သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF စည်းရုံးတာ NLD နှောင့်ယှက်သလား


အရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင်ဟောင်းတချို့ ထူထောင်ထားတဲ့ NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဟာ ဇွန်လ ၁၅ ရက်နေ့ကပဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း တဘက်မှာတော့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အရင် NLD အဖွဲ့ဝင်ဟောင်းတွေနဲ့ နိုင်ငံရေး အယူအဆ မတူညီတဲ့ ပြဿနာတွေလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို သိနိုင်အောင် NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေနဲ့ အရင် NLD ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်တို့ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဦးခင်မောင်ဆွေတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရသွားပြီလို့ ကြားရပါတယ်။

“မှတ်ပုံတင်ခွင့်ပေးဖို့ ကျနော်တို့ တင်တာကတော့ မေလ ၂၇ ရက်နေ့က စတင်ထားတာပါ။ ကျတာက ဇွန်လ ၁၅ ရက်နေ့မှ ကျတယ်ဆိုတော့ နှစ်ပတ်ကျော်သွားပြီဗျ။ အဲဒီတော့ ကျနော်လည်း အစကတော့ သံသယတော့ ရှိတာပေါ့ဗျာ။ မှတ်ပုံတင်ခွင့် မပေးဘူးတောင် ထင်နေတာ။”

NLD ပါတီဝင်ဟောင်းတွေနဲ့ ဆရာတို့ကြားမှာ ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စကရော ဟုတ်ပါသလားခင်ဗျ။

“အခုဟာတော့ ဘာဖြစ်နေလဲဆိုတော့ နယ်တွေမှာ တချို့ကလည်း လာပြိုင်မယ့် ပါတီတွေကို ကြောက်နေရတာ ရှိသလို NLD အဟောင်းတွေက လိုက်ပြီးတော့ ကျနော်တို့ကို ဖျက်နေတဲ့ဟာတွေလည်း ရှိတယ်။ မိုးကုတ်ဆို အင်မတန် အားကောင်းတဲ့နေရာပေါ့။ NDF ကို အပြည့်အ၀ ထောက်ခံတဲ့ NLD အဟောင်းတွေကို NLD အဖွဲ့ချုပ် ခေါင်းဆောင်အချို့က လိုက်ပြီးတော့ တားဆီးနေတယ်လို့ သတင်းတွေ ဝင်လာပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်ကိုလည်း NLD လူငယ်အဖွဲ့ဝင် တချို့က သွားပြီးတော့ ကျနော်တို့နဲ့ မပတ်သက်ဖို့ ပြောတယ်လို့ သတင်းတွေ ဝင်လာပါတယ်။

“အဲတော့ ကျနော်တို့က ဒီမိုကရေစီ အင်အားစု အချင်းချင်းမှာ ဒီလို လိုက်ကန့်တဲ့ အတွက်ကြောင့် အလုပ်လုပ်ရတာ တော်တော်တော့ ခက်တယ်ဗျ။ ပါတီမှတ်ပုံတင် ကျပြီးရင်တော့ ရဲရဲတင်းတင်း ကျနော်တို့ ဆင်းသွားမှာပါ။”

ဆရာတို့ကို ကန့်ကွက်နေတဲ့ NLD အင်အားစုတွေကို ဆရာတို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

“ကျနော်တို့ကတော့ ကိုယ့်လမ်း ကိုယ်လျှောက်စေချင်တာပေါ့။ သူတို့ ပါတီ Registration မလုပ်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး။ ဒါ သူတို့ ဆုံးဖြတ်ချက်၊ ကျနော်လည်း ပါခဲ့တာပဲလေ။ ပါတီ Registration ထပ်မလုပ်ဘူးဆိုတာ NLD ရဲ့ ဂုဏ်သိက္ခာ၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်မပေးတဲ့အတွက် ဒါအတွက် မှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး ဆိုရင်လည်း ကျနော်တို့ ကန့်ကွက်ခြင်း လုံး၀ မရှိခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက။

“အဲဒီ ဆုံးဖြတ်ချက် ချတဲ့နေ့တုန်းက ပါတီအသစ် မထောင်ရဘူးလို့ ဆုံးဖြတ်ချက်ထဲမှာ မပါပါဘူး။ ပါတီသစ်ထောင်ပြီး လုပ်ခွင့်မရှိဘူးလို့လည်း ဆုံးဖြတ်ထားခြင်း မရှိဘဲနဲ့ အခု လိုက်ပြီး ကန့်ကွက်တာဟာ ကျနော့်အနေနဲ့တော့ အချင်းချင်းမှာ ရန်သူ မဖြစ်သင့်ဘူး၊ ဒီမိုကရေစီကို သွားတဲ့အခါမှာ သွားသာသွားကြ၊ လမ်းကြောင်း ကွာချင်တာ ကွာမယ်၊ ပန်းတိုင်ကတော့ အတူတူပဲ၊ ရွေးချယ်တဲ့လမ်းကြောင်း ကွာတဲ့အပေါ်မှာတော့ လိုက်ပြီးတော့ အနှောင့်အယှက် ပေးတာမျိုးဟာ နအဖကို ဝမ်းသာစေတာပေါ့ဗျာ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဝမ်းသာစေတာပေါ့။ မလုပ်အပ်ဘူးလို့ ကျနော်တို့က ယူဆပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က ပြန်ပြီးတော့ တားနေတဲ့ ပုဂ္ဂိုလ်များ၊ ရဲဘော်များ၊ မိတ်ဆွေဟောင်းများကို ဆန့်ကျင်သွားမှာလည်း မဟုတ်ပါဘူး၊ အပြစ်တင်မှာလည်း မဟုတ်ပါဘူး။ NLD ကိုလည်း တိုက်ခိုက်မှာ မဟုတ်ပါဘူး။”

ဒီပြဿနာက ဆရာတို့ လူကြီးချင်း NLD ရဲ့ ခေါင်းဆောင်ပိုင်းကို ညှိနှိုင်းလိုက်ရင်ရော မပြေလည်နိုင်ဘူးလားခင်ဗျ။

“ကျနော်တို့ကို သူတို့က အဖက်မလုပ်ပါဘူး။ အဲတော့ ညှိနှိုင်းဖို့ဆိုတော တော်တော်ကြီးကို ခက်ပါတယ်။ ကျနော်တို့ကို စကားပြောချင်တဲ့ အနေအထားတောင်မှ မရှိဘူးလို့ သိရှိထားရပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ခေါင်းဆောင်ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ NLD ပါတီဝင်ဟောင်းတွေက NDF အဖွဲ့ဝင်တွေကို အနှောင့်အယှက် ပေးတဲ့ကိစ္စ ဟုတ်မဟုတ်ဆိုတာ သိရအောင် NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“မန္တလေးတိုင်းထဲက မြို့နယ်တချို့က လုပ်ဖော်ကိုင်ဘက်တွေနဲ့ ကျနော် တွေ့ပြီးပါပြီ။ ကျနော်တို့ ဒီမှာ သိထားတာကတော့ NDF ပါတီက စည်းရုံးတဲ့ ပုဂ္ဂိုလ်တွေက ကျနော်တို့ မြို့နယ်တွေက တချို့ပုဂ္ဂိုလ်တွေကို NLD ပါတီဆိုတာ မရှိတော့ဘူး၊ ပျက်ပြယ်သွားပြီ၊ ဒါကြောင့်မို့ သူတို့က နိုင်ငံရေးကို ဆက်ပြီး မှတ်ပုံတင်ရတာ ဖြစ်တယ်။ အဲဒီလိုဟာတွေ လျှောက်ပြောပြီးတော့ပဲ NLD ရဲ့ အဖွဲ့ခွဲ ဖြစ်သလိုလို၊ သူတို့နဲ့ NLD နဲ့ အတူတူပဲ ဖြစ်သလိုလို အဲဒါမျိုးတွေ လျှောက်ပြောနေတယ်ဆိုတာ အဖွဲ့ဝင်တွေက ကျနော့်ကို မေးတာမြန်းတာတွေ ရှိပါတယ်။ ခြိမ်းခြောက်တယ် ဘာညာဆိုတာ ကျနော်တို့ ရဲဘော်တွေ မရှိပါဘူး။ ကျနော်တို့မှာ အဲဒီစိတ်ဓာတ်လည်း မရှိပါဘူး။ ကျနော်တို့မှာ ဘယ်သူ့ကိုမှ အနှောင့်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး။ လုပ်လည်း လုပ်ခြင်း မရှိပါဘူး။”

အရင် NLD ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောသွားတာ ဖြစ်ပါတယ်။

NLD က ခွဲထွက်သွားတဲ့ ဦးခင်မောင်ဆွေတို့ရဲ့ NDF ပါတီဟာ လောလောဆယ် အခြေအနေမှာ ပါတီရန်ပုံငွေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေလည်း ကြုံနေရပါတယ်။ ဒါပေမဲ့လည်း တရားဝင်ပါတီ ထူထောင်ခွင့် ရပြီးရင်တော့ ငွေအား၊ လူအား ထောက်ခံမှုတွေ ပိုရလာဖို့ ရှိတယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။ အဲဒီ ထပ်ရလာမယ်ဆိုတဲ့ အင်အားတွေထဲမှာ အရင် NLD ပါတီဝင်ဟောင်းတွေလည်း အများအပြား ပါလာလိမ့်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG