သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသတင်း မပြတ်စောင့်ကြည့်ရန် နှိုးဆော်ထား


မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)
မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် (၁၂) နာရီအတွင်း ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်လိုက်ပါတယ်။ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ်ဒေသ) အနီးကို ဦးတည်ရွေ့လျားနေပြီး ပြန်ကွေ့ပြီးတော့ မြောက် - အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ မြန်မာစံတော်ချိန် ည ၇နာရီမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးတွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက မုန်တိုင်းသတိပေးချက်တွေ လိုက်လံနိုးဆော်နေပြီး မုန်တိုင်း လမ်းကြောင်းဒဏ် ကျရောက်နိုင်ခြေရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းကူညီကယ်ဆယ်ရေး ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ဗွီအိုအေကိုပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)
မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (MOI)

အနီရောင်အဆင့်သတ်မှတ်လိုက်ပြီဖြစ်တဲ့ မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးတွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံနိုးဆော်နေတဲ့ မုန်တိုင်း သတိပေးချက်တွေ၊ ဘေးကင်း ရာကို ပြောင်းရွှေ့ကြဖို့ အမိန့်ပေးချက်တွေကို မပျက်မကွက် လိုက်နာကြဖို့နဲ့ ရေဒီယို၊ ရုပ်မြင်သံကြားစတဲ့ သတင်းဌာနတွေက စဉ်ဆက်မပြတ် ထုတ်ပြန်နေတဲ့ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှု့နားစွင့်ထားကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အခုဆိုရင်တော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မုန်တိုင်းလမ်းကြောင်းဒဏ် ကျရောက်နိုင်ခြေရှိတဲ့ နေရာဒေသတွေမှာ မုန်တိုင်းသတိပေးချက်တွေကို လိုက်လံနိုးဆော်နေကြပြီ ဖြစ်ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြား မှုဦးစီးဌာနရဲ့ ည ၇နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းတွင် လတ်တလောဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး နောက် (၁၂) နာရီအတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိ ပါတယ်။ မြန်မာ့ ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်း ကျရောက်တဲ့အချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးနိုးဆော်ထားပါတယ်။

မုန်တိုင်းလမ်းကြောင်းအရ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာ့ ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ နီးကပ်နေပြီး မုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်ပြီး။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ပါတယ်။ မုန်တိုင်းဘေးဒဏ် အထိခိုက်နိုင်ဆုံး ပြည်နယ်နဲ့တိုင်းတွေမှာ မုန်တိုင်းသတိပေးနိုးဆော်ချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားတဲ့အခြေအနေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြောပြပါတယ်။

“အခုကျနော်တို့ ပြည်နယ်နဲ့ တိုင်းကို အဓိကလုပ်ထားတာကတော့ ဧရာဝတီ လုပ်ထားတယ်၊ ရခိုင်လုပ်ထားတယ်။ ဒီ ၂ ခုကိုတော့ ကျနော်တို့ ကျကျနန လုပ်ထားတယ်။ ရန်ကုန်ကိုလည်း ကျနော်တို့ ကျကျနန လုပ်ထားတယ်။ဧရာဝတီ၊ ရန်ကုန်၊ ရခိုင် ဒီမုန်တိုင်းနဲ့ ပတ်သက်ရင်တော့လေ အရေးအကြီးဆုံး သတင်းကတော့ ဒီသတင်းတွေကို မပြတ်မလပ် နားထောင်ဖို့ ၊ ဘယ်နှစ်နာရီမှာ ဘယ်ကိုဝင်မယ်ဆိုတာ ခန့်မှန်းပေးနေတယ်။မြန်မာအသံ ကလည်း အချိန်နှင့် အမျှ တောက်လျှောက် လွှင့်နေတယ်၊ ကျနော်တို့ website ကလည်းလွှင့်တယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ ဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း affective ဖြစ်နိုင်တဲ့ ဒေသတွေကို အထူးဦးစားပေးပြီးတော့ ကျနော်တို့ ဆက်တိုက် ဆောင်ရွက်နေတာတွေရှိတယ်။ အဲဒီသတင်းတွေကို ပြည်သူတွေက မပြတ်မလပ်စောင့်ကျပ်နေဖို့ပဲ လိုတယ်။ မုန်တိုင်းနဲ့ပတ်သက်ရင် safe ဖြစ်တယ် အန္တရာယ်ကင်းတဲ့နေရာတွေကို သတ်မှတ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒါတွေကို ဒေသအလိုက် သွားချိန်တန်ရင် အရောက်သွားကြဖို့ ၊ ကိုယ့်နေရာကို တွယ်ဖက်မနေဖို့ ဒါတွေက အရေးကြီးဆုံးအချက်ပါပဲ။

မေး။ ။ ဆရာတို့ ဝန်ကြီးဌာနတွေအနေနဲ့ ပြည်သူတွေအတွက် အဓိက ဘယ်လိုများ ပြင်ဆင်ထားတာတွေ ရှိပါသလဲဆရာ။

ဖြေ။ ။ဒီအမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီကနေပြီးတော့ အဓိက ကြီးကြပ်တာပေါ့နော်တကယ်တမ်း ကျနော်တို့ လုပ်ဆောင်နေတာတွေ ကတော့ ပြည်နယ်နဲ့ တိုင်း ခရိုင် ၊ မြို့နယ်က အဆင့်ဆင့်ဆောင်ရွက်နေတယ်။ အဓိကက လောလောလတ်လတ် မဖြစ်ဘူး၊ ဖြစ်တယ်ဆိုတာကိုမသိနိုင်ဘူး။ ဒါပေမယ့် အခုဝင်လာပြီဆိုရင်တော့ ဖြစ်ဖို့များတယ်။ အဲဒါဆိုရင် ကျနော်တို့အတွက် ရိက္ခာလုံလောက်သလား၊ ကျနေ်ာတို့အတွက် ပစ္စည်းတွေလောက်သလားဆိုတာကို ကျနော်တို့ ဖြည့်ဆည်းပေးထားတယ်။ အတတ်နိုင်ဆုံး ကျနော် တို့ ဖြည့်ဆည်း ပေးထားတယ် ပေါ့နော်။ ဒါနံပတ် ၁ ပေါ့၊ နံပတ် ၂ ကတော့ သတင်းကို စဉ်ဆက်မပျက် ပေးပြီး လုံခြုံစိတ်ချရမယ့်နေရာတွေကို သတ်မှတ်ပေးပြီးတော့ အဲဒီနေရာတွေကို ပို့ဖို့အတွက် နည်းလမ်းတွေလည်း လုပ်ထားတယ်။ ဘာလို့လဲဆိုတော့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ကလေးတွေ ၊ ကိုယ်ဝန်တွေအတွက်ကိုလည်း ဘယ်လိုဦးစားပေးပြီးဆောင်ရွက်မလဲ ဆိုတာ လုပ်ထားတာရှိပါတယ်။ အဓိကတော့ သူတို့ သိပြီးတော့ လိုက်နာဖို့ လိုတာ ပြည်သူတွေက။

မေး။ ။ဒီမုန်တိုင်းနားမှာ ရှိနေတဲ့ လုပ်သားတွေအတွက်ကရော ဆရာ ဘယ်လိုများ message ပေးချင်တာရှိပါသလဲဆရာ။

ဖြေ။ ။အဲဒီဟာအတွက်ကို ကျနော်တို့ အစောကတည်းက တခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ တနေ့ကတည်းကနေ ဆောင်ရွက်ထားပြီခင်ဗျ။ ကမ်းရိုးတန်းမှာ သွားနေတဲ့ လှေတွေ ၊ တချို့ကျတော့ သစ်ဖောင်ချထားတဲ့ လုပ်ငန်းရှင်တွေက ချခိုင်းထားတယ်၊ ဒီအဖွဲ့တွေကို ပြန်ပြီးတော့ ခေါ်ဖို့ နောက်ပြီးတော့၊ ကမ်းနား တလျှောက်မှာရှိတဲ့ လူတွေကို ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာတွေကို ဒီလယ်ယာစိုက်ပျိုးရေး ဆည်မြောင်း ဝန်ကြီးဌာန ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တယ်၊ ပို့ဆောင်ဆက်သွယ်ရေးတွေလည်း ပူးပေါင်းဆောင်ရွက်တယ်။ နောက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကလည်း ပူးပေါင်းဆောင်ရွက် ညွှန်ကြားချက်တွေထုတ်နေတယ်။”

ဒါကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ ပြည်နယ်နဲ့တိုင်းအသီးသီးမှာတော့ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်၊ မြန်အောင်၊ လပွတ္တာ၊ မြောင်းမြခရိုင်တွေမှာတော့ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေဘက်က မုန်တိုင်းသတိပေးနိုးဆော်ချက်တွေကို လိုက်လံနိုးဆော်နေပါတယ်။ ခရိုင်တချို့က ကျောင်းတွေကို ပိတ်ထား လိုက်တယ်လို့ သိရကြောင်း ဧရာဝတီတိုင်း လေးမျက်နှာမြို့က ဒေသခံတဦးဖြစ်တဲ့ ကိုစိုးခိုင်က အခုလိုပြောပြပါတယ်။

မုန်တိုင်းကြောင့် ခရိုင်တချို့က ကျောင်းတွေကို ပိတ်ထား (MOI)
မုန်တိုင်းကြောင့် ခရိုင်တချို့က ကျောင်းတွေကို ပိတ်ထား (MOI)

“အဓိက မုန်တိုင်းစက်ကွင်းထဲ ဝင်ရောက်နေတဲ့ ပုသိမ်၊မြောင်းမြ၊ ဖျာပုံတို့ အဲဒီဘက်တွေမှာတော့ ကြိုတင်ပြင်ဆင်မှုတွေ တော်တော်လေး လုပ်နေတယ်။ ကျောင်းတွေမှာလည်း ၂ ရက်ပိတ်ထားတယ်လို့ သတင်းသိရှိပါတယ်။ ကျောင်းတွေ ၂ ရက်ပိတ်ထားတယ် နောက်ပြီးတော့ ကျနော်တို့အထူး မုန်တိုင်းကျရောက်ခဲ့မယ်ဆိုရင် အရေးပေါ် ကယ်ဆယ်ရေး အတွက်ကို အဆင်သင့်လူစုပြီး စီစဉ်ဆောင်ရွက်နေပါတယ်။”

ရခိုင်ပြည်နယ်ဘက်မှာတော့ ကမ်းရိုးတန်းနေ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော် ချက်တွေကို ပြည်သူတွေနဲ့ အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် ပိုပြီး လုပ်ဆောင်ပေးသင့်တယ်လို့လည်း ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ဦးအောင်ကျော်သန်းက ပြောပါတယ်။

“ရခိုင်ပြည်နယ်တောင်ပိုင်းဆိုပြီးလေ ကျောက်ဖြူ၊ သံတွဲဘက်တို့ပေါ့နော်။ အမှန်ဆိုရင် လူထုတွေကို အသိပေးတာကလုပ်ရမယ် ကြိုတင်ပြင်ဆင်ထားဖို့ဟာ လုပ်ရမယ်။ အရေးပေါ်ဖြစ်လာရင် စုရပ်တို့ကအစ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ဟာကအစ အခုအချိန်မှာ တက်တက်ကြွကြွနဲ့ ရပ်ရွာလူထုတွေဆီကို တိုက်ရိုက်ရောက်အောင်လုပ်ပေးနေပြီလို့ထင်တယ်။”

မုန်တိုင်းတိုက်ခတ်လာချိန် ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားဖို့နဲ့ စားနပ်ရိက္ခာ ကယ်ဆယ်ရေး ဆေးဝါးပစ္စည်းတွေကို စနစ်တကျ ပြင်ဆင် ထားရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးကပြောပါတယ်။ အထူးသဖြင့် ကတော့ မုန်တိုင်း တိုက်ခတ်ချိန် ပင်လယ်ကမ်းရိုးတန်းတလျောက်မှာ ရေကြောင်းသွားလာမှုတွေ မလုပ်ဖို့နဲ့ ရေလုပ်ငန်းတွေ မလုပ်ကြဖို့ ငါးဖမ်းမထွက်ကြဖို့၊ ရေလုပ်သားတွေရဲ့ ပိုက်တွေ၊ ငါးဖမ်းလှေတွေကို လုံခြုံတဲ့နေရာမှာ ကပ်ထားဖို့ သတိပေးနိုးဆော်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG