သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး တိုက်ပွဲ မဆုံးသေး


၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)
၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)

စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့အတွက် ၁၉၈၈ ကာလ ကစပြီး အင်အားစု အားလုံး တိုက်ပွဲဝင် ခဲ့ကြပေမဲ့ မြန်မာနိုင်ငံဟာဒီနေ့ ဒီအချိန်ထိ ပြည့်ဝတဲ့ ဒီမိုကရေစီ မရသေးဘူး လို့ ၈၈ ကာလ ကို ဖြတ်သန်းခဲ့ဖူးသူတွေက ၈ေ လးလုံး ၂၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြောဆိုလိုက်ကြတာပါ။ ၈၈ နဲ့ ပတ်သက်တဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေကိုလည်း ရန်ကုန်မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။

၁၉၈၈ လူထုအုံကြွမှု ဒီမိုကရေစီ အရေးတော်ပုံ ကာလကနေ ပြန်ပြီးရေတွက်မယ် ဆိုရင် ဒီနေ့ဟာ ၂၆ နှစ်တင်းတင်းပြည့်တဲ့ ကာလဖြစ်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံ ကာလမှာ ပါဝင်ခဲ့သူတွေ နဲ့ ဒီမိုကရေစီ တိုက်ပွဲ အတွင်း ကျဆုံးသွားခဲ့သူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဒီကနေ့ တနေကုန်နီးပါး ရန်ကုန်မှာ ကျင်းပခဲ့တာကိုလည်းတွေ့ရပါတယ်။

၈လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား။ (သြဂုတ် ၈၊ ၂၀၁၄)
၈လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား။ (သြဂုတ် ၈၊ ၂၀၁၄)


တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရာကနေ လူထု အရေးတော်ပုံကြီး တစ်ရပ် အဖြစ် အသွင်ပြောင်းလာပြီး ၈လေးလုံးမှာ မြန်မာနိုင်ငံရေးသမိုင်းမှာ မှတ်တမ်းဝင် ခဲ့ပေမဲ့ ဒီမိုကရေစီ ရဖို့ တိုက်ပွဲဟာ ဒီကနေ့ထိ အဆုံးမသတ်သေးဘူးလို့ ၈ လေလုံး ကာလမှာ ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံရေး အင်အားစုတွေက တညီတညွတ်တည်း ပြောပါတယ်။

၈ လေးလုံးရဲ့ အားကို ယူပြီးတော့ နိုင်ငံပြန်တည်ဆောက်ရေး နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတွေကို အဓိက လုပ်ဆောင်ဖို့ အခုကာလမှာ အရေးကြီးတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေက ရှုမြင်သုံးသပ်တဲ့ အကြောင်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဂျင်မီ က ဗွီအိုအေ ကိုပြောပါတယ်။

"ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ၂၆နှစ် ပြည့်ခဲ့ပြီပေါ့ဗျာ။ အဲ့ဒီတော့ ၂၆နှစ်ပြည့်ခဲ့ပြီ ဆိုတဲ့အချိန် ကျနော်တို့ ပြန်ကြည့်လိုက်တော့ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ရောက်ပြီလား အောင်ပြီလား လို့ မေးတဲ့အချိန်မှာ ကျနော်တို့ မရောက်သေးပါဘူး မပြည့်မီသေးပါဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေတုန်း ဆိုတာကို ကျနော်တို့ သုံးသပ်မိပါတယ်။ အဲ့ဒီတော့ ကျနော်တို့ဟာ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင်လို့ ကျနော်တို့ ဒိထက်ပိုပြီး အားထုတ်ရမယ်ဆိုတာကိုလည်း ကျနော်တို့သိပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ ရှစ်လေးလုံးစိတ်ဓါတ် နဲ့ပဲ ကျနော်တို့ ဒီမိုကရေစီ နဲ့ လူသားတန်ဖိုး လွတ်လပ်မှုကို အောင်မြင်တဲ့အထိ ကြိုးစားသွားဖို့အတွက် ကျနော်တို့ ပိုင်းဖြတ်ထားပါတယ်။"

၈ လေးလုံးနဲ့ အတူ ပေါက်ဖွားခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ကလည်း လက်ရှိ အချိန်မှာ အင်အားစု အားလုံး ညီညွတ်ရေးကနေ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ရပ် အမြန်ရရှိရေးကို လိုလားတယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီ က ပြောပါတယ်။

"ဒီကနေ့က ကျနော်တို့ ဘာကိုပြောနေတာလဲ ဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စပါ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ အတူပဲ ကျနော်တို့အထဲက ညီညွတ်ရေးကို ပြောနေပါတယ်။ ညီညွတ်ရေးနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ပြီးတော့မှ ဒီနေ့ နိုင်ငံရေးပြဿ နာတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေးစားပွဲခုံကို ရောက်ဖို့ကို ကျနော်တို့ တွန်းတင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီကာလရဲ့ ကျနော်တို့ရဲ့ ညီညွတ်ရေးကို ကျနော်တို့တည်ဆောက်တယ်။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ တဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို သွားနိုင်ပြီးတော့မှ ဒီနေ့ ဒီမိုကရေစီရေး တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ကို ရရှိစေမယ့် အာမခံချက်ကို ရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်ရေးဆိုတဲ့ လမ်းကြောင်းပေါ် ကို တက်လှမ်းဖို့ အတွက် ကျနော်တို့ ဆက်လျှောက်နေတာဖြစ်ပါတယ်။"

၁၉၈၈ အရေးတော်ပုံ ကာလမှာပဲ သန္ဓေတည် ခဲ့တဲ့ မြန်မာအတိုက်အခံ ပါတီ ကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရှိသူလည်း ဖြစ်၊ ဗဟို အလုပ်အမှုဆောင် တစ်ဦး လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ ၈၈ ကာလ ကို သင်ခန်းစာ ယူပြီး ဒီနေ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အင်အားစု အားလုံးက ရှေးရှု့ဖို့ လိုမယ်လို့ သူကပြောပါတယ်။

"ရှစ်ဆယ့်ရှစ် ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်တော့မှ မပျောက်ပျက်တဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲ။ ဒီကနေစပြီး ပြုပြင်ပြောင်းလဲမှု အစစအရာရာပေါ့ စစ်အစိုးရ ကျဆုံးတာ အဓိကမှတ်တိုင်တစ်ခုပဲလို့ အဲလိုပြောရင်ရပါတယ်။ ကျနော်တို့ အဆင့်တစ်ဆင့် ကိုတော့ ကျော်လာပြီပေါ့။ အပြောင်းအလဲလုပ်ဖို့လိုပြီ ဆိုတဲ့ အဆင့်ကိုတော့ ကျော်သွားပြီ။ အပြောင်းအလဲ ဘယ်လောက်ဖြစ်မလဲဆိုတာ တ ကဏ္ဍပါ။ ဒါဟာ အားလုံးနဲ့လည်းဆိုင်ပါတယ်။ အားလုံးလည်းကြိုးစားကြရမှာ"

၈၈ အရေးတော်ပုံ ကာလ ဟာ ၂၆ နှစ် ကြာခဲ့ဲပြီ ဖြစ်ပေမဲ့ အဲဒီအချိန် အဲဒီ ကာလ မှာတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်တွေကို စစ်အစိုးရ အုပ်ချုပ်ချိန် ကာလမှာတုန်းကရော၊ လက်ရှိ အစိုးရ လက်ထက်ထိ အစိုးရ ဘက်ကတော့ ဆူပူသောင်းကျန်းမှု ဖြစ်စဉ် တစ်ရပ်လို့ အဓိပ္ပါယ် ဖွင့်ဆဲ ဖြစ်တာကို ဒီနေ့အချိန်ထိ ဝမ်းနည်းဖွယ်တွေ့မြင်နေ ရဆဲ ဖြစ်တယ်လို့ ၈၈ ကာလ က ဘီဘီစီ သတင်းထောက် ခရစ်စတိုဖာ ဂါးနက် ကို ပြည်တွင်းက ၈ လေးလုံး သတင်းတွေကို တိုက်ရိုက်ပေးပို့ပေးခဲ့တဲ့ ဦးနေမင်း က အခုလို ပြောပါတယ်။

"ဒီကိစ္စဟာ ဘယ်သူဘယ်ဝါ ကျူ းလွန်တယ်ဆိုတာ အတိအကျလည်း မဖော်ထုတ်ဘူး။ တစ်ဖက် ကလည်း ကျနော်တို့ကို ကျနော်ကို ဆိုလို့ရှိရင်ဗျာ ပြည်ပ ဓားရိုးကမ်းသူ ဆိုပြီး အပုတ်ချ ဝါဒဖြန့်တာတွေခံရတယ်။ ကျနော်တို့ အဖြစ်မှန်တွေကို ရှင်းခွင့်လည်းမရဘူး။ တကယ့်ရှစ်ဆယ့်ရှစ်ရဲ့ အတွင်းရေးဇာတ်လမ်းတွေရဲ့ အကျိုးဆက်တွေရဲ့ ကြောက်စရာ အကျိုးဆက်တွေကိုပြပြီး ကျနော်တို့အပေါ် ပုံချတာကိုပဲ ခံရတယ်။"

ဒီကနေ့ ရှစ်ဆယ့်ရှစ်ရဲ့ ၂၆ နှစ်ပြည့် အခမ်းအနားတွေကို တော့ ရန်ကုန် မြို့ ဆူလေဘုရားရှေ့မှာ အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ် ပြုလုပ်ပြီး ပန်းခွေ ချ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလှုမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေ အပါအဝင် ပြည်တွင်း က နိုင်ငံရေး အင်အားစုတွေ စုစည်းပြီးတော့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မှာ ရှိတဲ့ ဓမ္မပီယ ကျောင်းတိုက်မှာ ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနား ကို မနက်ပိုင်း က စပြီး ညနေ ၄ နာရီ ထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကလည်း ဒီကနေ့မှာ ၈ လေးလုံး နဲ့ ပတ်သက်တဲ့ သူရဲ့ ထုတ်ပြန်ချက်ထဲမှာ ၈ လေးလုံးကာလ က ဖြစ်စဉ်တွေကို သင်ခန်းစာ ယူပြီးတော့ အနာဂတ်မှာ ဒီမိုကရေစီ အခွင့်အရေး နဲ့ လူ့ အခွင့်အရေးတွေ ပိုမိုရရှိရေးအတွက် ဦးစားပေးကြဖို့ လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG