဲ့ နျူကလီးယား လုံခြုံစိတ်ချရရေးဆိုင်ရာ စီမံဆောင်ရွက်နေတဲ့ Department of Safeguard ရဲ့ ညွှန်ကြားရေးမှူး မစ္စတာ မာကို မာဇိုက ဇွန်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံက ယူရေနီယံသတ္တုကို သန့်စင် ပုံစံပြောင်းပြီး အင်အားကောင်းမွန်အောင် လုပ်ဆောင်မှု ရှိမရှိ၊ နောက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစားမှု ရှိမရှိ စုံစမ်း မေးမြန်းခဲ့ကြောင်းနဲ့ IAEA ဆိုင်ရာ မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက မြန်မာနိုင်ငံမှာ ယူရေနီယံ ပြောင်းလဲထုတ်လုပ်မှု၊ နျူကလီးယားလောင်စာ အဆင့်မြင့် သန့်စင်မှုနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေကို အရင်ကလည်း မလုပ်ခဲ့သလို လက်ရှိမှာရော၊ နောင်မှာပါ လုပ်ဆောင်ဖို့ စီစဉ်မထားကြောင်း ဇွန်လ ၁၈ ရက်နေ့က ပြန်ကြားချက်ကို စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံက ၅ နှစ်ကြာ လေ့လာပြီး မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယား လက်နက်တွေ၊ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပြင် အယ်လ်ဂျာဇီးယား ရုပ်သံကပါ ဒီသတင်းကို ထုတ်လွှင့်ခဲ့တာကြောင့် အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ် (Mr. Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်ကိုပါ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကတော့ မြန်မာ့ရုပ်သံကနေ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိကြောင်း၊ ဒါဟာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်ဆံမှု လုပ်ဆောင်လာချိန်မှာ နိုင်ငံရေးအရ သိက္ခာကျစေဖို့ ထိုးနှက်မှုတခုဖြစ်ကြောင်း မြန်မာစစ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်နေပြီး သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ဖို့ လုပ်နေပေမဲ့ နိုင်ငံတကာက နားလည်မှု လွဲမှားနေတဲ့အတွက်လက်တွေ့ မလုပ်ဆောင်နိုင်ကြောင်း ကြေညာခဲ့တဲ့အပြင်…

“နျူကလီးယားလက်နက် ထုတ်လုပ်ရန် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံနှင့် နည်းပညာအရ လည်းကောင်း၊ ငွေကြေး အရင်းအမြစ်အရ လည်းကောင်း၊ လုံလောက်မှု မရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံတခုသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိဟု ကျွမ်းကျင်သူအချို့က သုံးသပ်ကြပါသည်။ ယင်းအကြောင်းရင်းများကြောင့် မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုများ ရှိကြောင်း စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်းနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ကြိုးပမ်းမှုများ အလျဉ်းမရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။” လို့ မြန်မာ့ရုပ်သံက ကြေညာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ ယူရေနီယံသတ္တု တူးဖော်မှုတွေနဲ့ နျူကလီးယား တပ်ရင်းကိုပါ ထားရှိကြောင်း ရုရှားနိုင်ငံကနေ ဒုံးပျံအင်ဂျင်နီယာ အထူးပြု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူ မြန်မာ့တပ်မတော် အရာရှိဟောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့ ထုတ်ဖော်ချက် အထောက်အထားတွေနဲ့ ပတ်သက်ပြီး IAEA စုံစမ်းစစ်ဆေးရေးမှူးဟောင်း ရောဘတ် ကယ်လီက စစ်ဆေးခဲ့ပြီး ဒီအထောက်အထားတွေအရ မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း အန္တရာယ်ရှိစေတဲ့ နျူကလီးယားလက်နက် မထုတ်နိုင်တာ သေချာပေမဲ့ အရပ်ဘက်သုံး နျူကလီးယား လုပ်ငန်းစဉ်တွေ လုပ်နေပါတယ်ဆိုတဲ့ ပြောကြားချက်တွေကို ယုံရခက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက သုတေသန ပညာရှင် တဦးကတော့ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနဲ့ ပညာရေး တိုးတက်ဖို့အတွက် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မှုတွေ၊ စွမ်းအင်ထုတ်ဖို့ ကြိုးစားမှုတွေကနေ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေဟာ လက်နက်ထုတ်နိုင်တဲ့ အဆင့်အထိ လုပ်ဆောင်နိုင်ပေမဲ့ နည်းပညာ ကျွမ်းကျင်မှုကတော့ သိပ်ကို လိုအပ်တယ်လို့ ပြောပါတယ်။

“လျှပ်စစ်ထုတ်တဲ့ အဏုမြူ ဓာတ်ပေါင်းဖိုကနေပြီးတော့ သူ့ရဲ့ ဘေးထွက်ပစ္စည်းက ဆီရီယံ ၁၄၄ တို့၊ ယူဒီယံ ၁၀၆၊ နောက် ရေဒီယိုအက်တစ် ဖြစ်နေတဲ့ အဏုမြူတွေလည်း ဘေးထွက်ပစ္စည်းဖြစ်တယ်။ အဲဒီအပြင် ယူရေနီယံ ၂၃၈ လည်း ပါလာတယ်လေ။ ယူရေနီယံ ၂၃၈ ပါလာရင် သူက နျူထရွန်တလုံးကို၊ လျှပ်စစ်ဓာတ်မဲ့တဲ့ ပထမ အဏုမြူတလုံးကို စုပ်လိုက်ရင် သူက ပလူတိုနီယံ ၂၃၉ ပြောင်းသွားတယ်။ အဲဒါမျိုး ပြောင်းတဲ့ဟာတွေ အများကြီး ပြောင်းနိုင်ရင်တော့ အဏုမြူဗုံး သုံးဖို့အတွက် လိုအပ်တဲ့ ပလူတိုနီယံ ၂၃၉ ကို ရနိုင်တယ်။ ဘေးထွက်ပစ္စည်း အနေနဲ့ ပေါ်လာတဲ့ဟာပေါ့။ ဒါပေမဲ့ ယူရေနီယံ ၂၃၈ ကို အများကြီး စုထားတယ်ဆိုရင် နောက်သုံးမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ လိုအပ်တဲ့ လောင်စာတွေကို ထပ်ပြီး သုံးလို့ရတာပေါ့။

“ဒီဘေးထွက်ပစ္စည်းတွေကနေပြီးတော့ အဏုမြူဗုံးအတွက် လိုအပ်တဲ့ လောင်စာကို လုပ်ယူလို့လည်း ရနိုင်ပါတယ်။ ဒါပေမဲ့ ချက်ချင်းရမလားဆိုတော့ မရဘူး။ အချိန်အများကြီး ယူရပါလိမ့်မယ်။ အဏုမြူ ဓာတ်ပေါင်းဖိုနဲ့ ပတ်သက်တဲ့ Technology ကို နားလည်တဲ့လူတွေလည်း အများကြီး လိုတယ်။ အဏုမြူ လောင်စာတွေကို သိုလှောင်ထားနိုင်တဲ့ ပစ္စည်းတွေ လိုတယ်။ သိုလှောင်ထားနိုင်တဲ့ နေရာတွေ လိုတယ်။”

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင် တဦးက သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG