သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးတောင်းဆို


မြန်မာနိုင်ငံတွင်းက လက်ရှိအကျဉ်းထောင်အခြေအနေတွေကို ပြောင်းလဲပေးဖို့နဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ အကျဉ်းထောင်စနစ်တွေကို ပြုပြင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကနေ ဒီကနေ့ အရပ်သားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုလိုက်ကြပါတယ်။ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က အစိုးရ၊ တာဝန်ရှိသူတွေနဲ့ အများပြည်သူသိရှိနိုင်အောင် ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံ၏ အကျဉ်းထောင်အခြေအနေ၊ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာဆိုတဲ့ အစီရင်ခံစာထုတ်ပြန်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

(FB: Thet Thet Aung)
(FB: Thet Thet Aung)

ဦးတိတ်နိုင်။ ။ ဒီမြန်မာနိုင်ငံမှာ ဒီကနေ့အထိ ကျင့်သုံးနေတဲ့ အကျင်းထောင်လက်စွဲဥပဒေက ၁၉၈၄ ခုနှစ်ကတည်းက ပြဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဆိုတဲ့အခါကျတော့ ခေတ်မမှီတော့တဲ့ အကျင်းထောင်လက်စွဲဥပဒေလို့ ပြောလို့ရမှာပေါ့နော်။ ဒီဥပဒေကိုထုတ်တဲ့အချိန်တုန်းက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ဆိုရင်တော့ အကျင်းထောင်များဥပဒေက ဘယ်လိုမှကို ခေတ်မမှီတော့တဲ့အခြေအနေတခုဖြစ်တယ်။ ကျနော်တို့က အကျင်းထောင်လက်စွဲဥပဒေနဲ့ အကျင်းထောင်ပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့ တောက်လျှောက်ကျနော်တို့ ကြိုးစားနေတယ် AAPPB အနေနဲ့ကတော့။ ဆိုတော့ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ကျနော်တို့ကြိုးစားခဲ့တယ်၊ တင်ပြခဲ့တယ်။ ပြီးတဲ့အခါမှာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အကျဉ်းထောင်များဥပဒေမူကြမ်းဆိုပြီးတော့ ထွက်လာတယ် ၊ လွှတ်တော်မှာတင်ပြတယ်။ သို့ပေမယ့် သက်တမ်း ၅ နှစ်တာ ကုန်သွားတဲ့အချိန်အထိ အကျင်းထောင်ဥပဒေက အတည်ပြုလို့မရသေးဘူးဆိုတဲ့ ကိစ္စမျိုးဖြစ်တယ်။ ဆိုတော့ ဒီဘက်ကိစ္စကို လွှဲလိုက်တဲ့အနေအထားမျိုးရှိပါတယ်။ ဆိုတော့ အဲဒီအခါမျိုးမှာ ကျနော်တို့က သက်ဆိုက်ရာကော်မတီတွေနဲ့လည်း အများကြီးဆွေးနွေးဖြစ်တယ်။ အခုကတော့ ကျနော်တို့ ထပ်ပြီးတော့ လေ့လာပြီးတော့မှ ဒီမြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အခြေအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နိုင်မယ့် အလားအလာတွေကို ကျနော်တို့အနေနဲ့ ကြိုးစားပြီးတော့ ရေးဆွဲထားတာပါ။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာက လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ထင်ဟပ်ဖော်ပြနိုင်မယ်ထင်ပါသလဲရှင့်။

ဦးတိတ်နိုင်။ ။ ကျနော်တို့ကတော့ အခန်း ၆ ခန်းနဲ့ ဖော်ပြထားပါတယ်။ အထိက ၁၊ ၂ ၊ ၃ ကတော့ မြန်မာနိုင်ငံအကျဉ်းထောင်ရဲ့အခြေအနေ နောက်တခါ နိုင်ငံတကာအကျဉ်းထောင်တွေနဲ့ ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ သုံးစွဲနေတဲ့ ဒီကနေ့ ကျင့်သုံးနေတဲ့ ဥပဒေတွေ အဲဒါမျိုးတွေကို ကျနော်တို့ နိုင်းယှဉ်ပြီးတော့ တကယ့်နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ညီအောင် ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီအောင်ဆိုတဲ့ အနေအထားမျိုးတွေကို ကျနော်တို့ ဖော်ပြထားပြီးတော့ အကြံပြုတိုက်တွန်းချက်တွေအနေနဲ့ ကျနော်တို့အများကြီးလုပ်ထားပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့အစီရင်ခံစာထဲမှာ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အတွက် အလားအလာလို့ ပြောထားပါတယ်။ ဆိုတော့ဒီအစီရင်ခံစာကနေပြီးတော့မှ တဆင့်ပေါ့နော် နိုင်ငံတော်တာဝန်ရှိသူတွေ၊ အကျဉ်းထောင်ထဲမှာ ဆောင်ရွက်နေတဲ့ သူတွေ၊လက်ရှိတာဝန်ယူထားတဲ့သူတွေ အတွက် ပြုပြင်ပြောင်းလဲရေး ဘယ်လိုအလားအလာကောင်းတွေရှိလာနိုင်မယ်လို့ရော မျှော်လင့်ပါလဲရှင့်။

ဦးတိတ်နိုင်။ ။ကျနော်တို့ တိုက်တွန်းထားတဲ့အထဲမှာဆိုရင်လည်း ဥပမာဆိုရင်တရားရေးဝန်ကြီးဌာနကို ကျနော်တို့ ထားရှိဖို့အတွက် ကျနော်တို့ တိုက်တွန်းထားတယ်။ နောက်တခါ ဒီအကျဉ်းဦးစီးဌာနတို့ ၊ ပြစ်ဒဏ်ချနေတဲ့ ကိစ္စ ရဲစခန်းတို့ ဆိုတဲ့ကိစ္စတွေပေါ့၊ အချုပ်တို့ ဘာတို့က တရားရေးဝန်ကြီးဌာနရဲ့အောက်မှာပဲ သွားသင့်တယ်။ ဘယ်နိုင်ငံတွေ ဘယ်နိုင်ငံတွေက ဘယ်လိုမျိုးကျင့်သုံးနေတယ်ဆိုတဲ့ဟာကို နိုင်ငံတကာရဲ့အခြေအနေနဲ့ ကျနော်တို့နိုင်ငံမှာလည်း တကယ်လိုအပ်နေတဲ့ တရားရေးဝန်ကြီး ဌာနအောက်မှာ ဒါတွေကို ထားလိုက်ခြင်းဖြင့် ကျနော်တို့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီးလုပ်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။

မဆုမွန်။ ။ နောက်ဆုံးတခုမေးချင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးမေးချင်တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အမည်ဝေါဟာရဆိုပြီး သတ်မှတ်နိုင်ဖို့က အခုအချိန်အထိ အခက်အခဲတွေ၊ ကြန့်ကြာမှုတွေရှိနေပါတယ်။ ဒါကြောင့် အကျဉ်းထောင်တွေထဲ အကျဉ်းသားတွေ၊ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဒီအစီရင်ခံစာထဲမှာ ပါပါလားရှင့်။

ဦးတိတ်နိုင်။ ။ ဟုတ်ကဲ့။ ပါပါတယ်ခင်ဗျ။ ကျနော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ အကျဉ်းထောင်တွေ မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ နောက်တခါ ဘယ်လိုခွဲခြားသေးတယ်၊ ဘယ်လိုခွဲခြားနေတဲ့အခြေအနေမျိုးတွေမှာ ဘယ်လိုစီမံသင့်တယ်ဆိုတာမျိုးတွေကို ကျနော်တို့အနေနဲ့ သေသေချာချာရေးပြီးတော့ အကြံပြုချက်အနေနဲ့ တိုက်တွန်းထားပါတယ်။

မဆုမွန်။ ။ ဒီအစီရင်ခံစာက ဘယ်သူတွေကိုပေါ့နော် အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာတာဝန်ယူထားတဲ့ဝန်ကြီးဌာနတွေကို ပေးပို့ထားဖို့ အစီအစဉ်ရှိပါလား။ ဒီအစီရင်ခံစာက အများပြည်သူသိရှိနိုင်အောင်ရော အစိုးရတာဝန်ရှိသူတွေသိအောင်ရော ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါသလဲရှင့်။ ဒီအစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်ပြီးတော့။

ဦးတိတ်နိုင်။ ။ ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ကတော့ ၁ အချက်က ကျနော်တို့ လွှတ်တော်မှာရှိတဲ့ကော်မတီတွေနဲ့ ကျနော်တို့ ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ တဆက်တည်းမှာပဲ အာဏာပိုင်အစိုးရပိုင်းတွေကိုလည်း ကျနော်တို့က ချဉ်းကပ်ပြီးတော့ အစီရင်ခံစာရဲ့တကယ့်အနှစ်သာရတွေကို ကျနော်တို့ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ အကြံပြုမယ်ဆိုတဲ့ကိစ္စမျိုးတွေ ကျနော်တို့ စဉ်းစားထားပါတယ်။ နောက်တခုက ကျနော်တို့က အမျိုးသမီးနဲ့ပတ်သက်တဲ့အခြေအနေမျိုးတွေ ၊ ကလေးနဲ့ ပတ်သက်တဲ့အခြေနေမျိုးတွေ၊ သက်ကြီးရွယ်အိုနဲ့ ပတ်သက်တဲ့အခြေအနေမျိုးတွေကို ၊ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ဟာမျိုးတွေကို ကျနော်တို့အနေနဲ့ စာတမ်းပြုစုနေတာတွေရှိပါတယ်။ အဲဒီတော့ ကျနော်တို့က အကျဉ်းထောင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ကိစ္စက တော်တော်ကို "တနွယ်ငင် တစင်ပါ" လုပ်ဖို့ လိုပါတယ် ။ လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုမြင်ပါတယ်။

မဆုမွန်။ ။ဦးတိတ်နိုင် ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်။

ဦးတိတ်နိုင်။ ။ဟုတ်ကဲ့ပါ။

AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အကျဉ်းထောင်အခြေအနေ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးလည်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)တွဲဘက်အတွင်းရေးမှူးတို့ကဦးဆောင်ဆွေးနွေးခဲ့တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG