သုံးရလွယ်ကူစေသည့် Link များ

လစာတိုးရရေး ပင်စင်စားတွေ စစ်အစိုးရ ခေါင်းဆောင်ထံ စာပို့


မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပေမဲ့ ၀င်ငွေတွေ တိုးမလာတဲ့ ပင်စင်လစာစား ၀န်ထမ်းတချို့က သူတို့ရဲ့ အခက်အခဲတွေကို စဉ်းစား ဆောင်ရွက်ပေးဖို့ စစ်အစိုးရ အကြီးအကဲထံ စာရေး တောင်းဆိုလိုက်ပါတယ်။ တိုင်းပြည်တာဝန် ဆောင်ရွက်ခဲ့ကြတဲ့ ၀န်ထမ်းတွေရဲ့ အခက်အခဲကို စာနာထောက်ထားပြီး ပြဿနာကို ဖြေရှင်းပေးဖို့ စာရေးသား ပေးပို့ထားပေမဲ့ အခုအချိန်အထိတော့ ဘာမှ တုံ့ပြန်လာတာ မရှိလို့ ပင်စင်စားတွေ စိတ်ပျက်လက်ပျက် ဖြစ်နေကြရပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကုန်ဈေးနှုန်းတွေတက်လို့ ပင်စင်စား၊ လခစားသမား အစိုးရ၀န်ထမ်းဟောင်း ၅၀ က လက်မှတ်ရေးထိုးပြီး သူတို့တွေ အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို စာပို့ပြီး သူတို့ရဲ့ ပင်စင်လစာတွေကို တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ကျေပြွှန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ၀န်ထမ်းတွေဖြစ်ကြောင်း၊ အခုအခါမှာ ကုန်ဈေးနှုန်း ကြီးတဲ့ဒဏ်ကို ခံနေရပြီး သူတို့ရဲ့ ပင်စင်လစာငွေနဲ့ မလုံလောက်တဲ့အတွက် အကြောက်တရား ရှိပေမဲ့ အရဲစွန့်ပြီး ပင်စင်လစာ တိုးပေးရေးအတွက် တင်ပြ တောင်းခံလိုက်ရခြင်း ဖြစ်ကြောင်း ပင်စင်စား ၀န်ထမ်းတဦးက အခုလို ပြောပါတယ်။

“အခုတင်ထားတဲ့ လူ ၅၀ ကျော်မှာ အမြင့်ဆုံးရတဲ့လူမှ ၆,၀၀၀ ကျော်ပဲ ရှိတယ်။ လစာတိုး၊ လစာတိုးနဲ့ အမြင့်ဆုံး ရတဲ့လူ။ အဲဒီတော့ ကျနော်တို့က သူ့ဆီကို အသနားခံစာ တင်တယ်။ ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းကတော့ ရှင်းရှင်းပြောမယ်ဆိုရင် စားဝတ်နေရေးနဲ့ မလောက်တဲ့အတွက် ဖြစ်နေတာ။ အခုနောက်ဆုံး အမြင့်ဆုံးရတဲ့လူနဲ့ အနိမ့်ဆုံးရတဲ့လူရဲ့ ကွာဟမှုကို ကြည့်မယ်ဆိုရင် ၂၀၀ ဆိုတာ ဒီနေ့ အမေရိကန်ငွေနဲ့ တွက်ရင် ၄ ဆင့်ပဲရှိတယ်။ တဒေါ်လာတောင် မပြည့်ဘူး။ အဲဒီတော့ ကျနော်တို့က ဒီနေ့ စားဝတ်နေရေးနဲ့ ဘယ်လိုမှ မလုံလောက်ဘူး။”

ပဲခူးတိုင်းကဆိုရင် ဆိုရှယ်လစ်ကွက်သစ်၊ ဥသာမြို့နယ်၊ စိန်ထွန်းရပ်ကွက်၊ သနပ်ပင်မြို့နယ်၊ ဘုရားသုံးဆူ၊ မန္တလေး၊ ကန်တော်လေး၊ ဇီးကုန်းမြို့နယ်၊ ဘုရားကြီးရွာလယ်ပိုင်း၊ တောင်သူစု၊ ဗဟိုစည်၊ လိပ်ပြာကန်၊ ပြည်ဘက်ကဆိုရင် ပေါက်ခေါင်း၊ ရန်ကုန်တိုင်းမှာဆိုရင် ကျောက်တံတား၊ ပန်းဆိုးတန်း၊ လမ်း ၃၀ စတဲ့နေရာတွေက ဆရာ၊ ဆရာမ၊ ၀န်ထမ်းဟောင်းတွေက ပါဝင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ လက်မှတ်ထိုးပြီး တင်ပြတဲ့ မိတ္တူကို အစိုးရ တာဝန်ရှိသူတွေကိုသာမက ILO၊ UNDP၊ NLD တို့ထံကိုလည်း ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ လက်ရှိ ကုန်ဈေးနှုန်းနဲ့ သူတို့အားထားနေရတဲ့ ပင်စင်လစာ မမျှမတ ဖြစ်နေရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီ့အတွက် ပင်စင်လစာကို သွားထုတ်တဲ့ အခါမှာလည်း လမ်းစရိတ်တောင်မှ မပြည့်ဘူးလို့လည်း ပြောကြပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးကလည်း ပြည်သူတွေ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ခံစားနေရတဲ့အတွက် ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုကြီးတွေ လုပ်ခဲ့ပြီး သံဃာတွေက ပြည်သူတွေကိုယ်စား မေတ္တာပို့တာကနေ ဆန္ဒပြတာတွေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ပင်စင်စားတွေက သူတို့အနေနဲ့ ကုန်ဈေးနှုန်း ပြဿနာကို ရင်ဆိုင်နေရတဲ့အတွက် လစာတိုးပေးရေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက စစ်တပ်နဲ့ ရဲဝန်ထမ်းတွေ ကြားမှာလည်း ကုန်ဈေးနှုန်း တိုးမြင့်တဲ့အတွက် သူတို့ စုဆောင်းထားရတဲ့ ဆုကြေးငွေတွေ ထုတ်ပေးဖို့ ပြောရင်း အချေအတင် ဖြစ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG