သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရ နှိပ်ကွပ်မှု ဗြိတိန် လုံခြုံရေးကောင်စီမှာ ဆွေးနွေး


မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူနည်းစု အရပ်သားတွေ အပေါ်မှာ စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်ရှိနေတုန်းပဲလို့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေ ပြဿနာနဲ့ လူတွေ ဆင်းရဲဒုက္ခ ရောက်မှုကို အကာအကွယ် ပေးနိုင်ဖို့ အကောင်းဆုံးနည်းဟာ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ ဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံက ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် အကာအကွယ်ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲ အတွင်းမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် မိမိတိုင်းပြည် အတွင်းမှာပဲ ရွာပုန်းရွာရှောင် ထွက်ပြေးနေရတဲ့ အရေအတွက်ဟာ ပိုပြီး များလာတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း (Phillip Parham) က လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အတွင်းမှာပဲ တကမ္ဘာလုံး IDP အရေအတွက်ဟာ ၂၇ သန်းအထိ တိုးများလာတယ်လို့လည်း ထောက်ပြပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံကို ဥပမာပြပြီး အခုလို ဒုက္ခသည်တွေ လျော့ပါးသွားဖို့ရာ အရပ်သားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ လိုမယ်လို့ ဗြိတိသျှ ကိုယ်စားလှယ်က ပြောပါတယ်။

“ဒါဟာ အတော်လေးကို စိုးရိမ်ရတဲ့ ပြဿနာပါ။ ဥပမာ မြန်မာနိုင်ငံကို ကြည့်ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ တိုးတက်မှု မရှိတဲ့ အပေါ်မှာ ဗြိတိန်အနေနဲ့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်။ မြန်မာစစ်အစိုးရဟာ အရပ်သားတွေ၊ အထူးသဖြင့်ဆိုရင် တိုင်းရင်းသား လူနည်းစု ဒေသမှာရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတုန်းပါပဲ။

“အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပါပဲ။ စစ်တပ်အတွက် ကလေးစစ်သားတွေ စုဆောင်းတာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းတာတွေ ရှိနေတုန်းပါ။ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ဆင်းရဲဒုက္ခ ရောက်မှုတွေကို အကာအကွယ် ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘယ်သူ့ကိုမဆို၊ ဘယ်မှာမဆို၊ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ပဲ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း ပြောပြသွားတာ ဖြစ်ပါတယ်။

မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုတွေကိစ္စ ဘယ်လို ဖြေရှင်း ကိုင်တွယ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် တတ်ရောက်ခဲ့သလို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) နဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုရုံး အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်း (John Holmes) တို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာအနှံ့ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးနိုင်ဖို့ လုပ်ငန်း ဒါမှမဟုတ် စနစ်တခုကို ကုလသမဂ္ဂ ဖွဲ့စည်းမှုထဲမှာ ထားရှိဖို့ မစ္စတာဟုမ်းက အကြံပြုခဲ့ပါတယ်။ မစ်စ် ပီလေးကတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆိုရင် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူတာမျိုးဟာ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် အရပ်သားတွေ အကာအကွယ်ပေးနိုင်ဖို့ လုံခြုံရေးကောင်စီ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တွေ ထားရှိဖို့ ကိစ္စကို မစ်စ် ပီလေးကလည်း သဘောတူခဲ့ပါတယ်။

တဘက်မှာလည်း အခုလို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကနဦး စုံစမ်းစစ်ဆေး အရေးယူ ကိုင်တွယ်ဖို့ရာ နိုင်ငံတွေမှာ အဓိက တာဝန်ရှိတယ်လို့လည်း ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံအချို့က အရပ်သားတွေအပေါ် ကျူးလွန်ကြတဲ့ စစ်ရာဇဝတ်မှုတွေကို မိမိဘာသာ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီး ကိုင်တွယ်တာကိုလည်း မစ်စ် ပီလေးက ချီးကျူးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အများစု ဆွေးနွေးကြတာကတော့ သီရိလင်္ကာ၊ ကွန်ဂို အခြေအနေတွေ များပါတယ်။ မြန်မာကိစ္စကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်ကပဲ ဥပမာပေး ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အခုလို လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) က အစီရင်ခံစာထဲမှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ကိုတော့ ဗြိတိန်၊ သြစတြေးလျ၊ ချက်၊ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားပြီး အမေရိကန် ပြည်ထောင်စု ဘက်ကတော့ ထည့်သွင်း စဉ်းစားနေတုန်းလို့ သိရပါတယ်။

XS
SM
MD
LG