သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်ထိုးရေး လက်တွေ့က ျတဲ့ အာမခံချက်ရှိဖို့ တိုင်းရင်းသားတွေတောင်းဆို


NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့ခေါင်းဆောင်တချို့ ဒေါ်ေ အာင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် (၂၀၁၆)
NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့ခေါင်းဆောင်တချို့ ဒေါ်ေ အာင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ် (၂၀၁၆)

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးဖို့ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်ပြီး အာမခံချက် ရှိမယ့်ပုံစံမျိုး ရှိမှသာ NCA ကိုလက်မှတ်ထိုးဖို့ ဖြစ်နိုင်ကြောင်း NCA မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ပြောကြားလိုက်ပါတယ်။ NCA လက်မှတ်မထိုးရသေးအဖွဲ့တွေ သတ္တိရှိရှိ လက်မှတ်ထိုး လိုက်ကြပါလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြည်ထောင်စုနေ့မှာ တိုက်တွန်းခဲ့ပြီးနောက် အခုလိုတုန့်ပြန်လိုက်ကြတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့အဖွဲ့တွေအနေနဲ့ သတ္တိရှိရှိ ယုံကြည်မှု အပြည့်နဲ့ လက်မှတ်ထိုး လိုက်ကြပါလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ေ အာင်ဆန်းစုကြည်က မကြာသေးမီ ပင်လုံမြို့မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ပွဲမှာ အခုလို တိုက်တွန်းခဲ့ ပါတယ်။

“ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသား အစုအဖွဲ့တွေ ကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ လက်မှတ်ထိုး လိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ”

ထိုင်းနိုင်ငံအခြေစိုက် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အဖွဲ့ဝင် အတော်များများက NCA ကိုလက်မှတ်ထိုးဖို့ ကျန်နေကြတာပါ။ ဒေါ်အောင်ဆန်း စုကြည် တိုက်တွန်းသလိုမျိုး NCA ကိုလက်မှတ် ထိုးဖို့ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်ပြီး အာမခံချက်ရှိမယ့် ပုံစံမျိုး မှသာ လက်မှတ်ထိုးနိုင်မှာ ဖြစ်တယ်လို့ UNFC ဒုဥက္ကဌ နိုင် ဟံသာက တုန့်ပြန်ပါတယ်။

“ လက်မှတ်ထိုးဖို့ ဆိုတဲ့ဟာက ဖြစ်သင့်ဖြစ်ထိုက်၊ ကိုယ်လက်ခံနိုင်တဲ့ အနေအထားမျိုး ရှိမယ်ဆိုရင်တော့ ဒါ .. လက်မှတ်ထိုးတာကတော့ ပြဿာနာ မဟုတ်ဘူးလေ။ ကိုယ်လို ချင်တဲ့ပုံစံ ဒါမှမဟုတ် ကိုယ်လက်ခံနိုင်တဲ့ပုံစံ၊ ကိုယ် စိတ်ချနိုင်တဲ့ အခြေအနေမျိုး မရှိပဲ နဲ့တော့ ဘယ်လိုလုပ် လက်မှတ်ထိုးမလဲဗျ ”

NCA ကိုလက်မှတ်ထိုးနိုင်ဖို့ လက်တွေ့ကျတဲ့အချက် ၉ ချက်ကို UNFC ဖက်က တင်ပြ ထားပြီး အဲဒီထဲမှာအားလုံး ပါဝင်နိုင်ရေးနဲ့ အစိုးရ - တပ်မတော်- တိုင်းရင်းသား လက်နက် ကိုင်တွေပါတဲ့ ၃ပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ဖို့ တိုင်းရင်းသားတွေဖက်က လိုလားနေတာပါ။ ဒါပေမယ့် အဲဒီအချက် ၉ ချက်ကို တပ်မတော်ဖက်ကရော အစိုးရဖက်ကပါ ပြန်လည်ေ ဆွးနွေးတာမျိုး တုန့်ပြန်တာမျိုး ခုထိ မရှိသေးဘူးလို့ UNFC ကပြောပါတယ်။ NCA ကို လက်မှတ်ထိုးပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်လာတာမျိုးကိုလည်း မလိုလားဘူးလို့ နိုင်ဟံသာက ထောက်ပြပါတယ်။

“ ကျနော်တို့ တောင်းဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် အဖွဲ့အားလုံး ပါဝင်နိုင်ရေး၊ အချို့အဖွဲ့ကို ချန်ထားပြီးတော့မှ သူတို့ကို တိုက်နေတဲ့ပုံစံမျိုး မဖြစ်ဖို့ လိုတယ်။ နိုင်ငံရေး စကားပြောမယ်ဆိုရင် ကျနော်တို့အမြဲတမ်း ပြောထားတဲ့ ၃ပွင့်ဆိုင် ပုံစံမျိုးနဲ့မှ တရားမျှတတဲ့ ပုံစံမျိုး ဖြစ်မယ်။ နောက်တခုက အခုကတော့ အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတော့ NCA ထိုးပြီးတော့မှ RCSS (ရှမ်းတောင်ပိုင်းတပ်)မှာ တိုက်ပွဲတွေ ပြန် ဖြစ်နေတယ်။ အစိုးရဖက်က နည်းနည်းဝင်တိုက်တဲ့ သဘောပေါ့ဗျာ။ အဲသလို မဖြစ်အောင် ကျနော်တို့ကတော့ အာမခံချက် ရှိတဲ့ပုံစံမျိုးကို ကျနော်တို့ လိုချင်တယ် ”

တဖက်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကို NCA လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ဆက်လက် ကျင်းပသွားဖို့ NLD အစိုးရက လုပ်ဆောင်နေပြီး NCA စာချုပ်မှာ နောက်ထပ် လက်မှတ်ထိုးမယ့်အဖွဲ့တွေကို ပင်လုံညီလာခံမှာ ပါဝင်ခွင့်ပေး သွားမယ့်သဘော ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစု ကြည်ပြောတဲ့ NCA ကိုလက်မှတ်ထိုးပြီး ၂၁ ရာစု ပင်လုံညီလာ ခံမှာ ရှေ့ဆက်ပါဝင်ကြဖို့ဆိုတဲ့ တိုက်တွန်းချက်ဟာ လက်တွေ့နဲ့ ကွာဟနေ တယ်လို့ မြင်ကြောင်း အစိုးရတပ်တွေနဲ့ အခုချိန်ထိ တိုက်ပွဲဖြစ်နေတဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး တာအိုက်ကျော်က သုံးသပ်ပါတယ်။

“ လက်တွေ့နဲ့ ကွာဟနေတယ်လို့တော့ ကျနော်တို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူပြောတာက NCA ကိုဝင်ထိုးပါ၊ သဘောကတော့ NCA ကို ဘာမှမလိုပဲနဲ့ ချက်ချင်းထိုး ရတဲ့ သဘောဖြစ်သွားတယ်။ ဒါပေမယ့် NCA ပေါ်မှာ ဒီ EAO (Ethnic Armed Organizations) တိုင်းရင်းသား တပ်ဖွဲ့တွေဖက်က စုပေါင်းပြီးတော့မှ အချက် ၉ချက်ကိုေ တာင်းဆိုတယ်။ ခုထိ ဘာမှ ညှိနှိုင်းလို့မရသေးဘူး ”

NLD အစိုးရရဲ့ရွေးကောက်ပွဲကတိထဲမှာ ငြိမ်းချမ်းရေးရအောင် လုပ်သွားဖို့နဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရေးတွေပါဝင်တာပါ။ ဖယ်ဒရယ်ကို အခြေ ခံတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ဆိုရင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးယူပြီး သူတို့ပါဝင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့လိုတယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြ ထားပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ တပ်မတော်ရဲ့ရပ်တည်ချက်အပေါ် မလွန်ဆန်နိုင်ပဲဖြစ် နေတာမြင် မိကြောင်း UNFC နိုင်ဟံသာက သုံးသပ်ပါတယ်။

“ သဘောကတော့ ကျနော်တို့ကို ဖိတ်ခေါ် ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့မှ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ဝိုင်းတွန်းလှန်မယ်ဆိုတဲ့ပုံစံမျိုး .. အဲလို သဘောထားမျိုးတော့ ကျနော်တို့ မမြင်ရဘူးဗျ။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လေ .. စစ်တပ်ရဲ့နောက်ကိုပဲ လိုက်နေသလိုမျိုးတောင် ကျနော်တို့မြင်တယ် ”

၂၀၁၆ သြဂုတ်လကုန်မှာ ကျင်းပခဲ့ဖူးတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို အခု ဖေဖေါ်ဝါရီ လကုန် ၂၈ ရက်နေ့မှာ ဒုတိယအသုတ်အဖြစ် ထပ်မံကျင်းပဖို့ အစိုးရက ပြင်ဆင်ခဲ့ပေမယ့်၊ NCA မှာ လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဟာ သူတို့ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရခဲ့ပဲ ဒီရက်ပိုင်းအတွင်းမှ စတင်ဆွေးနွေးကျင်းပခွင့်ရတာကြောင့် ဒီလိုဆွေးနွေးချက်တွေကို ၂၁ ပင်လုံ ညီလာခံမှာ တင်ပြရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိထားတာကြောင့် ဒုတိယအသုတ် ၂၁ ရာစု ပင်လုံညီလာခံကို ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်၂၁ ဖွဲ့ရှိပြီး၊ ဦးသိန်းစိန်အစိုးရ လက်ထက် တုန်းက အချက် ၃၁ ချက်ပါတဲ့ တနိုင်ငံလုံးအပစ်ရပ် NCA စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၇ ဖွဲ့ ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် လက်တွေ့ မှာတော့ KNU ကရင်နဲ့ RCSS ရှမ်းတောင်ပိုင်းတပ်တွေ အပါအဝင် အဖွဲ့ ၈ ဖွဲ့ထဲသာ လက်မှတ်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG