သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မြန်မာသင်္ဘောသားကို ဆက်လက်ရှာဖွေ


ပျောက်ဆုံး မြန်မာသင်္ဘောသားကို ဆက်လက်ရှာဖွေ
ပျောက်ဆုံး မြန်မာသင်္ဘောသားကို ဆက်လက်ရှာဖွေ

စင်ကာပူနိုင်ငံ မှတ်ပုံတင် ဓာတုပစ္စည်းတွေတင်တဲ့ သင်္ဘောပေါ်မှာ မနေ့က မလေးရှား ရေပိုင်နက်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် သင်္ဘောပေါ် ပါလာတဲ့ မြန်မာသင်္ဘောသားတယောက် အခုထိ ပျောက်ဆုံးနေပြီး ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ ကျန် မြန်မာသင်္ဘောသား နှစ်ယောက်လည်း အပြင်းအထန် မီးလောင်ခံခဲ့ရတဲ့အတွက် မလေးရှား ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မလေးရှား ကမ်းခြေစောင့် အာဏာပိုင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

သင်္ဘောမီးလောင်မှုဖြစ်တဲ့ နေရာကတော့ မလေးရှားနိုင်ငံ အရှေ့ပိုင်း တောင်တရုတ်ပင်လယ်အတွင်းက ပဟန်း (Pahang) ပြည်နယ်ထဲမှာပါ။ သင်္ဘောပေါ်မှာ သင်္ဘောသားတွေက သန့်ရှင်းရေး လုပ်နေတဲ့ အချိန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ မလေးရှား ကမ်းခြေစောင့် အာဏာပိုင်တွေက ပြောပါတယ်။ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောသား ၂၂ ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး အဲဒီလို မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် သင်္ဘောသားတယောက် ပျောက်ဆုံးနေပြီး နှစ်ယောက်ကတော့ မီးလောင်တဲ့ဒဏ်ရာ ပြင်းထန်တာကြောင့် အခင်းဖြစ်ပွားတဲ့ ကွမ်တန်မြို့ ဆေးရုံမှာ ဆေးကုခံနေတယ်လို့ ဆိုပါတယ်။

အခုလောလောဆယ်မှာတော့ ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ကိုဝေဖြိုးသန်းကို မလေးရှား ကမ်းခြေစောင့် အေဂျင်စီက လိုက်လံရှာဖွေနေတယ်လို့ မလေးရှား ကမ်းခြေစောင့်အရာရှိ အက်ခ်မာ ဟာဆန် (Akma Hassan) က ပြောပါတယ်။

“ကျမတို့ လောလောဆယ်မှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်နေပါတယ်။ ဒဏ်ရာရခဲ့တဲ့ ကျန် သင်္ဘောသား နှစ်ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပြီး ဒီ ကွမ်တန် အထွေထွေ ဆေးရုံကြီးမှာ ဆေးကုသပေးနေပါတယ်။ ကျန် ပျောက်ဆုံးနေတဲ့ သင်္ဘောသားကတော့ ကျမတို့ ခုချိန်ထိ မတွေ့သေးပါဘူး။ ရှာဖွေရေးအဖွဲ့တွေ ဒီကနေ့ လိုက်လံ ရှာဖွေနေတုန်းဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်ပြီး ရှာဖွေဦးမှာ ဖြစ်ပါတယ်။”

ပျောက်ဆုံးနေတဲ့ သင်္ဘောသား ကိုဝေဖြိုးသန်းကို မလေးရှား ကမ်းခြေစောင့် အေဂျင်စီက သင်္ဘောနှစ်စင်းနဲ့ လိုက်လံ ရှာဖွေနေတယ်လို့ အက်ခ်မာ ဟာဆန်က ပြောပါတယ်။ အခု ဆေးရုံမှာ ဆေးကုသမှု ခံနေကြတဲ့ သင်္ဘောသား နှစ်ယောက်ကတော့ ကိုထွန်းထွန်းဝင်းနဲ့ ကိုဝဏ္ဏထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောကတော့ ကြီးကြီးမားမား ပျက်ဆီးခြင်း မရှိတဲ့အပြင် အဲဒီသင်္ဘော ကိုယ်တိုင်ကလည်း ရှာဖွေရေးလုပ်ငန်းကို ကူညီ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။ အခုတော့ သင်္ဘောကုမ္ပဏီက မန်နေဂျာကိုယ်တိုင် ရောက်လာပြီး ဆေးကုသခံနေတဲ့ မြန်မာသင်္ဘောသား နှစ်ယောက်ကို စင်ကာပူ ပြန်သယ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“အခု စင်ကာပူ ယူနစ်က်စ်လိုင်း (Unix Line) ကုမ္ပဏီက မန်နေဂျာကိုယ်တိုင် ဒီကို ရောက်နေပါပြီ။ သူ အခု ဆရာဝန်တွေနဲ့ စကားပြောနေပြီး လူနာတွေကို စင်ကာပူကို ပြောင်းသယ်ပြီး ဆေးကုသဖို့ စီစဉ်နေပါတယ်။ ဒီလူနာနှစ်ယောက်ကို ကုမ္ပဏီက တာဝန်ယူပါလိမ့်မယ်။ ကျန်တဲ့ သင်္ဘောသား ၁၉ ယောက်ကတော့ သင်္ဘောပေါ်မှာပဲ ရှိနေကြပါတယ်။”

ဗီယက်နမ်က ထွက်ခွာလာတဲ့ စင်ကာပူနိုင်ငံ မှတ်ပုံတင် Eastern Honesty ဆိုတဲ့ သင်္ဘောပေါ်မှာ ဘယ်လို ဓာတုပစ္စည်းမျိုး သယ်ဆောင်လာတယ် ဆိုတာတော့ အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

သင်္ဘောပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ် ဆိုပေမဲ့ သင်္ဘောဟာ ဘာမှ ကြီးကြီးမားမား ထိခိုက် ပျက်ဆီးသွားခြင်း မရှိတဲ့အတွက် ကျန်သင်္ဘောသားတွေနဲ့အတူ မူလခရီးစဉ်အတိုင်း စင်ကာပူရောက်အောင် ဆက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG