သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအခြေအနေ


အောက်တိုဘာလ (၁၈)ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ "နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး" (သတင်းဓာတ်ပုံ- ဦးလှမောင်ရွှေ)
အောက်တိုဘာလ (၁၈)ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ "နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး" (သတင်းဓာတ်ပုံ- ဦးလှမောင်ရွှေ)

မနေ့ သောကြာနေ့က သဘောတူညီမှုရခဲ့တဲ့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေနဲ့ NLD အစိုးရ ကြား နိုင်ငံရေးဆွေး နွေးပွဲတွေ စတင်ဖို့ အခြေခံမူဘောင်နဲ့ လုပ်ငန်းစဉ်တွေ ကို အောက်တိုဘာလ (၂၈)ရက်နေ့မှာ တရားဝင်ပြဌာန်းမယ့် အခမ်းအနား ကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိပါတယ်။ တချိန်တည်းမှာပဲ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အရှိန်မြင့်လုပ်ဆောင်နေချိန်မှာ မြန်မာ့ တပ်မတော်ဘက်က ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဖန်တီးတာမျိုးတွေ မလုပ်ဖို့ ၂၁ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေး တာဝန်ရှိသူတွေဘက်ကလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ရန်ကုန်မြို့မှာ ၄ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအရ NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြဌာန်းထားချက်နဲ့အညီ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့်နိုဝင်ဘာလ အတွင်း စတင် ကျင်းပဖို့ နှစ်ဘက်တာဝန်ရှိသူတွေဘက်က သဘောတူ ညီခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဆွေးနွေးပွဲတွေမှာ UNFC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်ပေါင်းစုလို NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ တရားဝင် ပါဝင်ဆွေးနွေးခွင့်ရမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်နေသူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလိုပြောပါတယ်။

" အခုသွားနေတဲ့ အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က NCA စာချုပ်အပေါ်မှာပဲ အခြေပြုထားတယ်။ အခြေပြုထားတဲ့အခါကျတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမျိုးသားအဆင့်တိုင်းနဲ့ပြည်နယ်က ဆွေးနွေးပွဲတွေရော အကုန်လုံးက NCA စာချုပ် လက်မှတ်ထိုးမှသာလျှင် တက်ရောက်ခွင့်ရှိတယ်ဆိုတော့ အခု အဖွဲ့အစည်း အတော်များများက လက်မှတ်ထိုးမထားတဲ့အတွက် အဲ့ဒီ့အဆင့်မှာ အခုထက်ထိကို အဖြေက တိတိကျကျ မရသေးဘူး။ ဒါကြောင့် အခုသူတို့ညှိနေကြတယ်။ ရှေ့လာမယ့် လဆန်းတွေမှာလည်း သူတို့တွေ့ကြဦးမယ်။ တွေ့ပြီးတော့မှ အခုတခါ ဘာပြန်ဖြစ်လာသလဲ ဆိုရင် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ဆိုတာပဲ ပြန်ပြီးတော့မှ တပတ်ပြန်လည်ပြီးတော့ ရောက်လာတယ်။ အဲ့တော့ အဲ့လိုလက်မှတ်မထိုးနိုင်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်းရေး ခရီးစဉ်က ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ဦးမှာ မဟုတ်သေးဘူးလို့ ထင်တယ်။"

အောက်တိုဘာလ (၁၈)ရက်နေ့ကနေ (၂၁)ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကိုတော့ကချင်လွတ်မြောက်ရေးတပ်မတော် KIO အပါအဝင် NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါဟာ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသ တာဖြစ်တယ်လို့ ၂၁ရာစုပင်လုံ ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် ဒေါက်တာ ဆလိုင်း လျန်းမုန်းက ကြာသာပတေးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

" အခုလည်း ကျနော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားမှာ DPN( Delegation for Political Negotiation) ခေါင်းဆောင်တွေ အဖွဲ့လိုက်လာပြီးတော့ ဒီမှာ အစည်းအဝေး လာတက်ပါတယ်။ ဒီလို အစည်းအဝေး လာတက်တယ်ဆိုတာကိုကြည့်ရင် ဘာကိုပြသလဲဆိုတော့ သူတို့လည်းပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါချင်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်မှပဲ အောင်မြင်မယ်။ နှစ်၆၀ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် ကျနော်တို့ အားလုံးဝိုင်းပြီး လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ဟာကို သူတို့လာပြီးတော့ သက်သေပြတာပဲဖြစ်ပါတယ်။

တဆက်တည်း တိုင်းရင်းသားဒေသတွေမှာ မြန်မာတပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်စဲသင့်ကြောင်း သူက အခုလို တိုက်တွန်းခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ဖြစ်နိုင်လို့ရှိရင်ကတော့ DPN ( Delegation for Political Negotiation) ဘက်နဲ့ အစိုးရဘက် ဆွေးနွေးချက်တွေက အခြေအနေကောင်းပြီးတော့ သူတို့အားလုံး ပါတဲ့အခါမှာ ကျနော်တို့အားလုံးပြိုင်တူ တနိုင်ငံလုံးမှာ စနိုင်တဲ့အနေအထားမျိုးကို ကျနော်တို့မြင်ချင်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း လက်မှတ်ထိုးပြီးတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် မှာ အားလုံးပါဝင်နိုင်ရေး ကိစ္စကို ကျနော်တို့အနေနဲ့ ကြိုးစားနေပါတယ်။ တဖက်မှာလည်း ကျနော်တို့အနေနဲ့ တပ်မတော်ဘက် ကို တောင်းဆို ချင်တာက ဒီလိုကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ဒီလိုတိုက်ပွဲတွေ ကျနော်တို့ တိုင်းရင်းသားဒေသမှာ ထိုးစစ်ဆင်ပြီးတော့ တိုက်ပွဲတွေ ဖန်တီးနေတဲ့ဟာကတော့ ရပ်တန်းက ရပ်ပေးဖို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။"

သိပ်မကြာခင်ကာလမှာ ဘယ်သူတွေက ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုတာ ပြည်သူတွေ မြင်တွေ့ကြရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း တနှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဆိုခဲ့တာပါ။

မကြာခင်စတင်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ အမျိုးသားအဆင့်နဲ့ ပြည်ထောင်စုအဆင့် ဆိုပြီးရှိမှာဖြစ်သလို စစ်ရေးနဲ့ ဘာသာရေးစတဲ့ အရေးပါတဲ့ ကိစ္စရပ်တွေကို ပြည်ထောင်စုအဆင့်မှာသာ ဆွေးနွေးမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ် (၁၅)ခုမှာ နိုဝင်ဘာလမှာ စတင်ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအဆင့်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG