သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နျူကလီးယားအရေး စုံစမ်းပေးဖို့ အမေရိကန် အမတ် တောင်းဆို


မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို မနေ့တုန်းက တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ် ဂျွန် (Eric John) ကို အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ဖို့လည်း သူက ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမတ် ဂျင်မ်ဝက်ဘ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သူ့ရဲ့ အာရှခရီးစဉ်အဖြစ် မြောက်ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံကို မသွားရောက်ဖြစ်ခဲ့တဲ့ ကိစ္စ အပါအဝင် သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကို စာရေးသား ပေးပို့ခဲ့ပြီး အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဝက်ဘ်က သူ့ရဲ့ မြန်မာနိုင်ငံ သွားရောက်မယ့်ကိစ္စ ရွှေ့ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်လောက် ခိုင်လုံမှု ရှိသလဲဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတယ်၊ အထူးသဖြင့် နျူကလီးယား အစီအစဉ် အလားအလာနဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက် ၂ ရပ်မှာ စုံစမ်း ဖြေရှင်းပေးရမယ့် အချက်အလက်တွေ အလုံအလောက် ရှိနေတာမို့ အခုနေခါမှာ မြန်မာနိုင်ငံကို သွားဖို့ ကျနော့်အနေနဲ့ မသင့်တော်ပါဘူး။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဆီက သံသယဖြစ်ဖွယ် လက်နက်ပစ္စည်းတွေကို မြန်မာနိုင်ငံက ရယူခဲ့တယ် ဆိုတဲ့ မေလပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Mr. Kurt Campbell) ရဲ့ ပြောကြားချက်တွေနဲ့ အတူ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ အခုထိ ခိုင်လုံတဲ့ အထောက်အထားနဲ့ ရှင်းလင်းတာမျိုး မတွေ့ရသေးတဲ့အတွက် ရှင်းလင်းပေးဖို့ မစ္စတာဝက်ဘ်က တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် မြန်မာ့တပ်မတော်မှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်း တင်ပြတဲ့ အထောက်အထားတွေ၊ နောက် IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အဖွဲ့မှာ စစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရောဘတ် ကယ်လီ (Robert Kelley) ရဲ့ မြန်မာနိုင်ငံမှာ အရပ်ဘက်သုံး အဏုမြူစွမ်းအင် ထုတ်လုပ်ဖို့ လုပ်နေတယ် ဆိုတာဟာ ယုံကြည်ရ ခက်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ တင်ပြချက်တွေကိုလည်း စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ဝက်ဘ်က စာရေး တောင်းဆိုတာပါ။

ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ ရှိတဲ့အပြင် ဒီကိစ္စကို သေသေချာချာ စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပီ.ဂျေ ခရော်လီ (P.J Crowley) က အင်္ဂါနေ့မှာ ပြောပါတယ်။

“အဲဒီကိစ္စကို ကျနော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ မြန်မာအစိုးရနဲ့လည်း စကားပြောနေပြီး ၁၈၇၄ က စပြီး တခြားဆုံးဖြတ်ချက်တွေကို လိုက်နာရမယ့် နိုင်ငံတကာ တာဝန် ဝတ္တရားတွေ ရှိတယ်ဆိုတာကိုလည်း မြန်မာစစ်အစိုးရကို အသိပေးထားပါတယ်။”

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကလည်း သုံးသပ်နေပြီလို့ တနင်္လာနေ့က IAEA အကြီးအကဲ မစ္စတာ ယုကိယ အာမန်နို (Yukiya Amano) က ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့စာကို ဖတ်ရှုရတဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်ကတော့ ဒီစာအရ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတယ် ဆိုတာကို မစ္စတာဝက်ဘ်က မယုံကြည်ကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

“ဆီနိတ်တာဝက်ဘ်က မြန်မာကို မျက်နှာသာ ပေးချင်တဲ့လူ။ အခု မလွှဲမရှောင်သာလို့ မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရရဲ့ ပတ်သက်မှုတွေ၊ အဏုမြူလက်နက် ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အကြံအစည်တွေ လူသိရှင်ကြား ပေါ်ထွက်လာလို့လည်း သူက မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်လိုက်ရတာကိုး။ အခုလည်း ဒီကိစ္စ အမြန်ဆုံး ဖြေရှင်းမှ နှစ်နိုင်ငံ ဆက်ဆံရေး ဆက်ပြီး ဖြောင့်တန်းမယ်ပေါ့ဗျာ။ အဲဒီလိုမျိုး သူ မသွားလိုက်ရတဲ့ ကိစ္စအပေါ်မှာ မချင့်မရဲ ဖြစ်သလို တဘက်မှာလည်း အစီရင်ခံစာတွေ၊ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားမှုတွေ အပေါ်မှာ သူ့အနေနဲ့ မယုံကြည်မှုတွေကို ဒီစာမှာ ဖော်ပြထားပါတယ်။”

မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ်မှာ အမေရိကန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ Tom Lantos Jade ဥပဒေအရ မြန်မာနိုင်ငံဆိုင်ရာ အထူးမူဝါဒ ညှိနှိုင်းသူ တဦးကို ခန့်အပ်ရမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ရှိ အစိုးရအဖွဲ့ အတွင်းက ပုဂ္ဂိုလ်တွေအပြင် ပြင်ပပုဂ္ဂိုလ်တွေ အပါအဝင် ၆ ဦးကို ရွေးချယ်ခဲ့ပြီး သမ္မတ အိမ်ဖြူတော်ကို တင်သွင်းခဲ့တာမို့ အခု စိစစ် ရွေးချယ်နေတဲ့အပြင် အထက်လွှတ်တော်ကို တရားဝင် အမည်စာရင်း တင်သွင်းဖို့ ရှိတယ်လို့လည်း ဦးအောင်ဒင်က ပြောပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဲရစ် ဂျွန်ကို ခန့်အပ်ဖို့အတွက် အကြံပြုပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး မစ္စတာဂျွန်ဟာ မြန်မာနိုင်ငံအတွက် သင့်တော်တဲ့သူ တဦးအဖြစ် မယုံကြည်ဘူးလို့ ဦးအောင်ဒင်က ပြောပါတယ်။

“သံအမတ်ကြီး အဲရစ် ဂျွန်က သမ္မတဘုရှ်လက်ထက် ၂၀၀၆၊ ၂၀၀၇ မှာ အမေရိကန် နိုင်ငံခြားရေးဌာနမှာပဲ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူ့လက်ထက်မှာပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖြေရှင်းဖို့ တောင်းဆိုမယ် ဆိုတာမျိုး စကြိုးစားခဲ့တာပဲ။ အဲဒီကာလကတော့ သမ္မတဘုရှ် အစိုးရကိုယ်တိုင်က မြန်မာနိုင်ငံ အရေးကိစ္စကို အင်မတန်မှ စိတ်ဝင်တစား လှုပ်ရှားတဲ့ အခါကြတော့ သူလည်း သမ္မတဘုရှ်ရဲ့ လက်အောက်ခံ ဝန်ထမ်းတယောက် အနေနဲ့ တတပ်တအား ပါဝင်ခဲ့တာပါ။ အဲဒီကာလတွေက သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့ ပါဝင်မှုတွေက အားရစရာလည်း ရှိပါတယ်။

“ထိုင်းနိုင်ငံမှာ သူရောက်နေတဲ့ ၂၀၀၈ ကစပြီး အခုထိဆိုရင် ၃ နှစ်နီးပါး ရှိနေပြီ။ အဲဒီမှာ သူ ထိုင်းမှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတာ ရှိတယ်လို့ တခါမှ ကျနော် မကြားခဲ့ဖူးဘူး။ အဲဒီလိုပဲ ထိုင်းနိုင်ငံ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုများနဲ့ ရင်းနှီးမှုတို့၊ လေ့လာစုံစမ်းမှုတို့၊ စိတ်ဝင်စားမှုတို့ မပြတာကို ကျနော်တို့ ကြားသိရတယ်။ အဲတော့ ဒီဘက်ပိုင်း သမ္မတ အိုဘားမား နိုင်ငံတော်အာဏာ ယူပြီးတဲ့အချိန်မှာ သူ့ရဲ့ မြန်မာနိုင်ငံရေးဆိုင်ရာ စိတ်ဝင်စားမှုတွေက သိပ်ပြီးတော့ အားရလောက်စရာ မရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်မယ့် အထူးကိုယ်စားလှယ် အဖြစ် EU ဥရောပ သမဂ္ဂက မစ္စတာ ပီယာရို ဖက်ဆီနို (Piero Fassino) ကို ခန့်အပ်ခဲ့ပြီး ကုလသမဂ္ဂက မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) နောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကို ယာယီတာဝန် ပေးထားပေမဲ့ အမေရိကန် နိုင်ငံကတော့ အခုထိ ရွေးချယ် ခန့်အပ်တာမျိုး မလုပ်သေးပါဘူး။

XS
SM
MD
LG