သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာကော်မတီနှစ်ရပ် ဖွဲ့စည်း


သမ္မတဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တက်ရောက်နေစဉ်။ (နေပြည်တော်၊ မြန်မာ) သတင်းမှတ်တမ်း- သမ္မတရုံး
သမ္မတဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး တက်ရောက်နေစဉ်။ (နေပြည်တော်၊ မြန်မာ) သတင်းမှတ်တမ်း- သမ္မတရုံး
အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ စွမ်းအင်မူဝါဒရေးဆွဲရေးအတွက် အမျိုးသားကော်မတီနှစ်ရပ်ကို သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဖွဲ့စည်းလိုက်သလို၊ အမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အသစ်ဖွဲ့ လိုက်တဲ့ ကော်မတီနှစ်ရပ် ဟာ သမတဦးသိန်းစိန်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ခြေလှမ်းတရပ်ဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရသူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီကော်မတီနှစ်ရပ်စလုံးမှာ ပညာရှင် အနည်းအကျဉ်းပဲ ပါပြီး၊ အများစုဟာ အစိုးရဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေဖြစ်ကြပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးမှာပါ။

နိုင်ငံတော် စွမ်းအင်မူဝါဒတွေကို ရေးဆွဲ အကောင်အထည်ဖော်မယ့် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနဲ့ စွမ်းအင်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မတီ၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီဆိုပြီး သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးရေးအတွက် ဗဟိုကော်မတီကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဥက္ကဌအဖြစ် ဦးဆောင်ပြီး၊ စွမ်းအင် စီမံခန့်ခွဲမှုကော်မတီမှာတော့ ဒုသမ္မတ (၂) က ဦးဆောင်ရမှာဖြစ်ပါတယ်။ ဒီ ကော်မတီတွေ ဖွဲ့စည်းတာဟာ သမ္မတဦးသိန်းစိန်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ဒု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

“ဒီကော်မတီတွေကတော့ အရှေ့ပိုင်းမှာ သမ္မတကြီးတို့နဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေရော ညှိနှိုင်းပြီးဆွဲခဲ့တဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက်တွေရှိတယ်လေ။ ပြီးခဲ့တဲ့ လအတွင်းတုန်းက လုပ်ခဲ့တာပေါ့၊ အဲ့ဒီ့ဟာတွေက ဆက်လုပ်ရမယ့်လုပ်ငန်းတွေကို ကျနော်တို့ ပေါင်းစပ် ညှိနှိုင်းပေးဖို့ အတွက် ဖွဲ့တဲ့အဖွဲ့အစည်းတွေပါခင်ဗျ။ သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ခင်များတို့ သတိထားမိမှာပါ။ ကျနော်တို့ ကက်ဘိနက်ကော်မတီတွေလည်း ထပ်ပြီးတော့ ဖွဲ့ပြီးတော့မှ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်သွားဖို့ ရှိတယ်ဆိုပြီးတော့လေ။ အဲ့တာတွေကြောင့်မို့ ဖွဲ့တာဖြစ်ပါတယ်ခင်ဗျ။”

ဒါပေမဲ့လည်း ဒီကော်မတီနှစ်ရပ်စလုံးမှာ အများစု အားလုံးနီးပါးဟာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရဌာနတွေက တာဝန်ရှိသူတွေဖြစ်ကြပါတယ်။ ကျွမ်းကျင်သူ ပညာရှင်က တဦးတလေပဲ ပါဝင်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင်တော့ လက်ရှိပြုပြင်ပြောင်းလဲရေးအဆင့်မှာ ပညာရှင်တွေကို နေရာပေးလာပေမယ့်၊ မူဝါဒ ချမှတ်ရတဲ့ အဆင့်မှာတော့ သိပ်မတွေ့ရသေးဘူးလို့ စီးပွားရေးနဲ့ လူမှုရေး ဖွံဖြိုးတိုးတက်မှုဌာန အကြီးတန်း သုတေသီ ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။

“ပညာရှင်တွေပြောတာကိုတော့ အစိုးရက အလေးအနက်ထားပြီး နားထောင်လာတယ်လို့ထင်တယ်။ ဒါပေမဲ့ ပညာရှင်တွေဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့၊ ဆုံးဖြတ်ပေးနိုင်တဲ့ နေရာတွေကိုတော့ ရောက်တာ နည်းသေးတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ တချို့ဝန်ကြီးဌာနတွေမှာတော့ မကြာသေးခင်က ခန့်ထားခဲ့တဲ့ ဝန်ကြီးအပြောင်းအလဲတွေမှာဆိုရင် တချို့နေရာတွေမှာ ပညာရှင်တွေကို ထည့်ပြီး သုံးလာတာကို တွေ့ရတယ်။

မေး- ဒီကော်မရှင်တွေဖွဲ့လိုက်ပြီဆိုတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ ဘယ်လောက်အထိ သွားနိုင်မယ်လို့ မျှော်လင့်ရပါသလဲ။ ဆိုလိုတာက ဒီကော်မရှင်ထဲမှာ အစိုးရအဖွဲ့က သူတွေဘဲ ပြန်ပါနေတာပါ။ ပြန်ပါနေတော့ တကယ်တမ်းပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကော်မတီကိုဖွဲ့တယ်။ တကယ်တမ်း ဒီကော်မတီအနေနဲ့ ပိုပြီးတော့ လုပ်နိုင်မယ်လို့ ယူဆရပါသလား။

ကြည့်ရတာတော့ ဝန်ကြီးဌာနတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်ရေးပေါ့ ဒါကို ပိုပြီးတော့ မြှင့်တင်လုပ်ကိုင်ချင်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုကော်မတီတွေဖွဲ့တယ်လို့ ယူဆပါတယ်။ အခုကြည့်လိုက်မယ်ဆိုလို့ရှိရင် တချို့ဝန်ကြီးဌာနတွေက နောက်ကျနေတာတွေ၊ ရှိတယ်လေ။ နောက်ကျနေတဲ့အခါကျတော့ သီးခြားဝန်ကြီးဌာန တစ်ခုချင်းအလိုက် ဆုံးဖြတ်နေတာမျိုးတွေ တွေ့နေရတယ်လေ။ ဥပမာဆိုလို့ရှိရင် လူတွေနဲ့အများဆုံး ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့၊ ပညာရေးဝန်ကြီးဌာနတို့က ပြုပြင်ပြောင်းလဲရေးမှာ ပါမလာဘူးလို့ ဒါတော်တော်များများက လူထုကလည်း တော်တော်ပြောကြတယ်။ အစိုးရဌာနအချင်းချင်းထဲမှာလည်း အဲ့ဒီ့လို ပြောကြတာတွေကို ကျနော်တို့ ကြားရတယ်လေ။”

အသစ် ဖွဲ့စည်းလိုက်တဲ့ ဒီကော်မတီနှစ်ရပ်အပြင်၊ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီကို လည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ တနေ့ကလည်း လာဒ်ပေး လာဒ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ စီးပွားရေး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတာ တနှစ်ကျော် လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ သမ္မတဦးသိန်းစိန်နဲ့ ပြည်နယ်နဲ့တိုင်းတွေက အစိုးရတာဝန်ရှိသူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတရပ်လုပ်ခဲ့သလို၊ အစိုးရဌာနတွေအားလုံးက အကြီးတန်း တာဝန်ရှိသူတွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်တွေကို အဓိက အာရုံထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
XS
SM
MD
LG