သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ခေါင်းဆောင် ၄ ယောက် ရွေးကောက်ပွဲဝင်ဖို့ အသနားခံစာ တင်ရမည်


ရွေးကောက်ပွဲလုပ်ရင် ဝင်ပြိုင်ကြမယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခေါင်းဆောင်တချို့ကို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်ရင် ကော်မရှင်မှာ အသနားခံစာ တင်ပါလို့ သက်ဆိုင်ရာက အကြောင်းကြားထားပါတယ်။ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး စတဲ့ NDF ခေါင်းဆောင်တချို့ဟာ အရင်တုန်းက နိုင်ငံတော် ပုန်ကန်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့ဖူးသူတွေ ဖြစ်လို့ အခုလို ခွင့်ပြုချက် ရယူဖို့ လိုတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးတင်အောင်အောင်နဲ့ ဦးသာဆိုင်တို့ ၄ ဦးဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း စင်ပြိုင်အစိုးရဖွဲ့ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက် အပါအဝင် တခြားပုဒ်မတွေနဲ့ နိုင်ငံတော် ပုန်ကန်မှုအဖြစ် နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့ကြတဲ့ သူတွေပါ။ ဒီလိုပုဂ္ဂိုလ်တွေအတွက် နောက်တကြိမ် ရွေးကောက်ပွဲဝင်ရေး ကိစ္စမှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်တင်မက အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ပါ ရမှ ဖြစ်မယ်ဆိုလို့ ဦးခင်မောင်ဆွေတို့ ၄ ဦးက ကော်မရှင် ဥက္ကဋ္ဌဆီ အသနားခံစာတင်ဖို့ စီစဉ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အဖွဲ့က NDF ခေါင်းဆောင်တွေကို ခေါ်ပြီး ပြောဆိုတဲ့အကြောင်း ဦးခင်မောင်ဆွေက ရှင်းပြပါတယ်။

“ကျနော်တို့ဟာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးမှာ အဖမ်းခံရတယ်ပေါ့ဗျာ။ ကျန်ခဲ့တဲ့ ၂၅ နှစ်ကြားမှာ ကျခံခဲ့ကြရတယ်လေ။ ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၄ ပေါ့။ နိုင်ငံတော် သစ္စာဖောက်မှု ခေါ်မလား၊ ပုန်ကန်မှု ခေါ်မလားပေါ့ဗျာ။ အဲဒီပုဒ်မတွေအရ ကျနော်တို့ ကျခံရတဲ့အတွက် ပြစ်ဒဏ်တွေက ကြီးလေးတယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တဲ့အတွက် ရာသက်ပန် ရွေးကောက်ပွဲ မဝင်ရဘူးဆိုပြီး ဟိုတုန်းကတည်းက ကျနော်တို့ကို အသိပေးထားတာ ရှိပါတယ်။

“အဲဒါ အခု ပါတီမှတ်ပုံတင် ကျပြီးနောက်ပိုင်းမှာ ဒီကိစ္စကို ကော်မရှင်က သွားပြီး တွေ့တယ် ဆိုပါတော့ဗျာ။ တွေ့တော့ ကျနော်တို့ကို ခေါ်ပြောတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ဝင်မယ်ဆိုရင် ဥက္ကဋ္ဌဆီကို လိပ်မူပြီး ဒီ ၄ ယောက်က စာတင်ဖို့၊ ဝင်ချင်ပါတယ်ပေါ့ဗျာ၊ ဝင်ခွင့်ပြုဖို့။”

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအထိ တင်ရမှာပေါ့။

“ဥက္ကဋ္ဌကို လိပ်မူပြီး တင်ရမယ်။”

အခု တင်လိုက်ပြီလားခင်ဗျ။

“မတင်ရသေးပါဘူး။ တင်မယ့်ပုဂ္ဂိုလ်များကတော့ ပြင်ဆင်နေပြီပေါ့ဗျာ။ ရှေ့နေတွေနဲ့ ကျနော်တို့ စာကြမ်းရေးဖို့ တိုင်ပင်နေကြတာ။ တကယ်လို့ ကျနော်တို့က ရွေးကောက်ပွဲ ဝင်ချင်တယ် ဆိုရင်တော့ ဒီကိစ္စကို မြန်မြန်လေး တင်ပါလို့ ဆိုတဲ့သဘောတော့ ပါတယ်ဗျ၊ ပြောတဲ့အထဲမှာ။ ကော်မရှင်က သူတို့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စိစစ်ပြီးရင် သူကတဆင့် အထက်ကို တင်ရမယ်လို့ ပြောတာပဲလေ။ ဘယ်အထက်လဲတော့ မသိဘူး။”

အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီကို အသနားခံစာ တင်ကြရမယ့် ဦးခင်မောင်ဆွေတို့ ၄ ဦး ပါဝင်တဲ့ NDF ပါတီကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားခဲ့တာပါ။ အခုကျမှ ရွေးကောက်ပွဲ ဝင်ပြိုင်ချင်ရင် ခွင့်ပြုချက် ယူရမယ်လို့ ဆိုပြန်တာကြောင့် ဒါဟာ ဘာသဘောလို့ ထင်သလဲလို့ ဦးခင်မောင်ဆွေကို မေးကြည့်ပါတယ်။

“အဲဒါ မှန်းလို့မရဘူးဗျ။ ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင်က သူတို့အနေနဲ့ ကိုင်တွယ်နိုင်တဲ့ပုံ ရှိပုံမပေါ်ဘူး။ မပေါ်တော့ ကျနော်တို့အနေနဲ့ ဒါကို မှန်းဖို့ဆိုတာ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးချင်လို့လား၊ မပေးချင်ဘူးလားဆိုတာ အာဏာပိုင်တွေမှပဲ သိမှာပဲ။”

တကယ်လို့များ ဆရာတို့ကို ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် မရှိဘူးလို့ အာဏာပိုင်တွေဘက်က ရွေးကောက်ပွဲ ကော်မရှင်က ပြောလာခဲ့မယ် ဆိုရင်ရော ဆရာတို့ ဘာဆက်လုပ်ကြမလဲ ခင်ဗျ။

“ဝင်လို့မရဘူးဆိုရင် မဝင်ရုံဘဲ ရှိမှာပေါ့။ ဒါပေမဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးမှာတော့ ဒါ နစ်နာချက် ရှိတာပေါ့ဗျာ။ လွန်ခဲ့တဲ့ နှစ် ၂၀ ပေးထားတဲ့ အမှုဟာ ကျခံခဲ့ပြီးပြီ။ ထောင်သက်တမ်းလည်း ကျနော်တို့ အပြည့်၊ လျှော့ရက်မရှိ နေခဲ့ပြီးပြီ။ ပြီးတဲ့အပြင် အခု ထပ်ပြီးတော့ အနှစ် ၂၀ ကျော် ကြာတဲ့အခါ မဝင်ရဘူး ဆိုတော့၊ တကယ်လို့ မဝင်ရဘူးသာ ဆုံးဖြတ်တယ်ဆိုရင် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ အားလုံးပါဝင်ခွင့် ရှိသင့်တယ်ဆိုတဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ ကိစ္စတွေ အပေါ်မှာတော့ သွားပြီး ဆန့်ကျင်ဘက်အကျိုး သက်ရောက်တာပေါ့ဗျာ။ နိုင်ငံသား အခွင့်အရေးကို အပြည့်အ၀ မရနိုင်ဘူး ဆိုတဲ့ဟာ ပေါ်လွင်တာပေါ့။”

ရွေးကောက်ပွဲဝင်ရေး အသနားခံစာ တင်ကြရမယ့် ဦးခင်မောင်ဆွေတို့ ၄ ဦးဟာ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ရွေးကောက်ခံခဲ့ကြရတဲ့ သူတွေပါ။ လက်ရှိ သူတို့ခေါင်းဆောင်တဲ့ NDF ပါတီဟာ ဆိုရင်လည်း NLD ပါတီဝင်ဟောင်းတွေ အများစုနဲ့ပဲ ဖွဲ့စည်းထားတာပါ။

သြဂုတ်လ ၁ ရက် မနေ့တုန်းကပဲ ရန်ကုန်မြို့မှာ သူတို့ပါတီရဲ့ ရုံးချုပ်ကို တရားဝင် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ အခက်အခဲတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ် ဆိုပေမဲ့လည်း NDF ပါတီကတော့ ရှေ့ကို ဆက်သွားနေမယ်၊ ဒီမိုကရေစီအတွက် ရတဲ့နည်းနဲ့ ရှိတဲ့အင်အားကို သုံးပြီး ရွေးကောက်ပွဲကို ဝင်ပြိုင်ကြဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG