သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေ ကြံ့ခိုင်ရေးကို မဲမပေးချင်


၂၀၁၀ ရွေးကောက်ပွဲမှာ လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးလိုကြတဲ့အတွက် တခြား ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံရေးပါတီတွေကို မျှော်လင့် စောင့်စားနေကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ နေရာမှာ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွဲလို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ နယ်တွေကို အရောက်နည်းတဲ့အတွက် ဒေသခံတွေက နိုင်ငံရေးပါတီတွေ သူတို့ဒေသမှာ လာရောက် မဲဆွယ် စည်းရုံးကြဖို့ မျှော်လင့်နေတယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက် ပြည့်ရေးနဲ့ တခြား ဘဏ္ဍာရေး အခက်အခဲတွေကို ဖြေရှင်းနေကြရတာကြောင့် နယ်တွေကိုသွားပြီး ထင်သလောက် မဲဆွယ်စည်းရုံးခြင်း မလုပ်နိုင်ကြသေးဘဲ ဖြစ်နေတာပါ။

အထူးသဖြင့် လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ကြတဲ့အတွက် အခုလို ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံရေးပါတီတွေ သူတို့ထံ လာရောက် စည်းရုံးကြဖို့ မျှော်လင့်နေကြတာလို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ဆောင်နေတဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့သွားတဲ့၊ ရောက်တဲ့ မြို့နယ်တွေ ခပ်များများပေ့ါ၊ အဲဒီမှာ ပါတီတွေက စည်းရုံးရေး ဆင်းတဲ့လူတွေ တော်တော်နည်းသေးတယ်။ ဘယ်သူ့တွေ့ရလဲဆိုတော့ အထူးသဖြင့်ကတော့ ကြံ့ခိုင်ရေးပဲ တွေ့ရတယ်။ ကြံ့ခိုင်ရေးလည်း စနစ်တကျ စည်းရုံးတာတွေ ဘာတွေ သိပ်မရှိဘူး။ ကျနော်တို့ တွေ့ရသလောက်ကတော့ အိမ်တွေကို ဆင်းသွားတယ်၊ လူနာမည် စာရင်းတွေ မေးပြီးတော့ အဲဒါတွေက သူတို့ ကြံ့ခိုင်ရေး ဆိုပြီးတော့ ထည့်လိုက်တယ်။ မလိမ့်တပတ် လုပ်သွားတာလောက်၊ အဲဒါမျိုး စည်းရုံးရေးမျိုးပဲ ရှိတယ်။ ဆိုင်းဘုတ်တွေ ဘာလေးတွေတော့ ရှိတာပေါ့။

“ဒါပေမဲ့ တခြားပါတီတွေက စည်းရုံးရေး သိပ်မလုပ်ကြသေးဘူး။ အထူးသဖြင့် ပါတီတွေက ဘာလုပ်နေကြလဲဆိုတော့ ပါတီဝင် ၁,၀၀၀ ရရှိရေးအတွက် စုတာတို့ ဘာတို့ ဒီလောက်ပဲ ရှိသေးတာ တွေ့တယ်။ သိပ်ပြီးတော့ မတွေ့သေးဘူး။ အဲတော့ လူတွေက ဘာပြောလဲဆိုတော့ ပရိသတ်တွေကို ကျနော်တို့ တွေ့တော့ သူတို့က ကြံ့ခိုင်ရေးကို မဲမပေးချင်ဘူး၊ မဲမပေးချင်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လာပြီး ပြိုင်စေချင်တယ်၊ ဘယ်သူမှလည်း မလာကြသေးဘူး။ အဲဒါမျိုးတွေပဲ တွေ့တယ်ပေါ့။ အဲတော့ မြန်မြန်လာကြပါ၊ မြန်မြန်ပြိုင်ကြပါ၊ ကျနော်တို့က ခင်ဗျားတို့ကို မဲပေးချင်နေတာပါ၊ ဆိုတော့ ကျနော်တို့ကလည်း အခက်အခဲကတော့ ဘဏ္ဍာရေး အခက်အခဲပါ။ ဘဏ္ဍာရေး အခက်အခဲသာ မရှိဘူးဆိုရင် ကျနော်တို့ အများကြီး အခုကတည်းက ကိုယ်စားလှယ်တွေ ရွေးပြီး ဖြစ်နေလောက်ပြီ။”

နယ်တွေကို လိုက်လံ စည်းရုံးရေး ဆင်းနေတဲ့ နိုင်ငံရေးပါတီတွေ နောက်ကို ထောက်လှမ်းရေးနဲ့ အာဏာပိုင်တွေက တကောက်ကောက်နဲ့ နောက်ယောင်ခံ လိုက်နေတဲ့အတွက် လူထုအနေနဲ့ မဲဆွယ် စည်းရုံးတာတွေကို လာရောက် နားထောင်ကြဖို့ ကြောက်လန့်တဲ့ အဖြစ်မျိုးနဲ့လည်း ရင်ဆိုင်ကြရတယ်လို့ ဦးသုဝေက ဆက်ပြောပြပါတယ်။

“သူတို့ကို မြင်တဲ့အခါကြတော့ ကြောက်တာပေါ့။ ရဲရဲတင်းတင်း မဆွေးနွေးရဲကြဘူး။ သူတို့ကလည်း လာတာက သတင်းလိုချင်လို့ လာတယ်လို့ ပြောတာကိုး။ သူတို့ကို ခိုင်းချင်တာ ခိုင်းရအောင်လို့ လာတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လာတယ် ပြောတာပေါ့။ သို့သော် ကျနော်တို့က သူတို့ကို လူတွေက တွေ့တဲ့အခါကြတော့ အဟန့်အတားရှိတယ်၊ အနှောင့်အယှက်ရှိတယ်၊ ဖြစ်တယ်၊ ဒါလောက်ပါပဲ။”

တဘက်က နိုင်ငံရေးပါတီတွေ အခက်အခဲရှိအောင် အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ သူတို့ထောက်ခံထားတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ငွေအလုံးအရင်းနဲ့ မဲဆွယ် စည်းရုံးမှုတွေ နိုင်ငံအနှံ့ လုပ်ဆောင်နေပါတယ်။

“သူတို့ကတော့ သက်ဆိုင်ရာနဲ့ နီးစပ်တဲ့လူတွေ၊ သူတို့အဖွဲ့တွေဆိုတော့ လွယ်တာပေါ့၊ အခက်အခဲ မရှိဘူးပေါ့။ ငွေလည်း ရှိတယ်၊ အာဏာလည်း ရှိတယ်၊ အခွင့်အရေးလည်း ရှိတယ်။ အဲဒါတွေရှိတော့ သူတို့က တပန်းသာတယ်။ ဒါပေမဲ့ ကျနော်တို့ နယ်တွေ ဆင်းသွားတဲ့အခါမှာ လူထုက ကောင်းကောင်းသိတယ်၊ ဒီလိုအခက်အခဲတွေကို ကျနော်တို့ပါတီကို လုပ်တယ်ဆိုရင် သူတို့က မကြိုက်လေပေါ့။ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို မကျေနပ်လေပေါ့။ အဲဒီတော့ ဒီလို အခက်အခဲတွေ များများတွေ့လေ၊ ကျနော်ထင်တာကတော့ လူထုက ကျနော်တို့ကိုပဲ မဲပေးလေ ဖြစ်လိမ့်မယ်ထင်တယ်။ ပိုလာမှာပဲ၊ အခွင့်အရေးက ပိုကောင်းလိမ့်မယ် ထင်တယ်၊ သူတို့မှာ ငွေရှိလို့၊ အာဏာရှိလို့ ကြောက်စရာမလိုဘူး ထင်တာပဲ။ လူထုမဲ ကျနော်တို့ ရမှာပါ။”

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ အဲဒီလို အခက်အခဲ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာရှိတဲ့ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ လောက်ကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက မဲဆွယ်စည်းရုံးရေးစကား ပြောခဲ့တာမှာ လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်ကနေ သွေးထွက်သံယို ဖြစ်တာမျိုး မလိုလားဘူး၊ အာဏာသိမ်းတာမျိုး မလိုလားဘူး၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေကို မဲပေးကြပါလို့ ပြောင်ပဲ စည်းရုံး ပြောကြားသွားတယ်လို့ ကျောင်းသားတချို့က ပြန်ပြောကြပါတယ်။

တချိန်တည်းမှာပဲ သူတို့ကို မဲပေးရင် ပျက်နေတဲ့လမ်းတွေ ကောင်းသွားအောင် ပြင်ပေးမယ်ဆိုပြီး ရန်ကုန်တဝိုက်မှာ ကြံ့ခိုင်ရေးပါတီက လိုက်လံစည်းရုံး မဲဆွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် အတွက်တော့ လူထုထံမှာ လိုက်လံ တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

စစ်အစိုးရ အာဏာပိုင်တွေ၊ ဝန်ကြီးတွေ ကိုယ်တိုင်က သူတို့ပါတီကို ထောက်ခံကြဖို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေနဲ့ ဘယ်လိုပဲ မဲဆွယ် စည်းရုံးနေကြပေမဲ့ လူထုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ဘူးလို့ ပြောဆိုနေကြတဲ့အကြောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

XS
SM
MD
LG