သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာခြံစည်းရိုး နာဂသူပုန်ကန့်ကွက်


INDIA MYANMAR BORDER
INDIA MYANMAR BORDER

မြန်မာနဲ့ နယ်စပ်ဒေသတလျှောက်က ပြည်နယ် ၄ ခုမှာ ခြံစည်းရိုးခတ်မယ့် အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း NSCN Isak Muivah အဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း Nagaland Post သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီလို ခြံစည်းရိုး ခတ်ခြင်းဟာ နာဂပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင် လုပ်ဆောင်ခြင်းဖြစ်သလို လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ရာလည်း ရောက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နာဂတွေ အခြေချရာ အချက်အချာဖြစ်တဲ့ Pangsha ရွာမှာ အိန္ဒိယနဲ့ မြန်မာစစ်တပ်တွေ ပူးတွဲပြီး နယ်ခြားစည်းရိုး ကာရံနေတာဟာ နာဂတွေရဲ့ ဆန္ဒနဲ့ လုံးဝ ဆန့်ကျင်နေပြီး ဒီဒေသမှာ အခုလို လုပ်ဆောင်မှာနဲ့ ပါတ်သက်ပြီး နာဂတွေဆီက သဘောတူညီချက် မယူခဲ့သလို တိုင်ပင်ဆွေးနွေးတာလည်း မရှိခဲ့ ဘူးလို့ တခြား နာဂလက်နက်ကိုင်အဖွဲ့ကြီးတခုဖြစ်တဲ့ NSCN Khaplang အဖွဲ့ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဒါဟာ နာဂတွေကို ခွဲပစ်ပြီး နာဂမြေကို ထာဝရ ပိုင်းခြား သတ်မှတ်ဖို့ ၁၉၅၃ ခုနှစ်က နေရူးနဲ့ ဦးနုတို့ လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာကို ပြန် အသက်သွင်းတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ နာဂ လူမျိုးတွေ အများအပြား ရှိနေတာပါ။

အိန္ဒိယ-မြန်မာ ၂ နိုင်ငံစလုံးမှာ နာဂမိသားစုတွေဟာ ဟိုးအရင် နှစ်ပေါင်း များစွာကတည်းက အဲဒီနေရာတွေမှာ အတူယှဉ်တွဲ နေထိုင်လာ ခဲ့ကြတာဖြစ်ပြီး အခုလို ခြံစည်းရိုး ခတ်တာဟာ ဒီလူတွေကို တကွဲတပြား ဖြစ်အောင် လုပ်နေတာလို့ ၂၀၁၅ ခုနှစ်မှာ အိန္ဒိယ အစိုးရနဲ့ အပစ်ရပ်စဲရေး ကို တဘက်သတ် ကြေညာခဲ့တဲ့ NSCN-K အဖွဲ့က ပြောပါတယ်။

တခြား နာဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ နာဂအမျိုးသားကောင်စီ - NNC နဲ့ အရှေ့ပိုင်းနာဂ ဖွံ့ဖြိုးမှုအဖွဲ့ - ENDO အဖွဲ့တို့ကလည်း ခြံစည်းရိုးခတ်တဲ့အစီအစဉ်ကို ကန့်ကွက်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG