သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂ အဖွဲ့နဲ့ အစိုးရ ဆွေးနွေး


နာဂလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ့ဆုံ (ဓါတ်ပုံ-ညိုအုန်းမြင့်)
နာဂလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ့ဆုံ (ဓါတ်ပုံ-ညိုအုန်းမြင့်)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေး နဲ့ ပတ်သက်လို့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဲနဲ့ နာဂ လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးရာ မှာ အစိုးရဖက်က လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေကို ရှင်းလင်းပြခဲ့ပြီး နာဂလက်နက်ကိုင် အဖွဲ့ဖက်ကတော့ ဌာနချုပ်မှာ ပြန်လည်ဆွေးနွေးပြီး အကြောင်းပြန်ဖို့ ရှိနေပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-Kတို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက် ၉နာရီကနေ ၁၁နာရီထိ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ UPWC က ဦးအောင်မင်း၊ ဦးသိန်းဇော်နဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်စိုး၊ NSCN-K ဖက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တာဝန်ခံ ဦးကျော်ဝမ်းစိန် နဲ့ ဒု တာဝန်ခံ ဦးအန်ကန်တို့ ဦးဆောင်ပါဝင်ခဲ့သလို ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

နာဂလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွေ့ဆုံ (ညိုအုန်းမြင့်)
နာဂလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွေ့ဆုံ (ညိုအုန်းမြင့်)

ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NSCN-K ဖက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ တာဝန်ခံဦးကျော်ဝမ်းစိန် အခုလို ပြောပါတယ်။

“အရင်လက်မှတ်ရေးထိုးရမယ့် အကြောင်းနဲ့ ပတ်သက်ပြီးတော့မှ ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးသိန်းဇော်နဲ့ ုဗိုလ်ချုပ် ဦးမြင့်စိုး တို့ကနေပြီးတော့မှ ရှင်းပြတာပေါ့နော်။ ဟုတ်ကဲ့အဲဒါရှင်းပြတာကတော့ ကျနော်တို့ NCA မှာ လက်မှတ်ရေးထိုးရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့မှတော့ ကျနော်တို့အတွင်းရေးမှာလဲ ညှိနှိုင်းတိုင်ပင်ဆွေးနွေးမယ့် အချက်တွေအများကြီးရှိပါသေးတယ်ခင်ဗျာ။ ဌာနချုပ်မှာ ကျနော်တို့ ဥက္ကဌကြီး နဲ့လည်း တိုင်ပင်ဆွေးနွေးရမယ်။ တင်ပြဆွေးနွေးပြီးမှပဲ အဲဒါဘယ်လို ထိုးနိုင်မထိုးနိုင်ပေါ့ ဆိုတဲ့အပိုင်းကို ပြန်ပြီးတော့မှ တင်ရမှာဖြစ်ပါတယ်။”

NSCN-K အဖွဲ့ဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း အိန္ဒိယ- မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့ဖြစ်ပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံလုံးမှာနေထိုင်တဲ့ နာဂအမျိုးသားရေးအတွက် လက်နက်ကိုင်လှုပ်ရှားနေတာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် ဧပြီလအတွင်းက အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းဒေသကြီးအဆင့် လက်မှတ် ရေးထိုးထားပြီးလည်း ဖြစ်ပါတယ်။

အစိုးရဖက်ကတော့ NSCN-K အဖွဲ့အနေနဲ့ NCA ကို လက်မှတ်ရေးထိုးပြီးချိန်မှာ အိန္ဒိယနိုင်ငံဖက်ကို တိုက်ခိုက်တာတွေ မလုပ်စေလိုကြောင်း လည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ် တွဲဖက်ဒါရိုက်တာတဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

“အစိုးရဘက်ကတော့ လက်မှတ်ထိုးရင် အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးကို အထူးသတိထားဖို့ အိန္ဒိယဘက်မှာသွားပြီးတော့ တိုက်တာ ခိုက်တာမျိုး မလုပ်ဖို့ကိုတော့ ဒါပြောဆိုတာရှိပါတယ်။အဲတော့ နာဂကလည်း အိန္ဒိယဘက်မှာလည်း ဆွေတွေမျိုးတွေရှိတယ်။ ဒီဘက်မှာလည်းဆွေတွေ မျိုးတွေရှိတဲ့အခါကျတော့ ခုနအခက်အခဲလေးတွေရှိနေပါတယ်။ ဒါပေမယ့် မူအားဖြင့်တော့ လက်မှတ်ထိုးဖို့ ကိစ္စကတော့ ကျနော်တို့ ဘာမှ ပြဿနာမရှိပါဘူး။”

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံလုံးမှာလှုပ်ရှားနေတဲ့ NCSN-K အနေနဲ့ လက်ရှိနာဂအမျိုးသား နိုင်ငံရေး အခြေအနေအရ NCA လက်မှတ်ရေးထိုးပြီးနောက် စတင်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ စီစဉ်ထားတာတော့ မရှိသေးပါဘူး။

နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရေးနဲ့ပတ်သက်ပြီး အစိုးရဖက်က သဘောထားကိုတော့ ဒီနေ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းက အခုလို ပြောပါတယ်။

“နိုင်ငံရေးကတော့ ကနေ့ကျမှ ဆွေးနွေးရမယ်လို့မရှိပါဘူး။ ဒါကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်။ နိုင်ငံရေးကတော့ သူတို့ဆွေးနွေးနိုင်တဲ့အခါ မှာဆွေးနွေးမှာပေါ့။ မဆွေးနွေးနိုင်သေးဘူးဆိုရင်လည်း မဆွေးနွေးဘူးပေါ့။ သူတို့က လေ့လာသူတွေအနေနဲ့ သူတို့ တက်လို့ရတယ်လို့ ဒီနေ့ပြောလိုက်တယ်လေ လူကြီးတွေက ။ ဆွေးနွေးချင်တဲ့လူအနေနဲ့လည်း တက်လို့ရတယ်၊ မဆွေးနွေးချင်လည်းရတယ်။ မတက်ရင်လည်း ရတယ်။”

နာဂပြည်သူတဦးကတော့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရင် တန်းတူညီမျှရေးနဲ့ တရားမျှတမှုရှိရေး အာမခံဖို့ လိုလားကြောင်း ပြောပါတယ်။

“ငြိမ်းချမ်းရေးကိုတော့ လူတိုင်းလိုချင်နေကြတာပါပဲ။ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့တကွ တတိုင်းပြည်လုံး အတိုင်းအတာ အနေနဲ့ ဘယ်လောက်ထိ အာမခံချက်တွေပေး ထားသလဲဆိုတာလည်း တော်တော်လေး စကားပြောမယ်ခင်ဗျာ။ သေချာတာ တခုတော့ တန်းတူအခွင့်ရေးမပေးနိုင်ဘူးဆိုလို့ရှိရင်၊ တရားမျှတမှုမရှိဘူးဆိုရင်တော့ ခုနလက်ရှိပြောနေတဲ့ ကျနော်တို့ ပစ်ခတ်ရပ်စဲရေးသော်လည်းကောင်း၊ ငြိမ်းချမ်းရေးသော် လည်းကောင်း ဒေသခံတွေ ကျေနပ်နိုင်စရာအကြောင်းဘာမှ မရှိဘူး။ ကျနော်တို့ နိုင်ငံတကာ သက်သေအနေတွေနဲ့ဖြစ်ဖြစ် ၊ တိုင်းပြည် အဆင့်မှာပဲ ဖြစ်ဖြစ်၊ ဒေသအဆင့်မှာပဲ ဖြစ်ဖြစ် ဘယ်လိဘဲ လက်မှတ်ရေးထိုးရေးထိုး ဒီညီညွတ်မျှတတဲ့ တရားမျှတမှု လွတ်လပ်မှုတွေ မရှိဘူးဆိုလို့ရှိရင်တော့ ဒါတွေအားလုံးဟာ ပြန်ပြီး ပျက်သွားနိုင်တာပေါ့ ခင်ဗျာ။”

NSCN-K အဖွဲ့ဟာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မိုင်းလားအဖွဲ့ ခေါ် NDAA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း အဖွဲ့တွေလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAရေးဆွဲရာမှာ ပါဝင်တာမရှိခဲ့ပါဘူး။

အစိုးရနဲ့ NCA ရေးဆွဲရာမှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ လာမယ့် အောက်တိုဘာ ပထမပတ်မှာ NCA လက်မှတ် ရေးထိုးဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG