သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသ ဝက်သက်ကူးစက်ရောဂါ မထိန်းချုပ်နိုင်သေး


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကူးစက်ရောဂါ အခြေခအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကူးစက်ရောဂါ အခြေခအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ပြင်းထန်ဝက်သက် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ နန်းယွန်းမြို့နယ်နဲ့ လဟယ် မြို့နယ်ထဲက ကျေးရွာအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ နာဂ အမျိုးသားရေး ရာကောင်စီက ပြောလိုက်ပါတယ်။ ဒီကူးစက်ရောဂါနဲ့ ပတ်သက်လို့ အစိုးရဘက်က အကူညီ ပေးပေမယ့်လည်း အရေးပေါ် ကူညီကယ်ဆယ်ရေးစနစ်တွေ က မြန်ဆန်မှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဒီ သတင်းအပြည့်အစုံကို တော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တို့မှာ သြဂုတ်လ ၁၂ရက် နေ့အထိ ပြင်းထန် ဝက်သက်ရောဂါကြောင့် ကျေးရွာ ၁၅ရွာက သေဆုံးသူ စုစုပေါင်း ၄၂ ယောက် ရှိနေပါပြီ။

ကူးစက်ရောဂါ စတင်ဖြစ်ပွားတဲ့ လဟယ်မြို့နယ် ထန်ခေါ်လားမားကျေးရွာ တဝိုက်က ရွာ ၆ရွာမှာ ရောဂါအခြေ အနေ ထိန်းချုပ်နိုင်ပေမယ့် အခြား ကူးစက်ခံရတဲ့ ရွာတွေမှာတော့ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးဘူးလို့ နာဂအမျိုးသားရေးရာ ကောင်စီက ဦးနော်အောင်ဆန်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကူးစက်ရောဂါ အ ခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ထိန်းချုပ်နိုင်သလောက်လို့ပြောလို့ရှိရင် နံပတ်၁ အချက်က ထန်ခေါ်လားမားကျေးရွာ တဝိုက်မှာရှိတဲ့ ရွာပေါင်း ၆ ရွာ အဲဒီမှာ ဝက်သက်နဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ဝေဒနာခံစားရတယ်။ ရောဂါခံစားရတဲ့အချိန်မှာ အဲဒီရွာ ၆ ရွာကို ထိန်းချုပ်သွားနိုင်မယ်ဆိုရင်ကျနော်လက်ခံတယ်။ ဒါပေမယ့် ကျန်တဲ့ အခုရှိနေတဲ့ လဟယ်ဒေသ တခွင်လုံးမှာဖြစ်နေတဲ့ အဲဒီကျေးရွာတွေအားလုံးကို ကျနော်တို့ ထိန်းချုပ်နိုင်တယ်လို့ပြောရင် ကျနော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူး။ကျနော်တို့ ကထပ်မေးတယ် ဒါဆို ခင်ဗျားတို့က အဲဒီကျေးရွာတွေမှာ ၂၄ နာရီ စောင့်ကျပ်ထားဖို့အတွက် ဆရာဆရာမတွေ ချပေးထားသလား။ ဆရာဝန်တွေရှိသလား။ တကယ့်လက်တွေ့မှာမရှိဘူး။ ဆိုတဲ့အခါမှာ ဒီကနေ့ လက်ရှိ ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရှိရင် ဒါဟာ ခုနပြောသလို ဘယ်လိုမှ လက်ခံနိုင်စရမဟုတ်တဲ့ ကိစ္စလို့ ကျနော်ဖော်ပြချင်ပါတယ်။”

နာဂဒေသမှာ ဇွန်လပထမအပတ်လောက်ကတည်းက စတင်ပြီး လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီး မြို့နယ်ခွဲက ကျေးရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားပေမယ့်လို့ သြဂုတ်လ ၄ရက် နေ့ မတိုင်ခင်အထိ ထိရောက် တဲ့ အကူအညီမရခဲ့ဘူး။

အစိုးရဘက်က အကူညီပေးပေမယ့်လည်း အရေးပေါ် ကူညီ ကယ်ဆယ်ရေးစနစ်တွေဟာ မြန်ဆန်မှု မရှိတာမို့ အားမရဘူးလို့ ဦးနော်အောင်ဆန်းက အခုလိုပြောပါတယ်။

“အစိုးရရဲ့ အကူအညီမရဘူးလားလို့ ဆိုရင် လုံးဝမရဘူးတော့မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရရဲ့ အကူအညီရပါတယ်။ ဒါပေမယ့် ထပ်ဖြစ်တဲ့အချိန်မှာ ကျနော်တို့ မြန်မြန်ဆန်ဆန် မရတဲ့အတွက်ကြောင့်မို့လို့ ကျေနပ် သလားလို့ပြောရင် ကျေနပ်နိုင်ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းကို ပြင်ဆင်ပေးနိုင်တယ်ဆိုရင် အစိုးရမလုပ်နိုင်တဲ့အလုပ်မျိုး ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ အများကြီးကူညီပံ့ပိုးနိုင်တဲ့ အနေအထားရှိတယ်။ ဒီနေ့ကျနော်တို့ မိတ်ဆွေတွေအများကြီးကျနော်တို့ ရှိလာပြီ။ ရှိလာပြီဆိုတော့ မိတ်ဆွေတွေလည်းကူညီချင်တယ်။ ဒါပေမယ့် အဲဒီကူညီလိုက်တဲ့အရာတွေကို ကျနော်တို့အမြန်ဆုံးအစိုးရရဲ့ လမ်းကြောင်းပေါ်မှာ အမြန်ဆုံးရောက်ရှိနိုင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့အနေအထားမျိုးကျနော်တို့မရှိတဲ့အခါမှာ ကျနော်တို့ ဘယ်လိုမှအဆင်မပြေပါဘူး။”

သြဂုတ်လ ၁၄ရက်နေ့မှာ နာဂအမျိုးသားရေးရာကောင်စီနဲ့ ဒုသမ္မတ ၂ ဟင်နရီ ဗန်ထီးယူတို့ တွေ့ဆုံပြီး အရေး ပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ အစိုးရက လိုအပ်တဲ့ ဆေးဝါးအကူညီပေးဖို့၊ ကယ်ဆယ်ရေး ပစ္စည်း တွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်အသုံးပြုခွင့်ရဖို့ စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအတွက် မြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်အပြင် စားနပ်ရိက္ခာနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မြန်ဆန်ဆန်ပေးဖို့ လိုတယ်လို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲ မှာ ပါဝင်တဲ့ RRTIP အဖွဲ့က ကိုဇော်ဝင့်ဖြိုးကပြောပါတယ်။

“ပထမအပိုင်းကတော့ Emergency Response အပိုင်းအတွက်ကို ထိရောက်စွာဆောင်ရွက်ပေးဖို့ အဲဒီနေရာမှာ ကျနော်တို့က မြန်ဆန်ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေဖန်တီးပေးဖို့။ နောက်တခုက ဆက်သွယ်ရေးသတင်းအချက်အလက်တွေကို အမြန်ရရှိနိုင်တဲ့ Satellite တို့ဟာမျိုး စီစဉ်ပေးဖို့ပေါ့နော်။ နောက် Medical team တွေကို ဒီလိုဆိုင်ကယ်ကြီးတွေနဲ့သွားနေရတာမျိုးမဟုတ်ပဲနဲ့ ရဟတ်ယာဉ်တွေနဲ့ တရွာပြီးတရွာချပြီးတော့ စီမံပေးဖို့ပေါ့နော်။ ကျနော်အဲဒါကို လက်တလောအနေနဲ့တောင်းဆိုချင်တယ်။”

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ပေးပို့တဲ့ အချို့ စားနပ်ရိက္ခာတွေ ကူးစက်ရောဂါဖြစ်ပွားတဲ့ ဒေသတွေကို မရောက်သေးပါဘူး။ ကူးစက်ရောဂါများ ဖြစ်ပွားရာ ကျေးရွာတွေမှာ အ ရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်တွေနဲ့ ခန္တီးမြို့အထိ ကူညီ ပို့ဆောင် ပေးနေတယ်လို့ ဒီကနေ့ သြဂုတ်လ ၁၆ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ သ တင်းထုတ် ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG