သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မငြိမ်းချမ်းသေးတဲ့ ရခိုင်ပြည်နယ်


မောင်တောပဋိပက္ခတွင်း လုံခြုံရေးရဲများနေရာယူထားစဉ်
မောင်တောပဋိပက္ခတွင်း လုံခြုံရေးရဲများနေရာယူထားစဉ်

ရခိုင်ပြည်နယ်တွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ဖြစ်တာကြောင့် ဒေသတွင်းက ရခိုင်လူမှု အဖွဲ့အစည်းနဲ့ မူဆလင် လူမှု အဖွဲ့အစည်းကြား ငြိမ်းချမ်းရေး အလားအလာအပေါ် စောင့်ကြည့်စရာ ပြန်ဖြစ်လာပါတယ်။ ဗွီအိုအေ သတင်းထောက် Katie Arnold က ရခိုင်ဒေသတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ ခိုလှုံနေရာ စခန်းတချို့ကို ကိုယ်တိုင် သွားရောက် သတင်းရယူထားတာကို အခြေခံပြီး မသိင်္ဂ ီထိုက်က စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု အတွင်း ရဲဝန်ထမ်း ၉ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ပိုင် လက်နက်နဲ့ ကျည်တွေကိုလည်း အကြမ်းဖက် တိုက်ခိုက်သူတွေက ရယူသွားကြပါတယ်။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ခေါ်ကြတဲ့ မူဆလင် အများစု နေထိုင်ရာ မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဒေသတွင်း လူနည်းစု ဖြစ်ကြတဲ့ ရခိုင်ဒေသခံတွေ လုံခြုံရေး စိုးရိမ်ချက်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြပါတယ်။ မောင်တောမြို့နယ်တွင်းကနေ ထွက်ပြေးလာသူ ရခိုင်ဒေသခံ မညိုကတော့ အိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ မသိသေးဘူးလို့ ရခိုင်ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

“ဒီမှာ ဘယ်လောက် ကြာကြာ နေရမလဲ မသိသေးဘူး။ အိမ်ကို ပြန်ချင်တယ်၊ ဒါပေမယ့် ပြန်ရင် မူဆလင် အကြမ်းဖက်သမားတွေက ကျမတို့ကို တိုက်ခိုက်မှာပေါ့လို့ ပြောသွားတာ ဖြစ်ပါတယ်။”

မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ စိုးရိမ်ချက်နဲ့ ထွက်ပြေးကြတဲ့ ရခိုင်ဒေသခံ ၃ ထောင်နီးပါးရှိပြီး မောင်တောမြို့ပေါ်၊ အနီးအနား ဘူးသီးတောင်နဲ့ စစ်တွေမြို့တို့မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ စစ်တွေမြို့ပေါ်မှာလည်း ၂၀၁၂ ခုနှစ် ဘာသာရေး လူမျိုးရေး အဓိကရုန်းတွေ နောက်ပိုင်းအိုးအိမ်စွန့်ခွာ ခိုလှုံနေရသူတွေ ရှိနေပြီး အများစုက မူဆလင် လူမှု အသိုင်းအဝိုင်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်တွင်း နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် မြန်မာ့ တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ်ပြီး တပ်မတော်သား ၅ ဦး ကျဆုံးခဲ့ရပြီး ဖြစ်သလို အကြမ်းဖက် တိုက်ခိုက်သူတွေ ဘက်က ၃၀ သေဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ထားပါတယ်။ ရဲတပ်ဖွဲ့ပိုင် လက်နက်တွေ ပြန်ရတဲ့ အထိ နယ်မြေ ရှင်းလင်းရေးကို ဆောင်ရွက်မယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောဆိုထားပြီး ဖမ်းဆီးမှု၊ နယ်မြေရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတာပါ။ ဒေသတွင်းမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အထောက်အကူပေးရေး အဖွဲ့တွေရဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေလည်း ရပ်နားထားတဲ့ အတွက် ဝေဖန်မှုတွေ ရှိနေပါတယ်။
တချိန်တည်းမှာဘဲ စစ်တွေမြို့က သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ မူဆလင်တွေကြားမှာလည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး ကောလဟလတွေ ရှိနေပါတယ်။ စစ်တွေ ခိုလှုံရေး စခန်းက ကိုမောင်မောင်ကတော့ အခုလို ပြောပါတယ်။

“ရဲတွေက ရိုဟင်ဂျာတွေကို တိုက်ခိုက်နေတယ်လို့ ကျနော် ကြားပါတယ်။ သူတို့ အိမ်တွေကို မီးရှို့ပြီး လူတွေကို သတ်နေတယ်၊ ကျနော်တို့ကိုလည်း ရှာဖွေချင်နေယ်လို့ ကြားပါတယ်။ စခန်းမှာလည်း ညမထွက်ရ အမိန့်ထုတ်ထားပြီး ဒီမှာလည်း ပြဿနာတော့ တက်တော့မယ် ထင်တယ်။”

ဒေသတွင်း အကြမ်းဖက်မှုတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အကူတွေကို ခေတ္တ ရပ်ဆိုင်းထားရတာကြောင့် ခိုလှုံရေး စခန်းတွေမှာ နေထိုင်နေရတဲ့ မူဆလင်တွေ အတွက် ကျန်းမာရေး ပညာရေးဆိုင်ရာ အထောက်အကူတွေ မရှိဘူးလို့လည်း ပြောကြပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက စလို့ ဆေးခန်းတွေ မဖွင့်တာကြောင့် ဆေးခန်း မပြရဘူးလို့လည်း ခိုလှုံရေး စခန်းက Sobaya က ပြောပါတယ်။

“၂ ပတ် ရှိပြီလေ။ ဆေးခန်းလည်း မပြရဘူး၊ ဆေးလည်း မသောက်ရဘူး။ ကျမ အနာက ဆိုးသထက် ဆိုးလာပြီး သွေးထွက်တာလည်း မရပ်ဘူး။ ဆေးမရရင်တော့ သေရတော့မယ် ထင်ပါတယ်။ ကျမ ကလေးနောင်ရေးကတော့ ဘုရားကိုဘဲ အပ်ခဲ့ရတော့မှာလို့ ပြောခဲ့တာပါ။”

အခုတော့ ခိုလှုံရေး စခန်းတွေမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကို တဖြည်းဖြည်းချင်း ပြန်စပေးနေပါပြီ။ ဒါပေမယ့်လည်း လူမှု အသိုင်းအဝိုင်း ၂ခုကြားမှာ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ဖို့ကတော့ အချိန်ယူရပါလိမ့်ဦးမယ်။

မငြိမ်းချမ်းသေးတဲ့ ရခိုင်ပြည်နယ်
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG