သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ စစ်ရေးတင်းမာနေဆဲ


TNLA တပ်သားများ
TNLA တပ်သားများ

ရှမ်းမြောက်ဘက်မှာ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေက ဒီကနေ့မှာ ဆက်ပြင်းထန်နေဆဲပဲလို့ TNLA တအောင်းတပ်ဖွဲ့က ပြောပါတယ်။ ဒီလိုတိုက်ပွဲတွေပြင်းထန်နေတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖော်ဆောင်လိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး စစ်ပွဲတွေကို အမြန်ဆုံးရပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖန်တီးပါလို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာ က တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်ပြောပြပေးပါမယ်။

အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်နဲ့ TNLA တအာင်းတပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား ကချင်နဲ့ ရှမ်းမြောက်ဒေသတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပြီးစစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာတော့ ရှမ်းမြောက်ဒေသ ကွတ်ခိုင်၊ နမ့်ဆန် ၊ နမ့်ခမ်းမြို့နယ် မိုင်းဝိုင်းနဲ့ မန်တုံဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ TNLA တအာင်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကွတ်ခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်တယ်။ ကွတ်ခိုင်မြို့နယ်၊ ပန်ကူ ကျေးရွာနဲ့ပန်လုံကျေးရွာကြားမှာ တိုက်ပွဲကတော်တော်လေးပြင်းထန်တယ်။ မနက် ၈ နာရီ ၄၅ လောက်ကစပြီး ၁၂ နာရီကျော်ကျော်ထိ တောက်လျောက်ဖြစ်တယ်။ ထိုးစစ်ကတော့ နေရာအနှံ့ တော်တော်လေးများတယ်။ အဲဒီမှာ နှစ်ရက် သုံးရက်ဆက်တိုက် တောက်လျောက်ပဲ သူတို့လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တောက်လျောက် ဒီမန်တုံဘက်ကရော၊ လှမ်းပြီးပစ်တယ်။ နမ့်ဆန်ဘက်ကရောပစ်တယ်။ အထူးသဖြင့်ကတော့ နမ့်ဆန်မြို့အနောက်ဘက်ခြမ်းမှာ အဲဒီၤဘက်မှာ ဦးတည်ပြီးပစ်တယ်။ ကျနော်တို့ဒေသဘက်က လှုပ်ရှားမှုတွေအားလုံး အတော်များများ တပ်တွေဖြန့်ထားတယ်။ ထိုးစစ်လည်း တောက်လျောက် တောတွင်းအထိပါ သူတို့အားလုံး အထိပါ သူတို့အားလုံး ထိုးစစ်တွေလိုက်ပြီးတော့ တိုက်ခိုက်တယ်”

ပြည်တွင်းငြိမ်းချမ်းရေးရနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ဖို့ကြိုးစားနေပေမဲ့လို့ အခုလို တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေဆဲ အနေအထားအပေါ် ပြေလည်နိုင်အောင် ညှိနှိုင်းစေချင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက အခုလိုပြောပါတယ်။

“ အေး ကျနော်တို့ပြောချင်တာကတော့လေ ငြိမ်းချမ်းရေးကိုတည်ဆောက်ချင်ရင် တဘက်နဲ့တဘက် အမြင်ကြည်လင်ဖို့လိုတယ်။ နော် မင်္သကာမှုတွေ၊ ယုံကြည်မှုတွေ ပိုမိုပြီးတော့ ပျက်ပြားစေနိုင်တဲ့လုပ်ငန်းတွေ မလုပ်စေချင်ဘူး။ အခုညှိုနေတုန်းပဲလေနော်။ ကျနော်တို့မြင်တာကတော့ ဒီ စစ်မှန်တဲ့ ဒီငြိမ်းချမ်းရေးကို လိုလားရင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်ဖို့လိုတယ်။ ဒါက တစ်အချက်နော်။ နောက်ပြီးတော့ အဲဒီလိုပါဝင်ဖို့ ဆိုတာကလည်း အဲဒီ ၂၁ ရာစု ပင်လုံကို ဒီဒုတိယအကြိမ် ပင်လုံကိုပေါ့လေ၊ အဲဒီမှာ အားလုံးပါဝင်နိုင်ဖို့ ပါဝင်တဲ့နေရာမှာလည်း အားလုံးက တန်းတူညီတူပေါ့ တက်သည့်သဘောမျိုး ဖြစ်စေချင်တယ်။ ပုံမှန်NCA ကိုလက်မှတ်မရေးထိုးရသေးလို့ ဆိုပြီးတော့မှ ဒါကို လေ့လာသူအနေနဲ့ပဲ စသဖြင့်ပေါ့လေ။ အဲသလိုမျိုး ထားမယ်ဆိုရင်တော့ ဖြစ်နိုင်မယ့်အလားအလာမရှိဘူးလို့ ကနော်မြင်တယ်။ ”

စစ်ရေးတင်းမာနေတဲ့ ရှမ်းမြောက်ဒေသနဲ့ကချင်ဘက်တွေမှာ တိုက်ပွဲကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးမှုတွေရှိသလို ထောင်ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီး ဒေသခံအရပ်သားအချို့မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မှုတွေလည်း ဖမ်းဆီး အရေးယူခံရမှုတွေရှိနေတာပါ။ ဒီလို အရပ်သားတွေ စစ်ဘေးသင့်နေရတဲ့ အခြေအနေအပေါ် နိုင်ဟံသာက အခုလိုပြောပါတယ်။

“အခုကလည်း ကျနော်တို့ ကြားမိသလောက်ပေါ့လေ။ မဆီမဆိုင် လူထုတွေကိုပါ ဒုက္ခပေးပြီးတော့ လူထုတွေ ထွက်ပြေးနေရတဲ့ အနေအထားမျိုးတွေ၊ လူထုတွေ ဒုက္ခရောက်နေတဲ့ အနေအထားမျိုးတွေ၊ အဲ့ဒီပုံစံကတော့ လူထုကိုအကြပ်ကိုင်ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းကို ထားပျော့ပြောင်းလာအောင် သဘောကတော့ စိတ်ပျော့လာအောင် ဖိအားပေးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ဒီလိုမျိုး ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့နေရာမှာ ဖိအားပေးတဲ့ပုံစံမျိုးနဲ့တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်ဘူးလို့ ကျနော်တို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အခု ကြိုးပမ်းနေတာကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကနေပြီးတော့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့။ သုံးလေးဖွဲ့ကို ချန်ထားလိုက်ရင် အဲ့ဒီဘက်မှာ ဆက်လက်ပြီးတော့ ဆူညံနေဦးမှာပဲလေ။ တိုက်ပွဲတွေဖြစ်နေဦးမှာပဲ။ ဒါဆိုရင်တော့ အဓိပါယ်မရှိပါဘူး။ ကျနော်တို့ ကြိုးပမ်းနေတာကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတော့ သူတို့ကို ချန်ထားရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကတော့ ဘယ်လိုမှ မရနိုင်ဘူး။”

တိုက်ပွဲတွေကြား အခုလို အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန်စွပ်စွဲမှုတွေရှိနေတဲ့အပေါ် TNLA ပြောခွင့်ရကတော့ အခုလိုတုန့်ပြန်ပါတယ်။

“အဓိကကတော့ လူထုကို ပိုပြီး ကြည့်တာပေါ့နော်။ လူထုကိုမေးကြည့်ရင်တော့ အားလုံးသိတယ်။ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတာတို့၊ မနှစ်ကလည်း ကျနော်တို့ နမ့်ခမ်း၊ ဆမ်လဘက်မှာ လူနေသုံးလေးအိမ်လောက်ကို ဝင်ပြီးမွှေနှောက်သွားတယ်။ အဲလိုမျိုးလည်းရှိတယ်။ အစိုးရဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ပစ်ခတ်တာတွေလည်းရှိတယ်။ ”

အခုလိုတိုက်ပွဲတွေ ဖြစ်ပွားနေဆဲအခြေအနေအပေါ် ပြေလည်အောင်ညှိနှိုင်းနိုင်ဖို့ မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေကြသလို၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ မြန်မာ့တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အတွက် အပစ်ရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဘက်ကလည်း အရေးပေါ်အစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ကြသလို လက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း ရှေ့သီတင်းပတ်ထဲ တွေ့ဆုံကြဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ရှမ်းမြောက်ဒေသ စစ်ရေးတင်းမာနေဆဲ
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG