သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလူငယ်ညီလာခံ ပင်လုံမှာ စတင်


တိုင်းရင်းသားလူငယ်များညီလာခံ (FB-National Ethnic Youth Conference - Myanmar)
တိုင်းရင်းသားလူငယ်များညီလာခံ (FB-National Ethnic Youth Conference - Myanmar)

မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့မှာ ဒီကနေ့ စတင်ကျင်းပခဲ့ပြီး တိုင်းရင်းသားလူမျိုး ၂၆မျိုးက ကိုယ်စားလှယ်တွေနဲ့အတူ အထူးဧည်သည်အဖြစ် နိုင်ငံရေး ပါတီခေါင်းဆောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ အပါအဝင်လူပေါင်း ၈၀၀ကျော်လောက်တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံကို ပြီးခဲ့တဲ့ရက်တွေက ဆိုင်းငံ့ထားဖို့အတွက် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပေမဲ့ နှစ်ဖက် ညှိနှိုင်းပြီးတဲ့နောက်မှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေက လူငယ်ကိုယ်စားလှယ်တွေအများဆုံးပါဝင်တက်ရောက် ခဲ့တဲ့ ဒီညီလာခံကို ပင်လုံမြို့မှာ ဒီကနေ့မနက်ပဲ အောင်အောင်မြင်မြင်နဲ့ စတင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီညီလာခံမှာ တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ကိုယ်စားတွေအားလုံး ပါဝင်တက်ရောက်လာတယ် လို့လည်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ မင်းနှောင်ထောက ပြောပါတယ်။

“ ၂၆ ဖွဲ့လာတယ်။ ပျမ်းမျှကတော့ ကျနော်တို့ ၇၀၀ ဝန်းကျင်ပေါ့နော်။ နောက် ဒေသခံတွေလာတာက အများကြီးပဲ။ ဒေသခံတွေ အယောက် ၁၅၀-၂၀၀ နီးပါးလောက်လာတယ်။”

လူငယ်ညီလာခံကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ ဒုဥက္ကဌ စပ်ခမ်းပိုင်ဖ၊ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ဦးခွန်ဥက္ကာတို့နဲ့အတူ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီ က ခေါင်းဆောင်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့မနက်မှာ ညီလာခံ အခမ်းအနားဖွင့်ပွဲနဲ့ မိတ်ဆက်ပွဲ အစီအစဉ်တွေကျင်းပပြီးတဲ့နောက်မှာ ၂၁ပင်လုံညီလာခံနဲ့ လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ၊ နိုင်ငံတော်တည်ဆောက်ရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေး ခဲ့ကြပါတယ်။

ဒီညီလာခံအတွင်းမှာ ဆက်လက်ဆွေးနွေးကြမယ့်အကြောင်းအရာတွေကို ကိုမင်းနှောင်ထောက အခုလို ပြောပါတယ်။

“ကျနော်တို့ Agenda အရတော့ ဒီနေ့ကတော့ ဖွင့်ပွဲ၊ နောက်တနေ့ကတော့ ဒေါ်ခင်လှလှမျိုးတို့ ၊ဦးခွန်ဥက္ကာတို့ ၊ ဆလိုင်းလျန်မွန်းစခေါင်တို့ လာမယ်ပေါ့နော်။ ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို သူတု့ိနဲ့ Panel ပုံစံမျိုးဆွေးနွေးသွားမယ်ပေါ့နော်။ နောက်တနေ့ကျတော့မှ ကျနော်တို့က တိုင်းရင်းသားလူမျိုးအလိုက် စာတမ်းတွေ ဖတ်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ တူညီအချက်အလက်တွေကို ရှာဖွေပြီးတော့မှ Program တွေဘာတွေလုပ်မယ်ပေါ့။ ပြီးလို့ရှိရင် အဲဒါတွေကို Problem Solution ကဘာလဲ အဲဒါတွေကို ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာတွေကို ဝိုင်းပြီးတော့မှ Future planning တွေအစ ကျနော်တို့ဆွဲသွားမယ်ပေါ့ဟုတ်ကဲ့။”

ညီလာခံက ရရှိလာတဲ့အချက်အလက်တွေ၊ ဆွေးနွေးချက်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံမှာ တင်ပြသွားဖို့လည်းရှိနေပါတယ်။

ညီလာခံကိုတက်ရောက်လာတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်က လက်ရှိကျင်းပနေတဲ့ ညီလာခံအပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဒီပင်လုံဆိုတာ အထင်ကရ မြို့ကြီးပါပဲ။ လွန်ခဲ့တဲ့ ၆၉ နှစ် ကျော်ကပေါ့နော် ဒီနေရာမှာ လွတ်လပ်ရေးမတိုင်ခင် တောင်တန်းနဲ့မြေပြန့်ဘယ်လိုပူးပေါင်းပြီးမှ ကျနော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံကြီးကို တည်ဆောက်ကြမလဲဆိုတဲ့ သဘောတူညီချက် ရယူခဲ့တာကို အဲဒီမှာ ပင်လုံရဲ့စိတ်ဓါတ်နဲ့ ပင်လုံရဲ့ သံန္နိဌာန်တွေရှိမှာပေါ့ အခုလာတဲ့လူငယ်လေးတွေလေ။ တိုင်းရင်းသားလူမျိုးတော်တော်စုံတယ်ဗျ။ ဆိုတော့ ဒီပင်လုံမှာဆုံတာကိုက လူငယ်လေးတွေရဲ့ ပြည်ထောင်စုဆိုတဲ့ ကျနော်တို့အားလုံးသွားချင်တဲ့ တန်းတူအခွင့်အရေးပါတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကြီးကို ဘယ်လောက်အထိ သွားလိုကြသလဲဆိုတာကို သူတို့ဘက်က ပြတာပေါ့။ ကျနော်တို့ရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးတခုကို ရအောင်ယူပြီးမှ ပြည်တွင်းငြိမ်းချမ်းမူကို ယူစေချင်တဲ့သဘောပါ။”

ဒီညီလာခံကို မကျင်းပမီ တရက်အလိုကတော့ ညီလာခံကို ဆိုင်းငံ့ဖို့အတွက် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်တွေက ညီလာခံကျင်းပခွင့်ရရေးအတွက် ပြည်နယ်အစိုးရဆီကို စာရေးသားတင်ပြခဲ့သလို ခရီးလွန်နေတဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တယ်လီဖုန်းက တဆင့်ဆွေးနွေးပြီးတဲ့နောက်မှာ ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG