သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်-တရုတ်နယ်စပ် နယ်မြေအငြင်းပွားမှု ညှိနှိုင်း


တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်း တရုတ်အလံစိုက်ထူမှု နယ်နိမိတ် အငြင်းပွားတဲ့ပြဿနာကို ရှမ်းပြည်နယ်အစိုးရဘက်က ပြေလည်အောင် ဖြေရှင်းပေးနေချိန် နယ်နိမိတ်သတ်မှတ်မှု ခိုင်မာတိကျမှုရှိအောင် စနစ်တကျ ဆောင်ရွက်သင့်တယ်လို့ ရှမ်းတောင်သူလယ်သမားတွေက တောင်းဆိုပါတယ်။ ဒီလိုနယ်မြေပိုင်နက် အငြင်းပွားစရာ နယ်စပ်ဒေသမှာ တင်းမာမှုတွေ မဖြစ်ပွားအောင် နိုင်ငံကိုယ်စားပြု အလံစိုက်ထူမှုကို နှစ်နိုင်ငံ တာဝန်ရှိ သူတွေအနေနဲ့ အထူးအလေးအနက်ထား ဂရုစိုက်ဆောင်ရွက်သင့်တယ်လို့လည်း သီပေါလွှတ်တော်ကိုယ်စားလှယ်က အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ်အတွင်းက မန့်နောင်ရွာအနီး နယ်မြေပိုင်နက် အငြင်းပွားစရာဖြစ်နိုင်တဲ့ ဒေသမှာ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းမှာပဲ တရုတ်ဘက်က လက်နက်ကိုင်နယ်ခြားစောင့်တပ်အဖွဲ့တွေပါဝင်တဲ့ အဖွဲ့ဘက်က မြေတိုင်းတာမှုတွေ လုပ်ပြီး အဲ့ဒီ့မြေပေါ်မှာ တရုတ်နိုင်ငံ အလံတွေ လာရောက်စိုက်ထူခဲ့တဲ့အပေါ် မြန်မာဘက်ခြမ်းက ဒေသခံရှမ်းရွာသားတွေ ရာချီပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

နယ်စပ်မှာ ဒီလိုတင်းမာမှုဖြစ်ပွားလာတဲ့အတွက် ရှမ်းပြည်နယ်အစိုးရဘက်က လာရောက်ဖြေရှင်းပေးခဲ့ပေမဲ့ ဒီလိုအငြင်းပွားမှုမဖြစ်အောင် နှစ်ဘက် အစိုးရဘက်က နယ်နိမိတ်သတ်မှတ်မှုကို တိကျခိုင်မာ မှန်ကန်မှုရှိအောင် စနစ်တကျဆောင်ရွက်သင့်တယ်လို့ မြောက်ပိုင်းရှမ်း တောင်သူလယ်သမားများ ကော်မတီက ဦးစိုင်းဆန်အေးက တောင်းဆိုပါတယ်။

“ဒီဘက်ကိုအလံစိုက်ထူပြီးတော့ ဒီ မြန်မာနိုင်ငံနယ်နိမိတ်ဘက် ရှမ်းပြည်နယ်ဘက်ဝင်လာပြီးတော့ စိုက်တယ်။ တောင်သူ ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြတယ်လို့- ရှမ်းပြည်နယ်ဝန်ကြီးချုပ်- သူတို့သွားရှင်းပေးတယ်လို့ ကြားတယ်။ ပြန်နုတ်ထားတယ်လို့ ကြားတယ်။ အဲဒီမှတ်တိုင် စိုက်ထူတာ ပြန်နုတ်ထားတယ်လို့ ကြားတယ်။”

မကြာသေးခင်အချိန်ကပဲ အဲ့ဒီဒေသမှာ တရုတ်မြန်မာ နယ်ခြားမှတ်တိုင်စိုက်ထူမှုအရေး အငြင်းပွားမှုဖြစ်ခဲ့တဲ့အတွက်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဘက်က လွှတ်တော်မှာ လာရောက်တင်ပြခဲ့ပြီး နယ်မြေပိုင်ဆိုင်မှုတိုင်းတာသတ်မှတ်ချက်တွေကို ကွင်းဆင်းလေ့လာပြီး ပြည်နယ် အစိုးရဘက်က ပြေလည်အောင် ဖြေရှင်းပေးခဲ့ရတယ်လို့လည်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောပြပါတယ်။

“ပြီးခဲ့တဲ့ ကိုစိုင်းထွန်းအောင် မေးခွန်းတင်လိုက်တဲ့အချိန်ကျတော့ တရုတ်ပြည်ဘက်နဲ့ မြန်မာပြည်ဘက်နဲ့ တိုင်းထွာပြီး စစ်ဆေးလိုက်တဲ့အခါကျတော့ တချို့ မြေကြီးတွေက ကျနော်တို့လယ်သမားတွေ စိုက်ပျိုးနေတာက တရုတ်နိုင်ငံ ပိုင်နက်ဖြစ်ပြီးတော့ ဟိုဘက်မှာ သူတို့စိုက်ပျိုးနေတဲ့ဟာတွေတချို့က ကျနော်တို့ပိုင်နက်ဖြစ်နေတယ်။ အဲဒီလို အပြောင်းအလဲလေးတွေ ရှိတယ်လို့ ကြားဖူးတယ်။ အခု ဒီကိစ္စကတော့ အစိုးရအဖွဲ့ကနေပြီးတော့ သေသေချာချာ နှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးရင်တော့ သတင်းထုတ်ပြန်ပေးရင်တော့ ပိုကောင်းတာပေါ့လေ။”

နှစ်နိုင်ငံအစိုးရဘက်က တရုတ်-မြန်မာနယ်စပ် တရားဝင်နယ်စပ်မျဉ်း သတ်မှတ်ခဲ့ပြီးဖြစ်ပေမဲ့လို့ အထူးသဖြင့် ရွှေလီမြစ်ဝှမ်းဒေသမှာ မြစ်ကြောင်း ပြောင်းလဲမှုတွေဖြစ်ခဲ့တဲ့အတွက် အခုလို နယ်မြေပိုင်နက်အငြင်းပွားမှုတွေ မကြာခဏဖြစ်ပွားရတာဖြစ်တယ်လို့လည်း သီပေါအမတ်ဦးရဲထွန်းက ပြောပါတယ်။

“အဲဒီဒေသကတော့ အရင်တုန်းက ဦးနေဝင်း အိမ်စောင့်အစိုးရအဖြစ်နဲ့တက်လာတဲ့ ခေတ္တယာယီပေါ့နော်- အစိုးရတာဝန်ကို ထမ်းဆောင်တဲ့အချိန်မှာ နှစ်နိုင်ငံ နယ်နိမိတ်တိုင်းထွာတာတွေ၊ သတ်မှတ်တာတွေ လုပ်ပြီးတဲ့ဒေသလို့ သိရတယ်။ အရင်တခေါက်တုန်းကတော့ အဲဒီလိုကိစ္စဖြစ်တော့ ကျနော်တို့ပါတီက မူဆယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်မှာ မေးခွန်းမေးတယ်လေ။ မေးတော့ - မြစ်ကြောင်းတွေက မူလ နယ်နိမိတ် သတ်မှတ်ထားတာတွေနဲ့ လွဲချော်ပြီးတော့ မြစ်ချောင်းတွေက ရေစီးတော့ ကမ်းပြိုတွေကလည်းဖြစ်၊ နုန်းပို့ချမှုတွေဖြစ်ပြီးတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း မြေယာတွေ အပြောင်းအလဲဖြစ်ကုန်တယ်။ ဆိုလိုတာက တကယ့်နယ်နိမိတ် လမ်းကြောင်း ပြောင်းသွားတာမဟုတ်ဘူး။ သို့သော် ရေတိုက်စားတာနဲ့ နုန်းပို့ချတာတွေကြောင့် ဒေသခံလယ်သမားတွေက မြေသစ်တွေအပေါ်မှာ စိုက်ပျိုးလုပ်ကိုင်တဲ့အခါကျတော့ နှစ်စဉ်၊ နှစ်စဉ်ပြန်ပြီး တိုင်းထွာတာ မလုပ်တဲ့အခါမှာ နှစ်နည်းနည်းကြာလာတော့ ကိုယ့်နိုင်ငံက ပိုင်တယ်လို့ ထင်လာတာပေါ့။”

တရုတ်-မြန်မာနယ်စပ် တရုတ်အလံစိုက်ထူမှု နယ်နိမိတ် အငြင်းပွားတဲ့ပြဿနာကို ပြေလည်အောင် ရှမ်းပြည်နယ်အစိုးရဘက်က ဖြေရှင်းပေးနေပေမဲ့ ဒေသခံတွေ ကျေနပ်မှုရှိအောင် နယ်နိမိတ်သတ်မှတ်မှု ခိုင်မာတိကျမှုရှိအောင် စနစ်တကျ ဆောင်ရွက်သင့်တယ်လို့ ရှမ်းတောင်သူလယ်သမားတွေက တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG