သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံမှု HRW ကြိုဆို


စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံမှု HRW ကြိုဆို
စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံမှု HRW ကြိုဆို

မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့အကြောင်း အမေရိကန် အစိုးရက ထောက်ခံမှုကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ကြိုဆိုလိုက်သလိုပဲ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း အမေရိကန်ရဲ့ ထောက်ခံမှုကို ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံနဲ့အတူ EU ဥရောပ သမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေ အပြင် အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေကပါ ပါဝင် ပံ့ပိုးကြဖို့ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဒီနှစ်ဆန်း မတ်လထဲမှာ ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က မြန်မာနိုင်ငံမှာ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိနိုင်တာကို တွေ့ရှိရတာမို့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ကတော့ သြဇာကြီးတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက ဒိုင်ယန်း ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ရီပတ်ဘလစ်ကင် ပါတီက ဂျတ်ဒ် ဂရက် (Judd Gregg) တို့ ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် ၃၂ ဦးတို့က ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို စာရေးသား တောင်းဆိုခဲ့တာပါ။

အခုတော့ သမ္မတ အိမ်ဖြူတော် အရာရှိက အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံကပါ ပါဝင်ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့တာမို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ကြိုဆိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံ မစ်စ် အီလိန်း ပီယာစန် (Ms. Elaine Pearson) က ပြောပါတယ်။

“မြန်မာစစ်ခေါင်းဆောင်တွေ စစ်ရာဇဝတ်မှုနဲ့ လူမဆန်တဲ့ ရာဇဝတ် ပြစ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန် အစိုးရက ပါဝင် တောင်းဆိုလိုက်တဲ့အပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ကြိုဆိုပါတယ်။ ဒါဟာ သိပ်ထူးခြားတယ်လို့ ကျမ ထင်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ကုလသမဂ္ဂကို တောင်းဆိုနေတာလည်း ကြာပါပြီ။ အခုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ တောင်းဆိုချက်တွေကို ထောက်ခံတဲ့ နိုင်ငံကြီး တနိုင်ငံ တိုးလာတာမို့ သိပ်ကို ဝမ်းသာပါတယ်။”

ဗြိတိန်အခြေစိုက် Burma Campaign UK လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန် ကြိုဆိုလိုက်တဲ့အပြင် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဗြိတိန်၊ သြစတြေးလျနဲ့ စလိုဗက်ကီးယား နိုင်ငံတွေနဲ့အတူ အခု အမေရိကန် နိုင်ငံကပါ ပါဝင်ထောက်ခံလာချိန်မှာ EU ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့လည်း အမြန်ဆုံး ပါဝင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

HRW အဖွဲ့ကြီးကတော့ EU အဖွဲ့ ပါဝင်လာဖို့ ကိစ္စဟာ အင်မတန် အရေးကြီးတယ်လို့ ထင်မြင်ကြောင်း မစ်စ် ပီယာစန်က ပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်က EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဆီကို HRW အဖွဲ့က စာရေးပြီး မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကောင်မရှင် ဖွဲ့ဖို့အတွက် လူသိရှင်ကြား ပါဝင် ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ EU အနေနဲ့ ဒါကို ဦးဆောင်ပြီးလုပ်ဖို့ ကိစ္စဟာ အရေးကြီးလှတယ်လို့ ကျမ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့လ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက် မူကြမ်းကို EU က ဦးဆောင်ပြီး ရေးဆွဲနေလို့ ဖြစ်ပါတယ်။”

အာဆီယံ နိုင်ငံတွေကလည်း ကိုယ့်အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှာ လူမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်နေတာကို လက်တွေ့ မြင်နေပါလျက်နဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံ မက်ကွာရီ (Macquarie) တက္ကသိုလ်က မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကတော့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာကို ထောက်ခံတာမျိုးကို မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူ ဘယ်သူပဲဖြစ်ဖြစ် ကြိုဆိုမှာ ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ ဒါဟာ မြန်မာနိုင်ငံသားတွေကို ထိခိုက် နစ်နာစေတာမျိုး မဟုတ်ဘဲ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်အစိုးရပိုင်းကို ပစ်မှတ်ထားတာမျိုးမို့ အမေရိကန်အစိုးရ အနေနဲ့ အခုလို ဆုံးဖြတ်လိုက်တာဟာ ထိရောက်တဲ့ သတိပေးချက်တမျိုး ဖြစ်တယ်လို့လည်း မြင်ပါတယ်။

“လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရကို လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရဘက်က လိုလိုလားလား မတုံ့ပြန်ခဲ့ပါဘူး။ ဒါကြောင့် အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ထောက်ခံမဲလို့ ကြေညာလိုက်တာဟာ အမေရိကန် အစိုးရက စိတ်ရှည်ရှည်နဲ့ သည်းခံ မစောင့်နိုင်ဘူး ဆိုတာကို ပြသရာ ရောက်ပါတယ်။

“နောက်တချက် ထိရောက်စေမှာက ဒါဟာ မြန်မာလူထုကို ထိခိုက် နစ်နာစေမယ့် အရေးယူမှုမျိုး မဟုတ်ဘဲ ပြစ်မှု ကျူးလွန်တဲ့ မြန်မာစစ်အစိုးရပိုင်းကို ပစ်မှတ်ထားတာဖြစ်တဲ့ အချက်ပါပဲ။ တနည်းတော့ သိပ်ကို ထိရောက်တဲ့ သတိပေးချက် တခုပါပဲ။”

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ပါမောက္ခ ရှောင် တာနဲလ် ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG