သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးစွပ်စွဲချက်များ ကိုင်တွယ်ဖို့ အစိုးရပျက်ကွက်ဟု AI ထုတ်ပြန်


ရခိုင်ပြည်နယ်တွင်း နယ်မြေစစ်ဆင်ရေး ဆောင်ရွက်ရာမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပေမဲ့ ဒီအခြေအနေကို ရပ်တန့်ဖို့ အစိုးရဘက်က ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ Amnesty International (AI) အဖွဲ့က ဝေဖန်လိုက်ပါတယ်။ လူနေအိမ်တွေအများအပြား မီးရှို့ဖျက်စီးခံရပြီး ရွာသားတွေ ထောင်နဲ့ချီ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေဟာ အထူးစိုးရိမ်စရာ ဖြစ်တယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်ရှင်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့ရပြီးတဲ့နောက် မြန်မာအစိုးရက အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှာဖွေတဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International (AI) က ဝေဖန်လိုက်တာပါ။ စိုးရိမ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အစိုးရဘက်က ကိုင်တွယ်ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ်လို့ AI အဖွဲ့က တောင်အာရှရေးရာသုတေသီ Olof Blomqvist က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်လလောက်ကာလအတွင်း ရခိုင်အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်မှု အားနည်းခဲ့တဲ့အပေါ်မှာ ကျနော်တို့ စိတ်ပျက်မိပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အဖြစ်အပျက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရရုံးက မဟုတ်မှန်ကြောင်း ငြင်းခဲ့သလို၊ စိုးရိမ်စရာ အခြေအနေတွေကိုလည်း လျှော့ပေါ့ ပြောခဲ့ပါတယ်။ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်တယောက် အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်အောင် ဟန့်တားရမယ့် တာဝန် ရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ပါဘူး။”

ဒါပေမဲ့လည်း ရခိုင်ပြည်နယ်တွင်း အရေးပါတဲ့ အုပ်ချုပ်မှုပိုင်းတွေကို စစ်တပ်က အဓိက ထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုက သိပ် ကြီးမားသလို၊ လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စစ်တပ်က ကျူးလွန်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုကိစ္စကို ဘယ်လောက်အတိုင်းအတာ အထိ ကိုင်တွယ်ဖြေရှင်း နိုင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့လည်း Blomqvist က ပြောပါတယ်။ AI အဖွဲ့ရဲ့ လေ့လာချက်တွေအရကတော့ ရခိုင်ပြည်နယ်တွင်း လူအခွင့်အရေး ချိုးဖောက်မှုတွေဟာ အထူးစိုးရိမ်စရာ အခြေအနေမှာ ရှိတယ်လို့ သူက ပြောပါတယ်။

“လုံခြုံရေးတပ်ဖွဲ့တွေက အပြစ်မဲ့ အရပ်သားတွေကို ရမ်းသမ်း ပစ်ခတ်သတ်ဖြတ်နေတာ၊ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေကို မတရားပြုကျင့်တာ အပြင် ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်နေတာတွေကို ကျနော်တို့ လေ့လာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာအမျိုးသား ထောင်နဲ့ချီ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းခံရပြီး သူတို့ကို ဘယ်လို စွပ်စွဲချက်တွေနဲ့ တရားစွဲထားတယ်။ ဘယ်လိုအရေးယူသွားမယ် ဆိုတာတွေလည်း ဘာမှမသိရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အထူးစိုးရိမ်ပါတယ်။”

အစိုးရ လုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ အဖွဲ့တခုက အကြမ်းဖက်တိုက်ခိုက်ခဲ့တာကို အစိုးဘက်က တုံ့ပြန် ကိုင်တွယ်နေတာလို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ရိုဟင်ဂျာမူစလင်တွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေကို မြန်မာအစိုးရဘက်က အမြန်ဆုံး အဆုံးသတ်သင့်တယ်လို့ Blomqvist က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တာ သုံးခုရှိပါတယ်။ ပထမ တချက်ကတော့ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လက်ရှိ စစ်ဆင်နေတာတွေ အဆုံးသတ်ဖို့ပါ။ ရွာသားတွေ သတ်ဖြတ်ခံရ၊ အဓမ္မပြုကျင့်ခံရနေ ရတာတွေ အမြန်ဆုံး အဆုံးသတ်ဖို့ လိုပါတယ်။ ဒုတိယအချက်ကတော့ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း သွားလာမှု ကန့်သတ်ထားတာတွေကို အဆုံးသတ်ပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေကို ဝင်ရောက်ခွင့်ပြုပြီး အခြေအနေကို လေ့လာခွင့်ပြုရပါလိမ့်မယ်။ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီပေးတဲ့အဖွဲ့တွေ ဝင်ရောက်ခွင့် ကန့်သတ်ထားတာကြောင့် အကူအညီတွေ အကြီးအကျယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးနိုင်အောင် လမ်းဖွင့်ပေးရပါမယ်။ တတိယအချက်ကတော့ တာဝန်ခံမှုပါ။ အပြစ် ကျူးလွန်သူတွေနဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အရေးယူဆောင်ရွက်သွားရပါလိမ့်မယ်။”

မြန်မာအစိုးရဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း နယ်မြေစစ်ဆင်မှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ် ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အားလုံးဟာ မမှန်ကန်တဲ့အကြောင်း တုံ့ပြန်ထားသလို၊ ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိရင် အစိုးရကို တင်ပြလာဖို့ ကြိုဆိုတဲ့အကြောင်းလည်း ပြောဆိုထား ပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို ခွင့်ပြုသွားမယ့်အကြောင်းလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေသတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းလင်းတဲ့ပွဲမှာ မြန်မာအစိုးရဘက်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG